Saturday, July 31, 2010

တိုတို နဲ့ ကိုယ်


မနေ့က 'တိုတို'ကြောင့် အတော်စိတ်ညစ်သွားတယ်။ (ရွံတတ်ရင် မဖတ်နဲ့နော်) 'တိုတို'ဆိုတာ Washlet အမည်ပါ။ ဂျပန်မှာ Washlet ဆို 'တိုတို'လို့ ပြောလို့ရတယ်။ 'တိုတို' Washlet က အနွေးပေး system ပါတဲ့ electric toilet seat ပါ။ အဲဒီ washlet အမျိုးအစားကို စတီထွင်တုန်းကတော့ မသန်စွမ်းသူတွေ အတွက်ရည်ရွယ်တာပါတဲ့။ ရေဆွဲချတဲ့ဘားကို အနောက်မှာမဟုတ်ဘဲ ခြေထောက်ချတဲ့ နောက်နားမှာ နင်းလို့ရအောင် ခလုပ်ထားထားပေးတာ။ အဲဒီကနေ လူကြိုက်များလာပြီး တီထွင်ရင်း ခုလို ခလုတ်တွေ Sensorတွေနဲ့ ဖြစ်လာတယ်ဆိုပါတယ်။

ခလုပ်နှိပ်ရုံနဲ့ ok တာကတော့ ကောင်းပါရဲ့။ ဒါမျိုးတွေ မရင်းနှီးသူ တောသူမ ကျမအဖို့တော့ တခါခါ ချွေးပြန်ရတယ်။ အရင်အိမ်မှာက ရိုးရိုး toiletပါ။ အဲဒီတုန်းက အပြင်သွားတဲ့အခါ ဘူတာတွေ ဆိုင်တွေက toilet သုံးတဲ့အခါမျိုးကျ အဲလို washletဖြစ်နေရင် ပထမဆုံး ရေဘယ်လို ဆွဲချရပါ့ဆိုတာ အရင်ကြည့်ရတယ်။ အမျိုးအစားပေါ်မူတည်ပြီး ရေဆွဲရတဲ့ဟာကလဲ မတူဘူးကိုး။ ပြီးတော့ ရှင်းပြထားတာတွေကလဲ ဂျပန်လိုချည်းမို့ ဂျပန်မှာ ဂျပန်စာ နားမလည်ရင် ဒုက္ခရောက်ရတာ တခြားဟာတွေထက် toiletလို့ ထင်တယ်။ ကိစ္စပြီးမှ အထဲမှာ ရေဆွဲချတာ ရှာမတွေ့ရင် ဒွတ်ခ! ကျောနောက်ဘက်က ရေလှောင်ပုံးလေးမှာ ရှိနေလား? အောက်ဘက်နားရောက်နေလား? Sensor ရှေ့မှာ လက်ဝါးလေး သွားဖြန့်ရမှာလား? ဒါမှမဟုတ် လူမတ်တပ်ရပ်လိုက်တာနဲ့ အော်တို ရေဆွဲချသွားတာမျိုးလား? စုံတကာစေ့နေတာဘဲ။

ပြီးတော့ အောက်ဘက်ကနေ ရေဖြန်းပေးအောင် နှိပ်ရတဲ့ လမုပင်အရိုး (remote control) ကလဲ ရှိသေးတယ်။ toilet seatနဲ့ ဆက်ရက်မဟုတ်ရင် နံရံမှာ ရှိတတ်တယ်။ အများသုံးဆိုရင် အဲဒီခလုပ်တွေ မနှိပ်ပါဘူး။ အစက မသိလို့ နှိပ်မိတယ်။ နောက်မှ ရေဖြန်းတံက သေချာမဆေးရင် မှိုအမဲတွေ အောက်ဘက်မှာ ရှိနေတတ်တယ်။ gym မှာ သွားဆော့ဘူးတုန်းက တနေ့ကို အကြိမ်ကြိမ် အိမ်သာသန့်ရှင်းရေး လုပ်နေတာ မြင်ပေမယ့် ရေဖြန်းတံကို ခေါင်းငုံ့ကြည့်လိုက်ရင် ဘေးတွေက မဲနေတာပါဘဲ။ ပုံမှန် အပေါ်ကကြည့်ရင် မမြင်ရဘူးလေ။ ဘယ်သူမှလဲ အဲလို သွားငုံ့မကြည့်လောက်ဘူးထင်တယ်။ ကိုယ်တိုင်တောင် အိမ်မှာ အမှတ်မထင် ငုံ့ကြည့်ဖူးရင်း သတိထားမိတာ။ toilet brushနဲ့ တိုက်ရုံနဲ့ မရဘူးဆိုတာကို။ Spray bottle နဲ့ စိတ်ရှည်လက်ရှည် ဆေးရတယ်။ အများသုံးမှာကျ သန့်ရှင်းရေးလုပ်တဲ့သူက အဲလောက် မလုပ်နိုင်ပါဘူး။ အဲဒီတော့ အပြင်မှာဆို ရေဖြန်းတာ မသုံးပါဘူး။

ကိုယ့်အိမ်နဲ့ကိုယ်ကျ ကိစ္စမရှိဘူးလေ။ ကိစ္စမရှိဘူးဆိုတာက ရေဖြန်းတာသုံးတာကို၊ ကိစ္စရှိလာတာက အဲဒီ လမု'ကို ကောင်းကောင်းနားမလည်တာ။ အိမ်ကြီးရှင်က setting ထားထားပေးတာကို ကိုယ့်ဘာသာ လျှောက်နှိပ်ကြည့်ပြီးရင် အချိုးက မပြေတော့ဘူး။ အဲဒါနဲ့ဘဲ ရေအပြင်း/အပျော့ကလွဲပြီး တခြားခလုပ်တွေ မနှိပ်ဖြစ်တော့ဘူး။ setting ထားထားတဲ့အခါ ခလုပ်တခုခုနှိပ်လိုက်တိုင်း setting ထားထားတဲ့နေရာလေးတွေက မီးလင်းတယ်။ ကြာလာတော့ ခလုပ်နှိပ်လိုက်ရင် setting မီးလုံး အပြင် တခြားဟာတွေပါ အတန်းလိုက် လင်းလာတယ်။ ပျက်ချင်လာတာလားလို့ ထင်မိတယ်။ ဒါပေမယ့် ဘာမှမဖြစ်တော့ ဒီလိုဘဲ သုံးလာလိုက်တာ တနေ့တုန်းက ရေဖြန်းတာနှိပ်ပြီး stop ခလုပ်နှိပ်တာ ရေက ရပ်မသွားဘူး။

တကယ်ချွေးပြန်သွားတယ်။ တခြားခလုပ်တွေ လျှောက်နှိပ်ကြည့်တယ်။ ရေအနွေးပေးတာရယ် ထိုင်ခုံအနွေးပေးတာရယ် timerပေးတာ ချိန်မရဘူး။ ဘာလုပ်ရမှန်းမသိတာနဲ့ အမြန်မတ်တပ်ရပ်လိုက်တော့ နောက်ဘက်က sensor နဲ့ လူရိပ်လွတ်သွားလို့ သူ့ဘာသာ ရေရပ်သွားတယ်။ ခလုပ်နှိပ်မိရင် စက္ကန့်၃၀ ရေမရပ်တာမျိုးမဟုတ်လို့ တော်သေးတယ်၊ အဲလိုသာမဟုတ်ရင် တခန်းလုံး စိုရွှဲတော့မှာ။ ဘာကြောင့်မှန်းမသိတော့ အတော်စိတ်ညစ်သွားတာ။

ဈေးသွားပြီး ပြန်လာတော့ နှိပ်ကြည့်တာ ရပြန်တယ်။ အဲဒါနဲ့ စိတ်ချလက်ချနေလိုက်တာ မနေ့က မနက်ကျ ပြန်ဖြစ်ပြန်ပါရော။ အဲဒီအချိန်ကျ အိမ်ကြီးရှင်လဲ အလုပ်သွားပြီမို့ မေးလို့မရတော့ဘူး။ အရင်ရက်ကလို ပြန်ကောင်းလာမယ်မှတ်ပြီး နာရီဝက် တနာရီခြား သွားနှိပ်တာလဲ မရပြန်ဘူး။ တယောက်ထဲ ဘာလုပ်ရမယ်မသိတော့ အင်တာနက်ဖွင့်ပြီး ရှာဖတ်လိုက် သွားကြည့်လိုက်နဲ့ ခေါင်းခြောက်နေတာ။ သူcheckလုပ်ခိုင်းတာတွေ ကိုယ်တတ်သလောက် လိုက်ကြည့်၊ ဒါပေမယ့် မသိ။ လမုကို အဖုံးဖွင့်ကြည့်ဖို့ ရေးထားပေမယ့် သူပြထားတဲ့ လမု အမျိုးအစားနဲ့ မတူတော့ ဘယ်လို ဖွင့်ရမှန်းမသိ။ လမုပျက်လို့ အသစ်လဲရရင် ဘယ်လောက်ရှိလဲ ကြည့်မိတော့ ဈေးကြီးလို့ လန့်သွားတယ်။ toilet seatဘေးက ခလုပ်ကိုလဲ စစ်ပါလို့ ရေးထားမှ ဘေးကြားထဲမှာ ခလုပ်ရှိမှန်း အဲဒီအခါမှသိတယ်။ ဒါပေမယ့် မနှိပ်ရဲဘူး။ တော်ကြာ အားလုံးရပ်သွားမှဖြင့်။

တမနက်လုံး အမျိုးမျိုး လိုက်ဖတ်ကြည့်နေတာ အတော်ခေါင်းမူးလာတာနဲ့ ရပ်ထားလိုက်တယ်။ ညနေကျ keyword အမျိုးမျိုးနဲ့ တခေါက်လိုက်ရှာဖတ်တယ်။ အဲဒီအခါကျ တခုသွားတွေ့တယ်။ သူက sensor မှာ ဖုန်တွေကပ်နေတာလား စစ်ကြည့်ဆိုတော့ sensorတွေကို သွားသုတ်ကြည့်တယ်၊ သို့ပေသိ မရ! 'တိုတို'ကြောင့် စိတ်ညစ်တယ်ကွယ်။


နောက်ဆုံး လက်မြှောက်လိုက်တော့တယ်။ ကိုယ့်ဦးဏှောက်နဲ့ စဉ်းစားနိုင်သမျှ လုပ်ကြည့်ပြီးပြီ။ ကိုယ်မှားလုပ်မိလို့ ပျက်သွားရင်တော့ အဆူခံရတော့မပေါ့လို့ဘဲ မှတ်လိုက်တယ် အဟင့် ရွှတ်။ 'တိုတို'ပေးတဲ့ ဒုက္ခက မသေးဘူး။ ညကျ 'တိုတို' မဟုတ်တဲ့ 'ကိုကို' ကို ဘာဖြစ်တာလဲမသိဘူးလို့ပြောမှ လမု ဓာတ်ခဲအားကုန်တာ ဖြစ်မပေါ့တဲ့။ ကဲ!! ဖြစ်ရမယ်။ ကိုယ့်ဘာသာ ဖြုတ်ကြည့်ဖို့ ကြိုးစားတုန်းကမရတဲ့ နံရံက လမုက အိမ်ကြီးရှင်ဖြုတ်ပြတော့ အလွယ်တကူထွက်လာတယ်။ အဲဒီအခါကျမှ နောက်ဖက်မှာ ဓာတ်ခဲထည့်ရတာ တွေ့တော့တယ်။ အစကတည်းက အဲဒီနံရံကပ်လမုက ဘာနဲ့ အလုပ်လုပ်မှန်းမသိတာ။ အိမ်ကြီးရှင်က လမုဘဲဟာ ဓာတ်ခဲနဲ့ပေါ့လို့ အပြောခံရမှ ကိုယ့်ဘာသာ အတော်တုန်းတယ်လို့ မှတ်ချက်ချမိတယ်။

ဓာတ်ခဲလဲပြီးမှ သွားသတိရမိတယ်။ အိမ်ပြောင်းလာတုန်းက အိမ်ထဲမှာပါတဲ့ equipment တွေနဲ့ ပတ်သက်တဲ့ file တအုပ်ရှိတာ သွားသတိရတယ်။ မနက်ကတည်းက အဲဒါကြည့်မိရင် ပြီးနေတာကို။ ရှာကြည့်မိတော့ တွေ့ပြီ၊ ခလုပ်နှိပ်လိုက်လို့ setting မီးအပြင် ရှိသမျှမီးအားလုံးလင်းလာတာ ဓာတ်ခဲအားနဲလာတာကို ပြတာတဲ့။ နို့ သိမှသိဘဲဟာဂျီးကို။ 'တိုတို'ပေးတဲ့ ဒွတ်ခ ကိုကိုကယ်မှ ရတော့တယ်။

(သင်ယူစရာတွေက အိမ်ထဲမှာကိုဘဲ အများကြီးရှိသေးတယ်။ ယုကဒန်းဘိုး ဆိုတဲ့ Underfloor heating ကြီးလဲ ခုထိ နားမလည်ပါ။ နှိပ်စရာတွေ ပိုပါတတ်တဲ့ ဧည့်ခန်းက အဲကွန်းလမုကိုလဲ အချိုးပြေပြေ မသုံးတတ်သေးပါ။ ဆက်ပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာတွေ များလာမှာမို့ ဒိုင်လျှိုထားလိုက်ဦးမယ်)

Read More...

Tuesday, May 11, 2010

ရွက်ကြွေ


အသက် (၇၇)နှစ်ရှိပြီဖြစ်တဲ့ အမေက စက္ကူအိတ်အကြီးကြီးကို လက်၂ဖက်နဲ့ ကိုင်ပြီး အခန်းထဲက ထွက်လာတယ်။
"အမေ ဘယ်သွားမလို့လဲ" (၄၇)နှစ်အရွယ် သမီး 'တာကဟာတကဲ ဖုမိကို' က မေးလိုက်တယ်။
"မြန်မြန်ပြန်မှဖြစ်မယ်၊ မနက်ဖြန် အောင်သွယ်တွေ့ပွဲ မမှီဘဲ နေလိမ့်မယ်"လို့ ငိုမလိုမျက်နှာနဲ့ အမေက ပြန်ဖြေတယ်။
"အောင်သွယ်ပွဲ! ဘယ်သူ့အတွက်လဲ?"
"ငါ့အတွက်လေ"
"ဘယ်အထိပြန်မလို့လဲ?"
"မီတိုကလွဲလို့ ဘယ်ရှိရမှာလဲ"
"မီတိုမှာ အိမ်မရှိတော့ဘူးလေ အမေ၊ အမေ့အိမ်က ဒီမှာလေ"
ပြောရင်းနဲ့ ဖုမိကိုက အမေ့လက်ထဲက အိတ်ဆီ လက်လှမ်းလိုက်တယ်။ အမေက ကိုယ်ကို ယို့ပြီးရှောင်လိုက်တာ အရှိန်လွန်ပြီး အိမ်အဝင် တခါးဝနဲ့ ဒုန်းကနဲ တိုက်မိသွားတယ်။ အသံကြောင့် အပေါ်ထပ်က ကလေးတွေ ပြေးဆင်းလာကျတယ်။ တခါးနဲ့တိုက်မိသွားတဲ့အဖွားကို သားက ပွေ့ချီလိုက်တဲ့အခါ 'လွှတ်'လို့ အကြောက်အကန် အော်တော့တယ်။
"အဖွား ဘယ်လိုဖြစ်တာလဲ" ဆိုပြီး သမီးငယ်က ငိုပါရော။

တယောက်ထဲ မီတိုမှာ နေနေတဲ့ အမေ့ကို အိမ်ခေါ်လာပြီး နောက်တရက်ညနေမှာ ခုလိုဖြစ်တာပါ။ နောက်နေ့တွေမှာလဲ ညနေရောက်လာရင် အမေက မီတိုကို ပြန်မယ်ဆိုပြီး သောင်းကျန်းပါတယ်။ ဆေးရုံခေါ်သွားပြီး စစ်ကြည့်တဲ့အခါမတော့ အယ်လ်ဇိုင်းမားအမျိုးအစား သတိမေ့ရောဂါလို့ သိရတယ်။ တဖြည်းဖြည်း ပိုဆိုးလာဖို့ အလားအလာများတယ်လို့ ဆရာဝန်က ပြောလာတော့ ဖုမိကိုတယောက် ရှော့ခ်ရပြီး ဘာပြန်ပြောရမှန်း မသိရလောက်အောင်ပါဘဲ။

အမေက တနေ့လုံး မေးခွန်းတွေ မေးတယ်။ "ငါ့သမီးက နင့်အပြင် ဘယ်သူရှိသေးလဲ" "ငါ့ပိုက်ဆံအိတ် တွေ့မိလား" "မနက်ဖြန် နေသာမှာလား" ....
ဘယ်လောက် ပြန်ဖြေပါစေ ခနနေရင် မေ့သွားတာမို့ ဒီမေးခွန်းကိုဘဲ ထပ်တလဲလဲ မေးပြန်တယ်။
ကလေးတွေရဲ့ ထမင်းဘူးကိုဖွင့်ပြီး ဟင်းတွေ နှိုက်စားတတ်တယ်။ သွားတုမှာကပ်နေတဲ့ စားကျွင်းစားကျန်တွေကို ပြတင်းမှန်တွေ လိုက်ကာတွေ တခါးတွေမှာ သုတ်တတ်လို့ အလစ်မပေးရဲလောက်အောင်ပါဘဲ။ ဖုမိကိုက အိမ်သာတက်ချင်ယင်တောင်မှ တခါးကိုဖွင့်ပြီး အမေ့စကတ်စကိုဆွဲလို့ ကိစ္စပြီးရပါတယ်။ မနက်သုံးကြိမ် နေ့လည်းသုံးကြိမ် ညနေသုံးကြိမ် ထမင်းစားတယ်။ အဲဒီကြားထဲမှာတောင် ထမင်းကျွေးပါလို့ အကြိမ်ကြိမ် ပြောပြန်တယ်။

တမနက်မှာ အမေ့အခန်းကို ချောင်းကြည့်မိတော့ ပခုံးလှုပ်ပြီး တရှုံ့ရှုံ့ငိုနေတာ တွေ့ရတယ်။ တကယ့် ကလေးငယ်တယောက်လိုပါဘဲ။ ဘာရယ်မဟုတ် ဖုမိကိုလဲ "ကန်းချန် မဟုတ်လား"လို့ အသံပြုလိုက်တယ်။
အမေက နောက်လှည့်ကြည့်ပြီး "အိမ်ရှင်မ ဘယ်လိုလုပ်ပြီး ငါ့ငယ်နာမည်ကို သိတာလဲ"လို့ မေးလာတယ်။
"သိတာပေါ့။ အီဘာ့ရကိခရိုင်ဘက်မှာ ချစ်စရာကောင်းတဲ့ ကလေးငယ်တွေကို ကန်းချန်လို့ ခေါ်ကြတယ်မဟုတ်လား"
"အိုး တယ်သိပါလား" အမေ့မျက်နှာက ချက်ချင်း ရွှင်လန်းသွားတယ်။
အရင်တုန်းက အမေကို ငယ်ငယ်က အိမ်မှာ ကန်းချန်လို့ခေါ်တယ်ဆိုတာ ကြားဖူးခဲ့တယ်။
အမေ့ကို ဒီလိုမလုပ်နဲ့လို့ ဆူမိပြောမိတာထက် အမေ့ရဲ့ အသိအတိုင်း အလိုက်သင့်လေး နေသွားကြည့်ရင် ဘယ့်နှယ့်နေမလဲလို့ ဖုမိကို တွေးမိတယ်။

အဲဒီနေ့ရဲ့ ညနေဖက်မှာလည်း အမေက မီတိုကို ပြန်မယ်လို့ ပြောပြန်ပါတယ်။
"ကန်းချန် အမြန်ပြန်ချင်နေပုံဘဲနော်"လို့ ဖုမိကိုက အပြုံးမျက်နှာနဲ့ ပြောလိုက်တယ်။
"အိမ်ကမိသားစုလဲ မနက်ဖြန် လင်းတဲ့အခါကျ မီတိုကို ပြန်ကြမလို့"လို့ ဖုမိကိုက လိမ်ပြောလိုက်တယ်။
"ဟယ် အဲဒါဆို မြန်မြန်ပြောရောပေါ့၊ အတူလိုက်မယ်လေ။ ဒီည ဒီမှာတည်းရင် ရတယ်မဟုတ်လား"
"ရတာပေါ့ ဒီမှာ အတူတည်းရအောင်"လို့ ပြန်ဖြေတဲ့အခါမှာတော့ အမေက ဝမ်းသားပြီး ရီတယ်။
နေ့တိုင်း ဒါကို ထပ်ခါ ထပ်ခါ ပြောပေးရင် ရပြီ၊ ကိစ္စမရှိလောက်ဘူးလို့ ဖုမိကိုက အမေနဲ့ ဘယ်လို ပြောဆိုရမယ်ဆိုတာကို သဘောပေါက်လာတယ်။


အိမ်ရှေ့ ကန်ဘောင်ရိုးပေါ်မှာ မရိုးပင် ဆာခူရာ စတဲ့ အပင်ကြီးတွေ ရှိပါတယ်။ ဆောင်းဦးဝင်တဲ့အခါ ရွက်ခြောက်တွေ ကြွေတာမို့ ဒီအတိုင်း ထားထားရင် လမ်းမကို မမြင်ရလောက်အောင် ရွက်ကြွေတွေနဲ့ ဖုံးနေတတ်တယ်။ ဒီအိမ်ရောက်ရောက်ချင်း အမေက ပထမဦးဆုံးလုပ်တာက တံမြက်စည်းလှည်းတာပါ။ မတ်တပ်လှဲ တံမြက်စည်းနဲ့ လှည်း၊ အမှိုက်ဂေါ်နဲ့ ကော်ပြီး ပလတ်အတစ်အမှိုက်အိတ်ထဲ ထည့်ပါတယ်။ ရွက်ကြွေတွေကို မြင်တာနဲ့ အမေက တံမြက်စည်းနဲ့ အမှိုက်ဂေါ်ယူခဲ့လို့ ပြောတော့တာဘဲ။ ကြည့်ရတာတော့ ရွက်ကြွေတွေကို လှည်းရတာ အတော်သဘောတွေ့ပုံရတယ်။ အမေ တံမြက်စည်းလှည်းနေရင် ဖုမိကိုလဲ ခဏတဖြုတ် အနားယူလို့ ရတော့တယ်။

ဟုတ်ပြီ! ဆိုပြီး ဖုမိကို အကြံရသွားတယ်။ ရွက်ကြွေတွေကို အိတ်နဲ့ ထည့်သိမ်းထားရမယ်။ ပြီးရင် အိမ်ရှေ့မှာ ကျဲထားရင် ဘယ်လိုများ နေမလဲဆိုပြီး စမ်းကြည့်မိတယ်။ အမေက ဝမ်းသာအားရနဲ့ ရွက်ကြွေတွေကို လှည်းတော့တာဘဲ။ မနက်တကြိမ် ညနေတကြိမ် နေ့စဉ်အလုပ်လိုမျိုး မှန်မှန်လှည်းတယ်။ နေရောင်နဲ့လဲ ထိတွေ့ဖြစ် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုလဲ ဖြစ်တာမို့ အမေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာတယ်။

အိမ်နီးနားချင်းတွေက အမေနဲ့အတူ မီးပုံပွဲလုပ်ပြီး ကန်စွန်းဥတွေ ဖုတ်စားကြတယ်။ အမေက ကာရန်လိုက်ကဗျာတွေ ရွတ်တဲ့အခါ အားလုံးက သဘောတကျ ရီကြတယ်။ အမေက ဒီလိုရီစရာတွေလဲ ပြောတတ်ပါလားလို့ ဖုမိကို တွေးမိပြီး ဟိုးအရင် ငယ်ရွယ်စဉ်က ရွှင်လန်းတက်ကြွနေတဲ့ အမေ့ရဲ့ အသွင်အပြင်ကို မြင်ယောင်မိလာတယ်။ ညဘက်မှာ အမေ့ရဲ့ သွားတုကို ဆေးကြောလို့ ခွက်ထဲ ထည့်ရင်း စောင်ခြုံထားတဲ့ အမေ့ဘက်လှည့်လို့ ခွက်ကိုပြရင်း "သွားတု ဒီထဲမှာနော်။ အမေ ဒီမှာအမြဲနေနော်"လို့ ပြောတဲ့အခါ အမေက အိပ်ချင်မူးတူးနဲ့ "သမီးက စိတ်ရှည်ရင် ပြီးတော့ ပိုက်ဆံလည်း ရှိရင်"လို့ ပြန်ပြောတယ်။ နောက်နေ့ကျ မေ့သွားပြန်တာမို့ ညတိုင်း ဒီလို ထပ်ခါ ထပ်ခါ ပြောဖြစ်တယ်။ ညတိုင်း အမေက ပျော်နေပြီး "သမီးက အတော်စိတ်ဝင်စားဖို့ကောင်းတဲ့သူဘဲ"လို့ ပြောရင်း ရီတတ်တယ်။

တဘက်ရဲ့ အနားစ ချုပ်ရိုးပြေနေတာကို တွေ့တဲ့အခါ အမေက အပ်ချည်နဲ့ အပ် ယူလာခဲ့လို့ ပြောတယ်။ ပေးလိုက်တော့ တဘက်အနားစကို သေသပ်သွားအောင် ပြန်သီပေးတယ်။ အချုပ်အလုပ်ကလဲ အမေ့အတွက် စိတ်ဝင်စားတဲ့အရာဘဲလို့ သဘောပေါက်မိတယ်။ ဟောင်းလာတဲ့ အဝတ်စတွေကို စုပြီး အဝတ်စုတ်တွေ ချုပ်ပေးတယ်။ အမေ အချုပ်အလုပ်မှာ စိတ်နစ်နေတဲ့အချိန်မတော့ ဖုမိကိုလည်း အမေ့ဘေးနားမှာမှာ ခဏတဖြုတ်လှဲပြီး အနားယူလာနိုင်တယ်။ မှေးခနဲ အိပ်ပျော်သွားမိရာက ဖျတ်ခနဲ နိုးလာမိတယ်။
အမေက "အိမ်ရှင်မဆိုတာ ပင်ပန်းတယ်။ အမျိုးသား ပြန်မရောက်ခင် ခဏတဖြုတ်နားနေချေ" ဆိုပြီး အမေက စောင်ခြုံပေးလာတဲ့အခါမှာတော့ မျက်ရည်တွေတောင် ဝေ့တက်လာမိပါတယ်။


ခုနှစ်နှစ်ဆက်တိုက် အမေအိုကို ပြုစုခဲ့တယ်။ အဲဒီနှစ်တွေထဲ နှောင်းပိုင်းထက်ဝက်လောက်မှာ သူမမိခင်က အရိုးကျိုးပြီး အားနည်းလာခဲ့တယ်။ နောက် ဆေးရုံမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေ ၁၀နှစ်ကြာပြီးနောက် "ဖူမိကို"လည်း အသက်၆၃နှစ် ပြည့်ခဲ့ပြီ။

ဒီနေ့ သူမနဲ့ ကျမ သူမမိခင်နဲ့အတူ လမ်းလျှောက်နေကျ မြစ်ကမ်းဘေးဘောင် လမ်းလေးကို လမ်းလျှောက်ကြတယ်။ နှစ်ယောက်အတူ ယှဉ်လျှောက်နိုင်ရုံ လမ်းကလေးပါ။ မြင့်မားစိမ်းလန်းတဲ့ သစ်ပင်တွေ လမ်းတလျှောက် ပေါက်ရောက်နေပါတယ်။ မြစ်ကမ်းဘေးလမ်းကလေးရဲ့ တဖက်မှာတော့ အလယ်တန်းကျောင်းရဲ့ ကျောင်းကစားကွင်းရှိပြီး ကာယလေ့ကျင့်ခန်းအသင်းအဖွဲ့ရယ် ဘေ့စ်ဘောအသင်းအဖွဲ့ရယ်က ကျောင်းသူကျောင်းသားတွေ လေ့ကျင့်နေပါတယ်။
"ဒီနားရောက်ရင် အမေကလေ" သူမက ရီတယ်။
"အလယ်တန်းကျောင်းသူကျောင်းသားတွေကို 「ကြိုးစားထား~~」လို့ အော်ပြောလေ့ရှိတယ်လေ"
"ကျောင်းသူကျောင်းသားတွေရဲ့ တုန့်ပြန်မှုကရော ဘယ်လိုလဲ" ကျမက မေးလိုက်တယ်။
"အားလုံး အသံအကျယ်ကြီးနဲ့ လေ့ကျင့်နေကြတာ။ မကြားနိုင်ဘူးလေ"

ဟိုဟိုဒီဒီ မြေပြင်ပေါ်မှာ သစ်မြစ်တွေ ထွက်နေလို့ ခွကျော်မသွားလို့ မရပါဘူး။ သူမမိခင် လမ်းလျှောက်ရတာ အတော်ခက်ခဲမယ်လို့ တွေးမိတယ်။ တကယ်တော့ ကျမမှာလည်း သက်ကြီးရွယ်အို မိဘတွေ ရှိပါတယ်။ အဲဒီအခါကျရင် ပြုစုစောင့်ရှောက်တာ မလုပ်လို့ မရတော့ဘူးထင်ပါရဲ့။


"ထမင်းစားပြီးရုံရှိသေးတယ် နောက်ထပ်စားချင်တယ်လို့ပြောလာရင် ဘယ်လိုဖြေမလဲ" ကျမက မေးလိုက်တယ်။
" 「ခုနလေးတင် စားပြီးတာမဟုတ်လား။ ဟင်အင်းနော်။ ဘာစားချင်လို့လဲ」 လို့ မေးကြည့်လိုက်တယ်။ အမေက 「ရွှေဖရုံသီး」လို့ ပြန်ဖြေတယ်လေ။ 「မရှိလို့ သွားဝယ်လိုက်မယ်နော်」လို့ ပြန်ပြောလိုက်ရင် 「အင်း」တဲ့၊ အဲလိုနဲ့ ပြီးသွားရော။ ဒါပေမယ့် နောက်တစ်မိနစ်နေရင် ထပ်ပြောပြန်ရော 「ဗိုက်ဆာတယ်」တဲ့။" သူမက ရီလိုက်တယ်။ "ဒီလောက်ခဏခဏပြောတာကို ရေထားတဲ့အခါတွေ ရှိတယ်။ ကလေးတွေကိုလည်း ဒီနေရာမှာ အမှတ်နဲ့ ခြစ်ထားပြီး မှတ်နော်လို့ မှာထားတယ်။ ရေကြည့်တဲ့အခါ တနေ့ကို ၃၉ကြိမ် ပြောတယ်"
"ဟယ်! ၃၉ကြိမ်တောင်၊ အကြိမ်တိုင်း ပြန်မဖြေလို့ မရဘူးလား" ကျမအသံက ကျယ်သွားတယ်။
"အလုပ်ရှုပ်တယ်ဆိုပြီး အဲဒါကို မိသားစုတွေက စိတ်တိုမယ့်အစား ဒီနေ့က ၁၈ကြိမ်ဘဲရှိသေးတယ်လို့ဖြစ်ဖြစ်တွေးလိုက်ရင် ပျော်စရာကောင်းလာတယ်ရော"
သူမပြောတာကို နားထောင်ပြီး ကျမလည်း လုပ်နိုင်မယ်လို့ ထင်လာမိတယ်။
အေးမြမြလေပြေက တိုက်ခတ်လာတယ်။ သစ်ရွက်တွေအချင်းချင်း ပွတ်တိုက်သံ တရှဲရှဲက လွင့်ပျံ့လို့။


"အမေအိုကို ပြုစုတာကနေ ရလိုက်တာက ဘာများလဲ" ကျမက မေးလိုက်တယ်။
"အင်းမ်..." သူမ စဉ်းစားနေတယ်။
"ကိုယ့်ကိုယ်ကို ကျေနပ်အားရတာ ထင်တယ်"
"ဟင်?" ကျမက သဘောမပေါက်တာကို ကြည့်ပြီး သူမက ဒီလို ထပ်ပြောတယ်။
"သတိတရဖြစ်နေတာက ပျော်ရွှင်နေတဲ့ အမေ့မျက်နှာကိုဘဲ၊ ကျေနပ်စရာ ကောင်းလိုက်တာလို့ တွေးမိတယ်။ စိတ်ညစ်ပင်ပန်းရတာတွေကို မေ့သွားတယ်"

ကြီးမားတဲ့ "ဆာခူရာ"ပင်အောက်ကို ရောက်လာခဲ့တယ်။ အစိမ်းရောင် သစ်ရွက်တွေက အခုံးပုံ ပုံပေါ်နေပါတယ်။ ထိုင်ခုံတန်းရှိလို့ ကျမတို့ ထိုင်လိုက်ကြတယ်။
"ဆာခူရာတွေ ဝေတဲ့အချိန်မှာ ဒီမှာထိုင်ပြီး နှစ်ယောက်သား ငှက်ပျောသီးစားခဲ့တယ်" သူမက ကျမကို ကြည့်ပြီး ရီတယ်။
"အဲဒီအခါ အမေကလေ 「ဖူမိကို ဆာခူရာပန်းကြည့်ပွဲဆိုပြီး အိုဆကဲရော」 တဲ့"
ဖူမိကိုက ပြောရင်းနဲ့ မျက်တောင် တဖျက်ဖျက်ခပ်လို့ ဆာခူရာပင်ကို မော့ကြည့်နေပါတော့တယ်။



အရင်က ရေးခဲ့ဘူးတဲ့ ကြယ်တွေကို ရေတွက်ရင်းဆိုတဲ့ ဘာသာပြန် ပို့စ်ကို ပထမပိုင်းနဲ့ ပေါင်းပြီး ပြန်တင်လိုက်တာပါ။

Read More...

Friday, April 9, 2010

ပျင်းတဖက် ဟင်းချက်


သူငယ်ချင်းက ဝက်သားဟင်းချက်နည်းရေးပေးမယ်ဆိုလို့ မေးလာလို့ ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဘယ်တုန်းက ပြောမိပါလိမ့်ပေါ့။ နောက်မှ အင်မီဂရေးရှင်းရုံးမှာ ထိုင်စောင့်တုန်း တောင်ရောက်မြောက်ရောက် စကားတွေပြောရာက ပြောမိတာထင်တယ်။ ဟင်းချက်နည်းသက်သက်ရယ်တော့ မဟုတ်ပါဘူး။ ကိုယ်တိုင်လဲ ခုထိစမ်းတဝါးဝါးနဲ့ချက်တုန်းမို့ပါ။ တကယ်က ဟင်းချက်နည်းဆိုတာထက် အပျင်းတက်နည်းပါ။ သူငယ်ချင်းက အသားတွေကို ရေခဲရိုက်ပြီး ဟင်းချက်တဲ့အခါ စားမကောင်းဘူးပြောရာက စတာ။

အိမ်မှာလဲ အရင်က အသားတွေ အများကြီးဝယ်ပြီး ခဲထားပါတယ်။ အဲဒီတော့ ဟင်းမချက်ခင် အခဲဖျော်ရရင် အခက်တွေ့တယ်။ မိုက်ခရိုဝေ့နဲ့ အခဲဖျော်လို့ရလဲ ဘေးသားတွေသာ အရင်ပျော်ပြီး အလယ်က ခဲကောင်းတုန်း။ အလယ်က ပျော်အောင်ထားပြန်ရင် ဘေးအသားတွေက ကျက်ခါနီးလောက် ဖြစ်သွားပြန်ရော။ အဲဒီအခါကျ ဟင်းချက်ရင် အရသာ မဝင်တော့ပါဘူး။ အဲဒီတော့ ညနေ ဒီဟင်းချက်မယ်ဆို မနက်မှာ အသားကို အပြင်ထုတ်ထားရတယ်။ ဒါမှမဟုတ် တရက်ကြိုပြီး အောက်ဘက်အဆင့်ထဲ ပြောင်းထားရတယ်။ အဲလို ထားဖို့ မေ့သွားရင်တော့ ချက်ခါနီး ပျာယာခတ်ပြီ။

ဒီနောက်ပိုင်းတော့ အသားတွေကို မခဲခင် ဆား အသားမှုန့် ဂျင်းနဲ့ နယ်နှပ်လို့ ရေနဲနဲနဲ့ ပြုတ်ထားဖြစ်တယ်။ အဲဒါကို သူငယ်ချင်းက ဟင်းချက်နည်းထင်သွားတယ် မှတ်တယ်။ အသားတွေကို အဲလိုပြုတ်ထားလိုက်တော့ ဟင်းချက်ချင်ရင် အရင်ကထက်တော့ မြန်သွားပါတယ်။ အသားထဲလဲ အရသာဝင်ထားတာမို့ ဟင်းချက်ရတာ မြန်ပါတယ်။ အဲ အသားများများ ဝယ်လာမိတဲ့နေ့ကတော့ မသက်သာပါဘူး။ ဝက်သား (အသား နံရိုး) ကြက်သား (ပေါင်သား တောင်ပံအရင်း အဖျား အသည်း အမြစ် စိတ်ကူးရရာ ၂မျိုး ၃မျိုး) အပြင် ခုနောက်ပိုင်း သွေးအားနည်းလို့ အမဲသားကိုလည်း တခါတလေ ဝယ်ဖြစ်တယ်။ တရက်ထဲနဲ့ မလုပ်နိုင်ရင် expire dateအလိုက် တန်းစီပြုတ်ပါတယ်။ ပြီးရင် အအေးခံလို့ တခါထဲ ဟင်းချက်ဖို့ စိတ်ကူးရရင်လဲ ချက်၊ မရရင်လဲ လှီးပြီး ဘူးတွေနဲ့ ထည့်ထားလိုက်တယ်။ ပုံထဲမှာတော့ ကြက်တောင်ပံအရင်းကို ပြုတ်ပြီး အသားမဆလာနဲ့ ပြန်ကြော်ထားတာရယ်၊ အမဲသားပြုတ်ကို အတုံးလိုက် လှီးထားတာနဲ့ အလွှာလိုက်လှီးထားတာရယ်၊ ဝက်သားပြုတ်တချို့ကို အစပ်ဟင်းချက်ထားတာနဲ့ ပိုတာကို ဒီအတိုင်း ထည့်ထားတာရယ်၊ ကြက်သွန်ဖြူနီဂျင်း ဆီသပ်တဲ့အနှစ်ပါ။

ဆီသပ်တဲ့အနှစ်အကြောင်းပြောရင် ဂျင်းက စရမယ်။ အများအားဖြင့်တော့ ဂျင်းကို အသားတွေ အများကြီးဝယ်တဲ့နေ့မှာ ဝယ်ပါတယ်။ ဂျင်းဝယ်ရင်လည်း ၁ထုပ်မှာ ဂျင်းတက် နှစ်တက်လောက် ပါတယ်။ အသားတွေကို ပြုတ်ပြီး အများကြီးပိုနေရင် ကိုယ်တိုင်ဘဲ မထားတတ်လို့လားတော့မသိဘူး ဂျင်းတက်တွေ ကြာကြာအထားမခံပါဘူး။ ရေခဲသေတ္တာထဲထားရင်လဲ ပုပ်၊ အပြင်မှာထားတော့ ခြောက်နဲ့ရယ်။ ကြက်သွန်နီဆိုတာလဲ အကြီးကြီးတွေမို့ တခြမ်းလောက် ဟင်းချက်ပြီး နောက်တခြမ်းကို ၂ရက်အတွင်းလောက် ချက်မှ ကောင်းပါတယ်။ ၂ယောက်ထဲနေတဲ့အိမ်မှာ အဲလောက်အမြန်ချက်ဖို့လဲမလိုတာမို့ ကြက်သွန်နီက အပင်ပေါက် ဂျင်းကခြောက်မို့ လွှတ်ပစ်ရတာတွေရှိတယ်။ ဒီတော့ တခါတလေ ဆီသပ်အနှစ်လုပ်ထားလိုက်တယ်။ ငရုတ်ဆုံထောင်းလို့မဖြစ်တော့ Minichoppaလေးနဲ့ ကြိတ်တယ်။



ဆီပူထဲ ဆနွင်းလေးထည့်လို့ ဆီသပ်ပါတယ်။ နဲနဲ စိုစိုအနေလောက်ဘဲ ဆီသပ်ရင်တော့ အကြာကြီးထားလို့ သိပ်မကောင်းပါဘူး။

မီးအေးအေးမှာ စိတ်ရှည်လက်ရှည်နဲ့ တည်ရပါတယ်။ မီးပြင်းပြင်းတင်မိရင် အောက်ဘက်ကတူးလို့ မကျက်တာမကျက်နဲ့ မညီမညာဖြစ်တတ်တယ်။ (အရင်က မြန်မြန်ပြီးအောင်လုပ်ရာက ရသွားတဲ့ သင်ခန်းစာ) ခပ်ခြောက်ခြောက်လေး တည်လိုက်တော့ စကြော်ခါစရဲ့ သုံးပုံတပုံလောက်ဘဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ဟင်းချက်ရင် ရေနဲ့နူးပြီး ပြန်ပွါးလာလို့ ၅ခါ ၆ခါလောက်တော့ ချက်လို့ရတယ်။

ဒါက တနေ့က ဥအဲနိုက ဝယ်လာတဲ့ ငါးကလေးကို အိုးကပ်ချက်ထားတာနဲ့ ပုစွန်ဆီပြန်။ အိမ်ကြီးရှင်က ပုစွန်ခေါင်းမစားတော့ ဆီသပ်ပြီးမှ ခေါင်းတွေသပ်သပ် ပြန်ဖြုတ်ရတယ်။

ကျောက်ဖရုံသီးတစိတ်ဝယ်ရင် တခါနေ့စာ ဟင်းခါးချက်ပြီး အများကြီးပိုတယ်။ အဲဒီတော့ အခွံခွါ ပါးပါးလှီးပြီး အိပ်သွပ်လို့ ရေခဲရိုက်ထားလိုက်ပါတယ်။ နောက်တခါ ချက်စားရင် ရေနွေးပူထဲ ထည့်လိုက်ရုံပါဘဲ။ နွေဦးဘက်ရောက်တော့မှာမို့ ကျောက်ဖရုံသီးလဲ ဈေးပြန်တက်လာပြီ။ မရှားခင် ထပ်ဝယ်ပြီး ရေခဲရိုက်ထားဖို့ စိတ်ကူးနေတယ်။

ဝက်နံရိုးကိုလည်း ဈေးတော်ရင် ၃/၄ဗူးလောက် ဝယ်လာပစ်တတ်တယ်။ အဲလိုဘဲ ဂျင်း ဆား အသားမှုန့်နဲ့ နူးပြီး ရေမခမ်းတခမ်းပြုတ်တယ်။ ဝက်နံရိုးပြုတ်ရည်ကိုတော့ သွန်မပစ်ပါဘူး။ ကော်ရည်ခေါက်ဆွဲ၊ ကြေးအိုးချက် ၊ ဟင်းခါးဖြစ်ဖြစ် ချက်ရင် ပြန်သုံးပါတယ်။

ကြေးအိုးလိုမျိုးချက်ရင် အချိန်အတော်ကြာတာမို့ ဒီလို ကြိုလုပ်ထားရင် ချက်တဲ့နေ့ကျ သက်သာပါတယ်။ အများအားဖြင့် ပိတ်ရက်မှာ ဒီလိုမျိုးတွေ ချက်စားဖြစ်တာ။ ပိတ်ရက်ဆိုတော့ မနက်လဲ နေမြင့်မှ ထတာလေ (တခါတလေ နေများ ဝင်တော့မလား မှတ်ရတယ်) အဲလိုအခါကျ ထတာနဲ့ နေ့လည်စာ အမြန်ချက်ရပြီ။ အဆင်သင့် နီးနီးချက်ထားပြီးသားဆိုရင်တော့ လုပ်ရတာ မြန်တယ်။ အသားပြုတ်ရည်ထဲ အစာပလာတွေထည့်တည်၊ ဆန်ကြာဇံတွေကိုတော့ ဒယ်အိုးသပ်သပ်ထဲ အသားပြုတ်ရည်နဲ့တည် အရွက်ထည့် နှမ်းဆီလေးထည့်....

အပ်ချလောင်း!! ရသွားပြီ ကြေးအိုးချက်။

ပျင်းနည်းပျင်းရာ ဟင်းချက်နည်း အဖြာဖြာပါ။ ကိုယ့်ဘာသာတော့ သိပ်မကြာလိုက်ဖူးထင်မိတယ်။ ပရိုတွေ (ဥပမာ အိုဆာကာက အမ)လိုတော့ မမြန်ပါဘူး။ မီးဖိုချောင်ဝင်တဲ့သက်တန်း ၃နှစ်မို့ မတတ်တာတွေ အများကြီးရှိနေပါသေးတယ်။ ကိုယ့်လက်ရာကိုယ် ကောင်းလှချည်ရဲ့လို့လဲ အာမမခံရဲပါ။ ဘာဖြစ်ဖြစ်စားနိုင်တယ်ဆိုရင်တော့ ချက်ကျွေးပါတယ်။

Read More...

Friday, March 26, 2010

ပလူမွေး ပလူတောင်



သေးသေးကွေးကွေး
ပလူမွေး ပလူတောင်
ဆံပင်လေးကပါး
မျက်ခုံးလေးက ရှည်ပေမယ့် သိပ်မပေါ်သေး
၃ပါတ်သမီးအရွယ်မှာ ဘယ်မျက်ရစ်ကလေးပေါ်လာတယ်
ခုတော့ ၅ပါတ်အရွယ်တူမလေး
ညာမျက်ရစ်ပါပေါ်ပြီး ညီသွားပြီ
အမေတူတာလေး တချက်ပေါ်လာတာပေါ့

Read More...

ရှီနဂါဝ


ခုတလော ရှီနဂါဝကို ခဏခဏရောက်တယ်။ ပထမဆုံးအကြိမ်က လွန်ခဲ့တဲ့ ၂နှစ်လောက်က တရုတ်သူငယ်ချင်းတွေနဲ့အတူ အချိန်ပိုင်းအလုပ် လုပ်ချင်ရင်လိုအပ်တဲ့ "ရှီကကုဂိုင်း" (shikakugai katsudou no kyoka -資格外活動の許可) ထောက်ခံစာလုပ်ဖို့ ရှီနဂါဝက ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးကို ရောက်ခဲ့တယ်။ ကံဆိုးတာလား လူပင်ပန်းဖို့ ကံမပါတာလားမသိ (စိတ်ပင်ပန်းတာတော့ အကျုံးမဝင်) လျှောက်လွှာဖြည့်တော့ ပတ်စပို့က အဲဒီနေ့မတိုင်ခင်လေးမှာ ကုန်နေခဲ့တယ်။ ဗီဇာကတော့ ၂နှစ်နီးပါး ကျန်ပါသေးတယ်။ ပြောတတ်ရင် လျှောက်လွှာတင်လို့ရတယ်လို့ နောက်မှ သိရပေမယ့် အဲဒီတုန်းက မသိလေတော့ ဒီအတိုင်းဘဲ ပြန်ခဲ့တယ်။ တရုတ်သူငယ်ချင်းတွေက ပတ်စပို့က သက်တမ်းဘယ်လောက်ရှိလို့ပြည့်သွားတာလဲဆိုတော့ မြန်မာမှာ လုပ်ခဲ့လို့ ၃နှစ် ခွင့်ပြုချက်ရှိတယ်လို့ ဒီမှာ သက်တမ်းတိုးရင် ၁နှစ်လို့ပြောတော့ အတော်အံ့ဩသွားကြတယ်။ သူတို့တွေက ပတ်စပို့တခါလုပ်ရင် သက်တမ်း၁၀နှစ်တဲ့။ (တို့က မြန်မာလေကွယ်)

ကုန်နေတဲ့ ပတ်စပို့ကို သက်တမ်းသွားတိုးရင် အိမ်ကြီးရှင်ပါတိုးမှရမှာ။ ဆောင်ရမယ်လေ အခွန်! လျှောက်လွှာတင်ပြီး အချိန်ပိုင်းအလုပ်လုပ်ဖြစ်တာကနောက်၊ အရင်ဆုံး ကိုယ့်ဆီက ထွက်မယ်ဆိုတော့ ငြိမ်နေလိုက်ရတယ်။ လျှောက်လွှာက သူငယ်ချင်းတွေလုပ်လို့ လိုက်လျှောက်ကြည့်တာ တကယ်အလုပ် လုပ်ဖြစ်မဖြစ်က မသေချာပါဘူး။ ဒီလိုနဲ့ ၂နှစ်ကြာတော့ ဗီဇာပြည့်တော့မှာမို့ ပတ်စပို့ကို မဖြစ်မနေ သက်တမ်းတိုးဖို့ ဖြစ်လာတယ်။ ရှီနဂါဝက မြန်မာသံရုံးကို သူနဲ့အတူသွားဖြစ်ခဲ့တယ်။ ဟိုလဲရောက်ရော သူက တရက်ထဲပြီးမယ်တဲ့၊ ကျမက မှီခိုလျှောက်မှရမယ်ဆိုဘဲ။ မလျှောက်ရင် အခွန်ဆောင်ရမှာပေါ့။ သူ့လို တလစာ ယန်းတသောင်းနှုန်းနဲ့ ယန်းသောင်းလေးဆယ်ကျော် (မြန်မာငွေ သိန်း၄၀ကျော်) အလုပ်အကျွေးပြုရမယ့်သဘော ~ ဂစ်!! ဒီလိုတော့ မဖြစ်သေးဘူး။ အိမ်မှာနေတဲ့သူပါဆိုမှ ဘာဝင်ငွေနဲ့ ဆောင်ရမတုန်း။

မှီခိုလျှောက်မှရမယ်ဆိုတော့လဲ လျှောက်တာပေါ့လေ။ အဲဒီမှာ နဲနဲ အူကြောင်ကြောင်ဖြစ်မိတာက နဂိုကတည်းက ဗီဇာက မှီခိုဗီဇာလေ။ အဲဒါကို မှီခိုဖြစ်ကြောင်း ပြန်လျှောက်ရမယ်ဆိုတော့ ဟုတ်ကဲ့ပေါ့။ လျှောက်လွှာယူ ဘာတွေလိုလဲမေးတော့ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူတဲ့။ လိုမယ်ထင်တာ အကုန်ယူလာပေမယ့် အဲဒါက မလိုဘူးမှတ်တော့ မယူမိဘူး။ မပါလာသေးဘူးပြောတော့ ဘယ်လိုနားလည်မှုလွဲလဲမသိ သံရုံးမှာ လက်ထပ်စာချုပ်ချုပ်လို့ရတယ်တဲ့။ ဟုတ်သေးပါဘူး ၂ခါ လက်ထပ်ရမလိုဖြစ်နေမှာပေါ့။ သေချာပြန်မေးတော့မှ လက်မထပ်ရသေးရင် ထပ်ဖို့ပါတဲ့။ (ဪ~ကဲ! ယူပြီးလို့ဘဲ ဒီရောက်လာတာပေါ့လို့၊ စိတ်ထဲက မျက်စောင်းလှမ်းထိုးလိုက်တာ) ဟုတ်တယ်လေ ဂျပန်ဘက်က ဗီဇာကျပြီးလို့မှ မြန်မာက ဂျပန်သံရုံးကို သွားတာ၊ အဲမှာလဲ လက်ထပ်စာချုပ် ပြရသေးတယ်၊ အဲဒီတုန်းက စာရွက်စာတန်းအပြည့်အစုံပါသွားလို့ ရစ်စရာမရှိတာတောင်မှ ကောင်တာထဲက အန်တီကြီးက "မမလေးက ငယ်ငယ်လေးနဲ့ အိမ်ထောင်ရှိတယ်လား တော်တော်ဟုတ်နေကြတယ်"လို့ အပြောခံလိုက်ရသေး။ အန်တီကြီး ကြည့်ရတာ အပျိုကြီးများလား? သူ့နဲ့စာရင်တော့ ကိုယ့်အသက် အပုံကြီးငယ်တာ သေချာတယ်။ ကိုယ့်ဟာကိုယ် အသက်ဘယ်လောက်နဲ့ ဘယ်အချိန်ယူယူ သူ့နဲ့ဘာမှ မဆိုင်တာကြီးကိုများ။

လက်ထပ်စာချုပ်ကနေ ပြောတာ လမ်းလွဲလာပြီ။ ဒီမှာလဲ လက်ထပ်စာချုပ် လိုတယ်ဆိုတော့ ယူပြီး နောက်ရက်ထပ်သွားရတယ်။ ရှီနဂါဝကို သုံးကြိမ်မြောက်ပေါ့။ အိမ်နားကဘူတာကနေ ရှီနဂါဝဘူတာကို ရောက်ဖို့ ရထား၃ဆင့်ပြောင်းပြီး မိနစ်၅၀လောက်ကြာပါတယ်။ အဲဒီကနေ မြန်မာသံရုံးကို လမ်းလျှောက်သွားရင် ၁၅မိနစ်ကျော်တော့ ကြာတယ်။ ကုန်းပြေပြေထိပ်ကို တောက်လျှောက် လမ်းလျှောက်သွားပြီး လမ်းကျဉ်းလေးရဲ့ အဆုံး ခြံကျယ်ကြီးရဲ့ အထဲမှာ ဂျပန်မြန်မာသံရုံးရှိတယ်။ ပထမဆုံး ရောက်သွားတုန်းက သံရုံးလို့တောင် မထင်မိဘူး။ လုံးချင်းအိမ် ရပ်ကွက်ထဲက အိမ်တအိမ်လို့ဘဲမှတ်တာ။ တံခါးဝမှာ ကပ်ထားတဲ့ ခပ်မှိန်မှိန်သေးသေး ကြေးပြားကို သေချာကြည့်ဖတ်မှ သံရုံးမှန်းသိရတာမျိုး။ ရုံးအဝင်ဝက စစ်ဆေးရေးရုံလေးထဲမှာ လိုတာတွေဘဲ ယူပြီး အိတ်တွေအားလုံး ထားခဲ့ရတယ်။

ပတ်စပို့ရပြီး ရုံးထဲကပြန်ထွက်လာတော့ မိုးတွေရွာနေတော့တာ။ ရုံးဆောင်နဲ့ အဝက နဲနဲလှမ်းတော့ ခပ်သုတ်သုတ်ပြေးသွားလဲ စိုတာပါဘဲ။ ပြီးတော့ လက်ထဲမှာက ယူသွားတဲ့ စာရွက်တွေအပြင် ပြက္ခဒိန်တလိပ်လဲ ပါလာတယ်လေ။ ပါးစပ်ထဲ ရှိရာပြောတဲ့ ပတ်စပို့ သက်တမ်းတိုးခကို "လျှော့ပေးလိုက်မယ် ပြက္ခဒိန် ဒါမှမဟုတ် မဂ္ဂဇင်းဝယ်ပါ"ဆိုပြီး မဝယ်မနေရလုပ်နေလို့ ဝယ်လာခဲ့ရတာတာပါ။ ပထမတခါ သွားကတည်းက ကိုယ့်ရှေ့ကလူတွေကို အဲလိုဘဲလုပ်နေတာ၊ အိမ်ကြီးရှင်အလှည့်မှာတော့ နင့်နေအောင်ယူပြီးပြီမို့လားမသိဘူး ပတ်စပို့သက်တမ်းတိုးခဘယ်လောက်လို့ ပြောရုံကလွဲပြီး ဘာမှကိုထိုးမရောင်းလိုက်ဘူး။ အိမ်အပြန်ရထားထဲ ပြက္ခဒိန်ကြီး ထိုးထိုးထောင်ထောင်နဲ့ အတော်ရှုပ်။

ပတ်စပို့ရပြီးတော့ ဗီဇာသက်တမ်းတိုးဖို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးကို ထပ်သွားရတယ်။ ရှီနဂါဝဘူတာကနေ မြန်မာသံရုံးသွားတာရဲ့ ဆန့်ကျင်ဘက်ကိုသွားပြီး busတဆင့်ကို ဂိတ်ဆုံးစီးရင်ရောက်တယ်။ ကားပေါ်မှာ အဲဒီကိုသွားတဲ့ နိုင်ငံခြားသားတွေ အမြဲရှိတယ်။ သက်ဆိုင်ရာကောင်တာမှာ တုံကင်ရဖို့ တန်းစီရတယ်။ နေ့တိုင်း လူတွေ ရာထောင်ချီ ရှိမလားဘဲ။ ဒါပေမယ့် အရမ်းအကြာကြီး တန်းမစီရဘူး။ ကောင်တာထိပ်မှာ လူ၂ယောက်က စာရွက်တွေ စစ်ကြည့်၊ လိုတာထပ်ဖြည့်ဖို့မှာပြီး တုံကင်စာရွက်ပေးလိုက်တယ်။ သူများနိုင်ငံက စနစ်ကျပုံများ။ ကိုယ့်အလှည့်ရောက်ဖို့ အတော်စောင့်ရတယ်ဆိုပေမယ့် ရာချီနေတဲ့လူတွေအတွက် ကောင်တာ ၄ခု ၁ခုမှာ ၂ယောက်စီနဲ့ အလုပ်လုပ်သွားတာ တွက်ကြည့်ရင် လူတယောက် တမိနစ်နှုန်းတော့ ရှိပါတယ်။ အဲဒီရက်က ၂ယောက်အတူ ဗီဇာတွဲတင်ခဲ့တယ်။

နောက်၂ပတ်ကျော်ကျော်ကြာတော့ အကြောင်းကြားစာရောက်ပါတယ်။ ရုံးအောက်ထပ်က ဆိုင်မှာဖြစ်ဖြစ် စာတိုက်မှာဖြစ်ဖြစ် ဗီဇာသက်တမ်းတိုးဖို့အတွက် ယန်းလေးထောင်တန် တံဆိပ်ခေါင်း တယောက်တခုဝယ်ပြီး formမှာ ကပ်ရတယ်။ ဒီတံဆိပ်ခေါင်း ပိစိကွေးလေးက ယန်းလေးထောင်တန်တာမို့ အတော်အံ့ဩမိတာ။ အတုလုပ်တဲ့သူ မရှိဘူးလားလို့ တွေးမိတယ်။ ဒီလောက် စည်းကမ်းကြပ်တဲ့နိုင်ငံမှာ ခိုးလုပ်လဲ မိမှာပေါ့လေ။ ပြီးတော့ ဒီတံဆိပ်ခေါင်းက ဒီလို အရေးကြီးတဲ့နေရာမှာ သုံးတာမို့ ဘယ်သူမှလဲ အတုမလုပ်ရဲလောက်ပါဘူး။ ကိုယ့်ဘာသာ အတွေးခေါင်ကြည့်တာ။ အဲမှာလဲ တန်းစီ တုံကင်ယူပြီး အတော်စောင့်ရတယ်။ ထိုင်ခုံတွေရှိပေမယ့် အဲဒါနဲ့ မလောက်အောင်ကို များတာပါ။ အပြင်မှာ အတော်အေးပေမယ့် အဲဒီထဲမှာ heaterဖွင့်ထားဖို့မလိုအောင် လူငွေ့တွေနဲ့ အိုက်စပ်စပ်ဖြစ်နေတယ်။

တကယ်က အဲဒီနေ့မှာ တခါတည်း အချိန်ပိုင်းအလုပ်လျှောက်လွှာတင်ဖို့ပါဘဲ။ ဗီဇာမှာ အဲလောက်ကြာမယ်မထင်မိတာ အတော်ကြာသွားတာ။ နေ့လည်၁၂နာရီထိုးဖို့နီးသွားပြီး သူကအလုပ်ဆက်သွားရမှာမို့ ပြန်ခဲ့ရတယ်။ နဲနဲကောက်ကွေးလုပ်ပြီး ပြန်ခဲ့တာပေါ့။ တခါတည်းပြီးမယ် မှန်းထားမိတာကိုး။ သူက နောက်ရက်ထပ်သွားမယ်ပြောပေမယ့် သူမပြောခင် သူငယ်ချင်းနဲ့ ချိန်းပြီးသွားဖို့ တိုင်ပင်ပြီးသွားပြီ။ စဉ်းစားကြည့်တော့လဲ သူငယ်ချင်းနဲ့ဆို စောင့်နေရတဲ့အချိန်မှာ စကားပြောနေရင်လို့ရတယ်။ သူနဲ့ဆို ဝစီပိတ်လုပ်နေတာမို့ တယောက်ထဲ ငေါင်နေရတာ။

ဒီလိုနဲ့ မနေ့က တခေါက် ရှီနဂါဝကို ထပ်ရောက်တယ်။ ရှီနဂါဝဘူတာက အတော်ကြီးတဲ့ဘူတာတခုပါ။ အဲဒီမှာ ရုံးတွေများတာမို့ လူအသွားအလာလဲ တော်တော်များတယ်။ ရဲတွေလဲများတယ်။ ရဲဆိုပေမယ့် အရပ်ဝတ်စုံနဲ့ပါ။ ရုတ်တရက် ရှေ့မှာလာရပ်ပြီး သူတို့ရဲ့ ရဲဝန်ထမ်းကဒ်ဖွင့်ပြလို့ နိုင်ငံခြားသားကဒ် ထုတ်ပြပါလို့ ပြောတာမျိုး။ သူနဲ့အတူသွားတုန်း ၂ခါလောက် ကြုံဘူးတယ်။ ပြီးရင်ဘယ်သွားမှာလဲပေါ့။ ရှောင်တခင်စစ်တဲ့သဘောပါ။ ဒီဘူတာမှာ နိုင်ငံခြားအသွားအလာများလို့ တရားဝင်နေတာ ဟုတ်/မဟုတ် စစ်တယ်။ သူကတော့ နိုင်ငံခြားသားကဒ်အပြင် အလုပ်လုပ်နေတဲ့ ကုမ္ပဏီကဒ်ပါထုတ်ပြလိုက်တယ်။ တခါတလေ နိုင်ငံခြားသားကဒ်ထုတ်ပြလဲ ဘာလုပ်နေလဲ ဘာညာမေးခွန်းတွေက လာသေးတယ်လေ။ အဲဒီတော့ တခါထဲ ကုမ္ပဏီကဒ်တွဲပြလိုက်ရင် ဘာမှမမေးတော့ဘူး။ ပြီးခဲ့တဲ့ တခေါက်သွားတုန်းကတော့ ရဲလာမမေးဘူး။ မနေ့က တယောက်ထဲသွားတော့လဲ လာမစစ်ဖူးရယ်။ ကိုယ်ကတောင် သူတို့ကိုမတွေ့လို့ ဘယ်နားက ပေါ်လာမလဲလို့ တချက်ရှာကြည့်လိုက်မိသေးတယ်။ :D

ခုရက်ပိုင်းမှာ နေလို့လဲမကောင်းပါဘူး။ ဟိုနာလဲနာ ဒီနားလဲနာ တကိုယ်လုံးမနာ ကွက်တိကွက်ကြားနာဖြစ်နေတာ။ ဖျားမလိုဖြစ်ရာကနေ အချိန်မှီဆေးသောက်လိုက်တော့ မဖျားဘဲ အစွယ်အပွါးဖြစ်တဲ့ နှာစေးချောင်းဆိုးက ကျန်နေတယ်။ ရာသီဥတုကလဲ တနေ့ရွှေ တနေ့ငွေနဲ့။ ဒီကြားထဲ မိုးပါရွာတော့ နှာစေးက မပျောက်နိုင်ဘူး။ မျက်လုံးတွေလဲ ပူလာတယ်။ ဆေးတော့ သောက်ပေမယ့် ကိုယ့်ကိုယ်ထဲကပိုးကဘဲ အသက်ရှည်တာလား ဂျပန်ကဆေးကဘဲ ပျော့တာလားမသိ မပျောက်နိုင်သေးဘူးရယ်။ သွားမယ့်နေ့ မတိုင်မီ မိုးလေဝသကြည့်တော့ မိုးဖွဲဖွဲရွာမယ် လေလဲပြင်းမယ် အေးမယ်ဆိုတော့ အင်္ကျီအထပ်ထပ်အပြင် "ဟော့ကအိရို့"လို့ခေါ်တဲ့ heater packကို ဗိုက်မှာတခု ခါးမှာတခု ကပ်လို့ လက်နက်အပြည့်အစုံနဲ့ သွားရတယ်။ အဲဒါမှအတော်ဘဲ။

ရုံးမှာ သူငယ်ချင်းက ဗီဇာသက်တမ်းတိုးလျှောက် ကျမက shikakugaiလျှောက် ၂ခုလုံးပြီးသွားတော့ ကြုံတုန်း တခြားကောင်တာမှာ multiple re-entryလျှောက်လိုက်တယ်။ အဲဒါက တခါတည်း ပြီးပါတယ်။ ရိုးရိုး re-entryဆိုရင် ယန်းသုံးထောင်တန်တံဆိပ်ခေါင်းကပ်ရတယ်။ တကြိမ်ပြန်လို့ရတယ်။ multiple re-entryဆို ယန်းခြောက်ထောင်တန် တံဆိပ်ခေါင်းကပ်ရတယ်။ ကိုယ့်ရဲ့ဗီဇာသက်တမ်းအတွင်း အကြိမ်ကြိမ်ပြန်လို့ရတယ်ဆိုတော့ multiple re-entryဘဲ လျှောက်ထားလိုက်တယ်။ ပြန်ဖြစ်တာ မပြန်ဖြစ်တာကတပိုင်း၊ ရှိထားတော့ ပြန်မယ်ဆို လိုအပ်တဲ့ အလုပ်တခုရှင်းထားတာပေါ့။

အဲဒီကအပြန် နေ့လည်၁နာရီကျော်နေပြီမို့ ဘူတာနားမှာ စားစရာဆိုင်ရှာပါတယ်။ ရှီနဂါဝဘူတာနဲ့ ဆက်ရက် "အတိုရဲ" (atré)ဝင်ကြည့်တာ ဆိုင်တွေက ဘားပုံစံချည်းနဲ့ ဈေးလဲသိပ်သက်သာတာမို့ အေးအေးဆေးဆေး ထိုင်လို့ရမယ့် ဆိုင်လိုက်ရှာတယ်။ သူငယ်ချင်းက ဖုန်းကနေ ဆိုင်ရှာပြီး google map ကတဆင့် လျှောက်သွားတယ်။ မိုးရွာထဲ ဟိုလည် ဒီလည်နဲ့ တော်တော်ကြာသွားတယ်။ တကယ်ဆို ဘူတာကနေ ကုန်းကျော်တံတားလမ်းအတိုင်း လျှောက်သွားလိုက်ရင်ရတာကို အောက်ဆင်း လမ်းကူးပြီး လျှောက်ရှာနေလို့ မတွေ့တာ။ ဝင်သွားတဲ့ ဆိုင်က gusto (ガスト) ဆိုတဲ့ဆိုင်။ အဲဒီဆိုင်ခွဲလိုမျိုး အိမ်နားမှာလဲရှိပါတယ် ၂ခါ လောက် စားဖူးတယ်။ ဒါပေမယ့် ဒီ ရှီနဂါဝဘူတာနားကဆိုင်လောက် ချာတူးလန်တာ ပထမဆုံး ကြုံဖူးတယ်ပြောရမယ်။ ဆေးလိပ်မသောက်ရတဲ့ ထိုင်စရာနေရာမရှိလို့ ပထမပိုင်း ဆေးလိပ်နံ့ အတော်ခံလိုက်ရတယ်။ ၂ယောက်သား မှာပြီးသားရောက်လာတော့ သူငယ်ချင်းက တဇွန်းနှစ်ဇွန်းစားရင်း အသားလဲ မပါသလောက်ဘဲလို့ပြောတယ်။ ပြထားတဲ့ပုံနဲ့ ချပေးတာ ကွာတတ်မှန်းသိပေမယ့် ခုလို ထမင်းတပန်းကန်လုံးမှာ အသားလွှာကြော်ကို တဇွန်းသာသာလောက်သာပါတာတော့ လွန်ပါတယ်။ ပုံထဲမှာက ထမင်းတပြင်လုံးနီးပါးဖုံးနေအောင် အသားပုံနဲ့ ပြထားတာကိုး။

သူငယ်ချင်းပြောမှ ကိုယ့်ပန်းကန်ကို ကြည့်မိတယ်။ "ကင်ချီ ချီဂဲ"မှာတာ အသားလုံးဝကို မပါလာတာပါ။ ကိုယ်ဘဲမှားသလားပေါ့။ သူငယ်ချင်းက မကျေနပ်ဖူး ခေါ်ပြောမယ်ဆိုတာနဲ့ လှမ်းခေါ်ပြောမှ ဟယ် အသားမပါသွားဘူးလား ပြန်ပြင်ပေးမယ်ဆိုပြီး ယူသွားတယ်။ အထဲက ဥဒွန်းဂျုံကြာဇံပြားတုတ်တုတ်တွေက ၃မျှင်လောက် စားပြီးနေပြီ။ နဂိုကတည်းက အများကြီးမစားနိုင်လို့ နည်းတာမှာပါတယ် ၂ခါ ပြန်စားရသလို ဖြစ်သွားတယ်။ ဒုတိယတခေါက်မတော့ ပုံထဲကလိုမဟုတ်မယ့် အသားလွှာပါးပါးလေး ၄ဖတ်လောက်ပါလာတယ်။ ဥဒွန်းဖတ်တွေက မစားနိုင်တော့တာမို့ နဲနဲဘဲစားလိုက်တယ်။ တခြားအစီအငေါ်မတည့်တာလဲ အများကြီးဘဲရယ်။ နောက်မလာတော့ဘူး "ရှီနဂါဝက ဂတ်စုတို"ရေ။

အေးအေးဆေးဆေး ဆက်ထိုင်ချင်ပေမယ့်လဲ ရုံးဆင်းချိန် တိုက်ရင် ရထားကြပ်တော့မှာမို့ ပြန်လာခဲ့တယ်။ သူငယ်ချင်းက စကားတပြောပြောနဲ့ဆိုတော့ ယောင်ပြီး ကိုယ်စီးမယ့်ရထားလိုင်းဘက်လိုက်လာလို့ သတိပေးရတယ်။ ဘူတာပလက်ဖောင်းတူပေမယ့် သူနဲ့ကိုယ်က ကျောချင်းဆိုင် ဆန့်ကျင်ဘက်ကို ပြန်ရမှာလေ။ ကိုယ့်ဘက်ရထားအရင်ဆိုက်တော့ တာ့တာလုပ်ပြီး အရင်ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ကပ်ထားတဲ့ heater packက အပူလျော့လာပြီလေ။ အိမ်နားမှာ ဈေးဝင်ဝယ်၊ အိမ်ရောက်တော့ လက်ဖက်ရည်တခွက်သောက် ဗိုက်ဖြည့်နားနေလိုက်တယ်။ ဒါကို နှာခေါင်းက တော်တော်ပိတ်ပြီး မျက်လုံးတွေပူလာလိုက်တာ။ အဖျားတော့ မရှိပါဘူး။ မအိပ်ခင် 'ဂျပန်ဆေးကလဲ အားပျော့လိုက်တာလို့' ပတွတ်ပြီး ဆေးသောက်အိပ်လိုက်တယ်။ မနက်ကျ ထမင်းဘူးလဲ မထည့်ပေးနိုင်တော့ဘူး။ ခုထိ နှာခေါင်းတပေါက်နဲ့ အသက်ရှူရတုန်း။ တဖက်က ပိတ်နေလို့။ ၂ဖက်လုံးမပိတ်တာ တော်သေးတယ် ပြောရမယ်။ နို့မို့ဆို ပါးစပ်နဲ့ ရှူနေရလိမ့်မယ်။ တပတ်ကျော်လို့ လျှောက်လွှာပြန်ကျလာရင် ရှီနဂါဝ ထပ်သွားရဦးမှာမို့ အဲဒီမတိုင်ခင် နှာပိတ်နှာမွှန်ပျောက်ချင်ပါရဲ့။

Read More...

Saturday, February 13, 2010

ချစ်တူမလေး



မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့ ပြည်ထောင်စုနေ့ ည၉နာရီ ၄၅မိနစ်မှာ အမက သမီးဦးလေးကို သဘာဝအတိုင်း မွေးဖွားခဲ့တယ်။ အမေရော ကလေးပါ ကျန်းကျန်းမာမာမို့ စိတ်ချမ်းသာပါတယ်။ တူမလေးက ၆.၉ပေါင် (၃.၁ကီလို) ရှိတယ်။ အရပ်အရှည်ကတော့ မတိုင်းပေးလို့ မသိရသေးပါဘူး။ နီတာရဲလေးမို့ အသားဖြူမယ်ထင်တယ်။ အမအပြောအရ ဆံပင်မထူမပါးနဲ့ အဖေတူစွာ မျက်ရစ်မရှိဘူးတဲ့။ ကျမကြည့်တာတော့ အမနဲ့ ပိုတူပါတယ်။ မျက်နှာဝိုင်းတာရော မျက်ခုံးပုံရော။ မွေးခါစပေမယ့် သူ့ကိုဓာတ်ပုံရိုက်တော့ ရိုက်တဲ့ဘက်ကို လိုက်လှည့်ကြည့်နေတယ်လို့ မောင်လေးက ပြောတယ်။ မောင်လေးလဲ ဦးလေးဖြစ်၊ ကျမလဲ အဒေါ်ရာထူးတိုး အမေလဲ အဖွားဖြစ်ပြီ။ နယ်မှာနေတဲ့ အဖွားလည်း အဦးဆုံး မြစ်မကလေးရသွားပြီ။ အမေ့ဘက်က မွေးတဲ့ ဝမ်းကွဲတွေထဲ ကျမတို့အပါအဝင် မောင်နှမဝမ်းကွဲ၁၄ယောက်လုံးကို ကြီးစဉ်ငယ်စီလိုက်ရင် အမက အကြီးဆုံးပါ။ ဒါကြောင့် အမရဲ့ကလေးက "သမီးဦး မြေးဦး မြစ်ဦး"လေးပေါ့။ မနေ့ညနေကတည်းက အိမ်ကို ဖုန်းခေါ်လိုက် အခြေအနေမေးလိုက်နဲ့ လည်ပင်းရှည်နေမိတယ်။ ည၂နာရီ ခွဲမှာ အမနဲ့ ဖုန်းပြောလိုက်ရတာကြောင့် စိတ်အေးလက်အေး ဖြစ်သွားတယ်။ မနက်နိုးတာနဲ့ မောင်လေးပို့လာမယ့် ဓာတ်ပုံကို မျှော်နေမိတာ။ တူမအချောပုံလေးကို ကြည့်မဝဘူး။ ကျမတို့အားလုံးမှာ အိမ်ခေါ်အမည်သပ်သပ်စီရှိတာကြောင့် တူမလေးအတွက် အိမ်ခေါ်အမည် စဉ်းစားလိုက်ဦးမယ်။ ကျမရဲ့ အိမ်ခေါ်အမည်ကလည်း အဒေါ်တွေပေးထားတာတဲ့လေ။

Read More...

Thursday, February 4, 2010

မှန်းချက်နဲ့ နှမ်းထွက်


ယောင်ခြောက်ဆယ် ခုနှစ်ဆယ် ရှစ်ဆယ်နဲ့ အချိန်ဖြုန်းနေတဲ့အတောအတွင်း ဂျပန်စာ စာမေးပွဲရဲ့ ရလာဒ် အကြောင်းကြားစာ ရောက်လာတယ်။ schedule ထဲမှာ ဖေဖော်ဝါရီ လလယ်လောက်မှ အကြောင်းကြားမယ် ရေးထားလို့ နောက်တပတ်ထဲမှာ သိရလောက်မယ် ထင်ထားတာ။

အောင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။ အမှတ်ကိုဘဲ သိချင်ခဲ့တာ။ စာမေးပွဲပြီးပြီးချင်းကနေ ၂ရက်လောက်က သူငယ်ချင်းပြောပြတဲ့ တရုတ်ဆိုက်တွေမှာ စာမေးပွဲပြီးပြီးချင်း တဖြည်းဖြည်းနဲ့ မေးခွန်းတွေ (တရားမဝင်)တင်ထားပေးတာမို့ အဲဒီမှာ သွားရှာဖတ်ပြီး အမှတ်တွက်ကြည့်နေခဲ့တာ။ ခန်းဂျီး Vocabulary က တွက်ထားတဲ့အတိုင်း ကွက်တိ ၇၃မှတ်ရတယ်။ Reading Garammar က ကိုယ်ရွေးခဲ့တဲ့ အဖြေကို ပြန်မမှတ်မိလို့ ၁၄၅မှတ်လောက်ရမယ် မှန်းထားတာ ၃မှတ်တိုးပြီး ၁၄၈မှတ်ရတယ်။

Listeningက ၂ပိုင်း ရှိတာ ပုံမပါတဲ့ မေးခွန်းတွေကို အဖြေမှတ်မိပေမယ့် ပုံနဲ့တွေကို သိပ်မမှတ်မိဘူး။ တရုတ်ဆိုက်ကလည်း ပုံနဲ့မေးခွန်းကို စကားပြောနဲ့ အဖြေသာ တင်ထားပေးပြီး ပုံမရှိတာမို့ ဘယ်ပုံကို ရွေးခဲ့မှန်း မမှတ်မိပါဘူး။ စာမေးပွဲပြီးတာနဲ့ မှတ်ထားသမျှတွေ ခေါင်းထဲက ထုတ်ပစ်လိုက်တဲ့ အကျင့်ကြောင့်လဲ ပါပါတယ်။ ဒါကြောင့် မှန်းခြေအနေနဲ့ အနဲဆုံး ၇၆မှတ် အများဆုံး ၈၃မှတ်လို့ တွက်ထားခဲ့တယ်။ အမှတ်၄၀၀ဖိုးမှာ စုစုပေါင်း ၂၉၄မှတ်လောက် တော့ ရမယ်မှန်းထားခဲ့ပါတယ်။

မထင်မှတ်ဘဲ Listening အမှတ်၉၀ရတာမို့ အံ့ဩသွားမိတယ်။ အဲလောက်ဖြေနိုင်ခဲ့တာလဲမဟုတ်တော့လေ။ တချို့မေးခွန်းတွေဆို ရှေ့မေးခွန်းမှာ စိတ်ကကျန်ခဲ့လို့ နောက်မေးခွန်းကို တဝက်လောက် လွတ်သွားတာတွေ အများကြီး ရှိတယ်။ အမှန်းနဲ့ရွေးခဲ့တာ ကံကောင်းသွားပုံရပါတယ်။ Listeningဖြေလို့ရရခြင်းရဲ့ နောက်တချက်က တီဗီကကြည့်လွန်တာလဲ ပါတယ်။ အိမ်မှာ တယောက်ထဲမို့ တိတ်ဆိတ်နေမှာစိုးလို့ ကြည့်ကြည့် မကြည့်ကြည့် တီဗီကို ဖွင့်ထားဖြစ်တယ်။ မနက်ပိုင်းဆို သတင်း၊ နေ့လယ်ပိုင်းကို ဇာတ်လမ်း၊ ညနေပိုင်းသတင်း၊ ညဘက် ဉာဏ်စမ်းအပါအဝင် အစီအစဉ်အမျိုးမျိုး နေ့တိုင်းပါပဲ။ ဘလော့ရေး ဘလော့ဖတ်လည်း တီဗီရှေ့မှာပါဘဲ။ ဒီတော့ သေချာမကြည့်ဖြစ်တာတောင် ဂျပန်လို ပြောသံက မပြတ်ကြားနေရပါတယ်။

လွှင့်သမျှအားလုံး နားလည်တာတော့မဟုတ်ပါဘူး။ ဘာပြောမှန်း နားမလည်တာတွေ အများကြီးပါ။ ကိုယ့်ဘာသာ အမှန်းနဲ့ ဒါကိုဆိုလိုတာဖြစ်မယ်လို့ တွေးယူပြီး သဘောပေါက်လိုက်တာပါ။ အရင်ကဆို ဂျပန်သီချင်းတွေလည်း နားထောင်ဖြစ်တယ်။ သီချင်းနားထောင်ရင် မသိတဲ့စာသားရဲ့ အဓိပ္ပာယ်ကို ရှာရင်း စာလုံးအသစ်တွေ သိရပါတယ်။ ဒီနောက်ပိုင်း အရင်ကလို တကူးတကရှာပြီး နားထောင်တာ သိပ်မလုပ်ဖြစ်တော့ဘူး။ တခါတလေမှ ကိုယ်ကြည့်တဲ့ အစီအစဉ်မှာ တီဗီကလွှင့်တာနဲ့ ကြုံမှ ကြည့်ဖြစ်တော့တယ်။

ဂျပန်ကာတွန်းကားလည်း ကြုံကြိုက်ရင် ကြည့်တယ်။ မြန်မာမှာတုန်းက ကာတွန်းကားဆို pixar က ထုတ်တဲ့ 3Dကာတွန်းကားတွေ မပြတ်ကြည့်တယ်။ တခါ လမ်းဘေးဆိုင်က 3Dကာတွန်းကား DVDဝယ်ရင်း အဲဒီထဲမှာ ဂျပန်ကာတွန်းကား တခုပါလာတယ်။ ပထမဆုံးကြည့်ဖြစ်တဲ့ ဂျပန်ကာတွန်းရုပ်ရှင်လို့ ပြောရမှာပါ။ Spirited Away ဆိုတဲ့ "ဆဲန် နဲ့ ချိဟိရို့ ရဲ့ နတ်ဖွက်ခြင်း" (千と千尋の神隠し - Sen to Chihiro no Kamikakushi) ဆိုတဲ့ကားပါ။ အဲဒီကနေ ဂျပန်ကာတွန်းတွေကို စိတ်ဝင်စားလို့ ကြုံရင်ကြည့်ဖြစ်လာတယ်။

ကာတွန်းကားကြည့်တဲ့အကြောင်းရေးတာက စာမေးပွဲနဲ့ ဘယ်လိုဆိုင်လဲဆို ဒီနှစ် Listening ရဲ့ ပုံမပါတဲ့ မေးခွန်းတခုမှာ သိပ္ပံကာတွန်းကားရဲ့ တစိတ်တပိုင်းလို စကားပြောတဲ့ မေးခွန်းပါပါတယ်။ ကာတွန်းကားဆိုတော့ ပုံမှန်အသံလဲ မဟုတ်ပါဘူး။ ဂျပန်ကာတွန်းကား မကြည့်ဖြစ်သူအတွက်ဆို စကားသံ စထွက်လာတာနဲ့ ပြာသွားနိုင်ပါတယ်။ ကိုယ်တိုင်တောင် ဟဲ့!ဘာပါလိမ့်လို့ ဖြစ်သွားပါသေးတယ်။ ဒီလင့် http://mymedia.yam.com/m/2972781 မှာ နားထောင်လို့ရပါတယ်။ အဲဒီမေးခွန်းလဲပြီးရော စာမေးပွဲအခန်းထဲ ရီသံတချို့နဲ့ ရေရွတ်သံတွေ ထွက်လာပါတယ်။ ဒီမှာရောက်နေသူအဖို့တော့ ဟာသဖြစ်နေမှာပါ။ ဂျပန်ကာတွန်းကား ကြည့်နေကြမဟုတ်သူအတွက်တော့ ဘာကိုလိုက်နားထောင်ရမှန်းမသိသလို လွတ်သွားနိုင်ပါတယ်။

ဒီတော့ လိုရာဆွဲပြောရရင် တီဗီကြည့်လိုက် ကာတွန်းကားကြည့်လိုက် လုပ်တာဟာလည်း စာမေးပွဲအတွက် အထောက်အကူရတယ် ဆိုတာပါ။ စာမေးပွဲအောင်တာနဲ့ စာတတ်သွားပြီလားဆိုတော့ မဟုတ်ပါဘူး။ စာမေးပွဲပြီးတာနဲ့ စာအုပ်တွေ စာအုပ်စင်ထဲ သပ်သပ်ရပ်ရပ် ပြန်ရောက်ကုန်ပါပြီ။ စာဆိုတာ ဖတ်မနေရင် မေ့သွားတာမျိုးမို့ ခုနေ ပြန်ဖြေကြည့်ရင်တောင် အောင်မယ်လို့ တထစ်ချ မပြောနိုင်ပါဘူး။ တနေ့နဲနဲ စာဖတ်နိုင်အောင်လုပ်မယ်လို့ စိတ်ကူးပေမယ့် ဖတ်တရက် မဖတ်ဆယ်ရက်နဲ့ပါ။ ကျက်ထားမှတ်ထားတဲ့စာလေးတွေ လုံးလုံးမမေ့ခင်တော့ ပြန်ဖတ်ဦးမှပါလေ။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP