Thursday, November 20, 2008

ငတက်ပြား


(လေး)
လှိုင်ဝင်း စတုတ္ထတန်းသို့ ရောက်လာလေပြီ။
စတုတ္ထတန်းသည် မြို့နယ်စုပေါင်းစာစစ်အဖွဲ့က စာမေးပွဲစစ်မေးသည် ဖြစ်ရကား မူလတန်းကျောင်းအတွက် အရေးအကြီးဆုံး ဖြစ်လေသည်။ မူလတန်းကျောင်းတကျောင်း၏ ပညာရည်အဆင့်နှင့် ထိုကျောင်းတွင် သင်ပြသော ဆရာဆရာမတို့၏ ဂုဏ်သိက္ခာကို စတုတ္ထတန်းအောင်စာရင်းက အဆုံးအဖြတ် ပေးနိုင်လေသည်။ တတိယတန်းနှင့် စတုတ္ထတန်းကို ဆရာမုန်း ကိုင်လေသည်ဖြစ်ရာ စတုတ္ထတန်း အောင်ချက်ရာနှုန်း ကောင်းဖို့အရေးသည် ဆရာမုန်း၏တာဝန် ဖြစ်လာလေသည်။ ကျေးလက်မူလတန်းကျောင်းများ၏ အစဉ်အလာမှာ သီတင်းကျွတ်သည်နှင့်တပြိုင်နက် စတုတ္ထတန်း ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာက မိမိအိမ်သို့ ညခေါ်သိပ်ကာ သင်ခန်းစာ သင်ကြားပေးခြင်း၊ စာကျက်စေခြင်းတို့ဖြင့် အောင်ချက်ရာနှုန်း ကောင်းစေရေးအတွက် အထူးကြိုးပမ်းလေ့ရှိသည်။

ဆရာမုန်းအတွက် ပို၍အဆင်ပြေလေသည်။ ဆရာမုန်းသည် ဘုန်းကြီးကျောင်းဝိုင်းအတွင်းရှိ စာသင်ကျောင်းအနီး ဇရပ်တဆောင်ပေါ်တွင် နေထိုင်လေရာ စတုတ္ထတန်း ကျောင်းသားများကို ခေါ်သိပ်လိုက်ရုံသာ။ အဖော်လည်း ရသေးသည်။ သင်ခန်းစာလည်း သင်ပြရသည်။ တချက်ခုတ် နှစ်ချက်ပြတ်လေသည်။ ယခုနှစ် စတုတ္ထတန်း ကျောင်းသားပေါင်း ခုနှစ်ယောက်သာရှိသည်။ နှစ်ဦးက မိန်းကလေးများ ဖြစ်ကြ၏။ မြေပန်းတောင်းရွာနှင့် ရေမြက်ရွာတို့မှ ဖြစ်ကြလေသည်။ သူတို့အတွက် ညကျောင်းတက်ရေး မစီစဉ်နိုင်။ နေ့ကျောင်းတက်ချိန်အတွင်းမှာပင် သီးခြားအစီအစဉ်ဖြင့် အချိန်ပို သင်ကြားပေးလေသည်။

ယောက်ျားလေးငါးဦးမှာမူ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေလျက် မူလတန်းကျောင်းတက်သည်ဖြစ်လေရာ ထာဝရတွေ့ဆုံ သင်ကြားပေးနိုင်လေသည်။ နှစ်စကတည်းကပင် ဆရာမုန်းသည် သူတို့ကို မိမိဇရပ်တွင် ခေါ်တင်ထားလိုက်သည်။ ဇရပ်ပေါ်မှာပင် သင်ပုန်းကြီး ထိုင်ခုံများဖြင့် စာသင်ခန်းအဖြစ် ဖန်တီးထားရလေသည်။
လှိုင်ဝင်း၊ ခင်မောင်ရင်၊ တင်လှိုင်၊ ကျော်စိုး နှင့် စံပို....။

"ဆရာမုန်းနော် သူခိုးကို ဘဏ္ဍာစိုးအပ်သလို ဖြစ်နေဦးမယ်။ ကောင်လေးကို ဂရုစိုက်"
ဆရာတော်က သတိပေးလေသည်။ လှိုင်ဝင်းသည် ဆရာမုန်းအပေါ် ပို၍သံယောဇဉ်ကြီးလေရာ ဆရာမုန်း၏ အဝတ်အစားများကို လျှော်ပေးခြင်း၊ ထမင်းဟင်း ချက်ပေးခြင်း စသည်ဖြင့် စိတ်လိုလက်ရ ကူညီလေ့ရှိလေသည်။ ဆရာမုန်းထံသို့ တခါးမရှိ ဓားမရှိ ဝင်ထွက်နေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာတော်က သတိပေးခြင်း ဖြစ်လေသည်။ ဆရာမုန်း ယုံကြည်ထားလေသည်။ လှိုင်ဝင်းသည် မိမိအပေါ်တွင် သံယောဇဉ် ရှိနေပေပြီ။ မိမိပစ္စည်းကိုကား ခိုးလိမ့်မည်မထင်။ ထို့ကြောင့် လှိုင်ဝင်းအပေါ် အကြွင်းမဲ့ ယုံကြည်ဟန် ပြထားရသည်။ အဖိုးတန် အရေးကြီးသည့် ပစ္စည်းကိုမှ လုံခြုံစွာထားရလေသည်။

စမ်းကြည့်မိသည်။ ငွေအကြွေလေးများကို ရေတွက်မှတ်သား၍ အမှတ်တမဲ့ အလွယ်တကူ ထားပုံမျိုး။ ခဲတံ၊ ကျောက်တံ၊ ဖော့ဖျက်စသည့် အသေးအဖွဲ ပစ္စည်းကလေးများကို အမှတ်အသားဖြင့် အမှတ်မထင် ထားလေဟန်မျိုး.....။ ဆရာမုန်း စိတ်မကောင်းကြီးစွာ ဖြစ်ရလေသည်။ လှိုင်ဝင်းသည် သူ့ဉာဉ်ဆိုးကို မဖျောက်ပေတကား။ ငွေနှစ်ကျပ် သုံးကျပ်ထဲမှ ငါးမူး သုံးမတ် မသိမသာယူခြင်း၊ အသေးအဖွဲ ပစ္စည်းကလေးများထဲမှ တခုစနှစ်ခုစယူခြင်းတို့ဖြင့် သူ၏အခြေအနေမှန်ကို ပြသလျက်ရှိပေသည်။

ဝါဆိုလတွင် ကျောင်းအနည်း၌ ဂေါတမဘုရားပွဲတော်ကြီး ရှိလေသည်။ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဆပ်ကပ်ရုံနှင့် ရုပ်သေး၊ ဇာတ်၊ ဗလာပွဲများ ပါဝင်လေသည်။ ဆိုင်ဈေးတန်းများဖြင့် စီကားလှသည်။ လဆန်း ၈ရက်နေ့မှ လပြည့်ကျော် ၂ရက်နေ့အထိ ခင်းကျင်းလေသည်။ ဆရာမုန်းသည် လှိုင်ဝင်းအား ပွဲတော်တွင် မခိုးမဝှက်စိမ့်ငှါ သူ့ဘိုးအေကို မုန့်ဖိုးအလုံအလောက် ပေးစေလေသည်။ မိမိကလည်း တတ်အားသ၍ ပေးလေသည်။ ပွဲတော်တွင်း မခိုးမဝှက်ရန်လည်း အသေအချာ ဆုံးမဩဝါဒ ပေးထားရ၏။

သို့သော်....။

"ဆရာ လှိုင်ဝင်းညက ဇာတ်ပွဲထဲမှာ အိပ်ပျော်နေတဲ့ လူတွေစီက ဖိနပ်တွေ အလစ်သုတ် ချွတ်ယူလာပြီး ဖိနပ်ပြင်ကုလားစီ ရောင်းစားတယ်ဆရာ။ ဖိနပ် ၁၀ရံ ငွေ အစိတ်ရသတဲ့ ဆရာ"
လှိုင်ဝင်းနောက်သို့ ထောက်လှမ်းရေးထည့်ထားသည့် ကျောင်းသားကလေး နှစ်ယောက်က သတင်းဆိုးကို ပေးပို့လာသည်။ ဆရာမုန်းက လှိုင်ဝင်းကိုခေါ်၍ တိုးတိုးတိတ်တိတ် စစ်ဆေးမေးမြန်းကြည့်ရသည်။ သူ ခိုးမိကြောင်း ဝန်ခံလေသည်။

"မင့်ဖိနပ် ဘယ်လောက်ပေးရတုန်းကွ"
လှိုင်ဝင်းမှာ လောလောဆယ် သူ့ဘိုးအေက ဖိနပ်သစ်တရံ ဝယ်ပေးထား၏။
"၁၇ကျပ် ပေးရတယ်ဆရာ"
"ဒီဖိနပ်မျိုး ၁၀ရံဆိုရင် ငွေဘယ်လောက်သင့်မလဲကွာ"
"၁၇၀"
"မင်းရောင်းခဲ့တဲ့ ၁၀ရံကျတော့ ငွေအစိတ်ထဲ ရတယ်ဆို"
"ခိုးရာပါ ပစ္စည်းမို့ လျှော့ရောင်းရတာပါ ဆရာရယ်"
လှိုင်ဝင်းက ပြုံး၍ ဖြေလေသည်။

"ဆုံးရှုံးရတဲ့သူမှာတော့ တန်ဖိုးအပြည့်ဆုံးရှုံးကြရရှာမှာပဲ မောင်လှိုင်ဝင်း။ ပွဲလမ်းသဘင်လာတာမို့ အသစ်ကို ချစီးလာကြမှာကိုး။ မင်းက အသက်နဲ့ ရင်းပြီးခိုးတယ်။ မိယင် မသက်သာဘူးနော်။ မသေတောင် ကျိုးပဲ့ကန်းမှာပဲ။ အနာတရဖြစ်မှာ သေချာတယ်။ ဒါပေမယ့် မင်းအတွက် ငွေအစိတ်ပဲ ခံစားရတယ်။ ဝယ်တဲ့သူက ခိုးရာပါ ပစ္စည်းဆိုပြီး ငွေ၇၀ကျော်ကြီးများတောင် ခေါင်းပုံဖြတ်လိုက်တာ မင်းသတိမူမိရဲ့လား။ ငွေအစိတ်ဟာလဲ မင့်မှာ ဘာများအဖတ်တင်သလဲ။ သူခိုးဆိုတဲ့နာမည်ပဲ အဖတ်တင်မယ် မောင်လှိုင်ဝင်း။ ဒီတော့ ခိုးတာဟာ ကောင်းသလားကွာ"
"မကောင်းပါဘူးဆရာ"
"မင်းလေးတန်းရောက်ပါပြီ။ စဉ်းစားတတ်ပြီ။ အသိသားနဲ့ မမိုက်ချင်စမ်းနဲ့ မောင်လှိုင်ဝင်းရယ်"
"ဟုတ်ကဲ့ပါဆရာ"

ဆရာမုန်း အတတ်နိုင်ဆုံး စောင့်ကြည့်နေသည်။ တညနှစ်ညအတွင်း လှိုင်ဝင်း ငြိမ်ငြိမ်ကလေး ကုပ်နေရှာသည်။ လပြည့်ညတွင်မူ ဆရာမုန်း၏ အလစ်တွင် လှိုင်ဝင်း ပျောက်သွားချေတော့သည်။ ဆရာမုန်းလည်း လှိုင်ဝင်း၏ အခြေအနေကို တစေ့တစောင်း အကဲခတ်နိုင်ရန် ပွဲတော်ခင်းသို့ ထွက်လာခဲ့ရသည်။

"သူခိုးဟေ့ သူခိုး သူခိုး ဆီးဖမ်းကြပါ"
"ဒီမှာ မိနေပြီဟေ့"
"ချကွာ ရိုက်ကွာ"
"ခွပ် ဗုန်း"
"အောင်မလေးဗျ"
"အသေသာဆော်ဟေ့"
ရုတ်ရုတ်သဲသဲ ဆူဆူညံညံအသံများဗလံများကြားတွင် လှိုင်ဝင်း၏ အော်သံ ညည်းသံကို ကြားလိုက်ရသဖြင့် လုစုစုရှိရာသို့ ဆရာမုန်း အမောတကော ပေးသွားရသည်။ ဝိုင်း၍ ရိုက်ခြင်းခံနေရသူကား လှိုင်ဝင်းပင်တည်း။ မကယ်လျှင် သေဖွယ်ရှိလေသည်။

"ဗျို့ ဆရာတို့၊ ကလေးပါဗျ။ ဒီလောက်မရိုက်ကြပါနဲ့။ ဥပဒေ"
တားရမသဖြင့် ဆရာမုန်းသည် လှိုင်ဝင်းကိုယ်ပေါ်သို့ ဝမ်းလျားမှောက်ကာ ကာကွယ်လိုက်ရသည်။
"ဟ ဟ တော်ကြတော့၊ ကျောင်းဆရာကို ထိသွားပြီ"
မှန်သည်။ ဆရာမုန်း၏ ချိုစောင်းတွင် ပူခနဲ ခံစားလိုက်ရသည်။ မျက်နှာပေါ်သို့လည်း သွေးများ ဖြာစီးလာသည်။ လူရှဲအသွားတွင် ဆရာမုန်းသည် လှိုင်ဝင်းကို ပွေ့ချီလျက် ယာယီပွဲတော် ရဲစခန်းသို့ အပ်လိုက်ရ၏။ သို့မဟုတ် လှိုင်ဝင်း၏ အသက်အန္တရာယ်မှာ စိတ်မချရပေ။ ဆရာမုန်း၏ ဒါဏ်ရာကို ကမ္မကျေးလက်ကျန်းမာရေးမှူးက ဆေးထည့် ပတ်တီးစည်းပေး၏။ လှိုင်ဝင်းကိုလည်း ပခုက္ကူဆေးရုံသို့ ပို့လိုက်ရသည်။

နောက်မှ အဖြစ်မှန်ကို စူးစမ်းလေ့လာကြည့်ရသည်။ လှိုင်ဝင်းသည် အထည်ဆိုင်မှ လုံချည်စတအုပ်ကို အတင့်ရဲစွာ ဆွဲပေးခြင်း ဖြစ်၏။ ဆရာမုန်းသည် အထည်ဆိုင်ရှင်အား တောင်းပန်၍ အမှုကို ရုပ်သိမ်းစေရသည်။ ၁၀ရက်လောက်ကြာမှ လှိုင်ဝင်း ဆေးရုံမှ ဆင်းလာနိုင်သည်။ အပေါက်အပြဲ အကွဲဒါဏ်ရာများမှ အမာရွတ်ထင် ကျန်ခဲ့သော်လည်း မကျိုးမကန်း ရုပ်ဆင်းမပျက်သည်ကို ဝမ်းသာရသည်။ လှိုင်ဝင်း ကံကောင်းသည်ဟု ဆိုရပေမည်။

လှိုင်ဝင်းက ဆရာမုန်းအား ထိခြင်းငါးပါဖြင့် ရှိခိုးတောင်းပန်လာသည်။
"ကျွန်တော့အတွက် ဆရာ့မှာ အနာတရဖြစ်ရတာ စိတ်မကောင်းပါဘူးဆရာရယ်။ ခွင့်လွှတ်ပါ"
"ကိစ္စမရှိပါဘူး မောင်လှိုင်ဝင်းရယ်။ မင်းအသက်ကို ဆရာကယ်နိုင်လိုက်တာကိုပဲ ဝမ်းသာမဆုံးရပါပြီ"
လှိုင်ဝင်းသည် ဆရာမုန်း၏မျက်နှာကို ငေးကြည့်နေ၏။ နောက်တွင် မျက်ရည်စတွေ ကျလာသည်။

"ဆရာ"
"မောင်လှိုင်ဝင်း ပြောစရာရှိတာ ပြောပါ။ မောင်လှိုင်ဝင်းအတွက် ဆရာ ဘာကူညီရမလဲ"
"ကျွန်တော့ကို မခိုးဖို့ ဆုံးမစကား မပြောတော့ဘူးလား ဆရာ"
လှိုင်ဝင်းက ထူးဆန်းသောမေးခွန်းကို မေးလာသည်။
"ဆရာပြောပေမယ့် မောင်လှိုင်ဝင်းက နားထောင်ဦးမှကိုး"
"ကျွန်တော် ခုချိန်ကစပြီး မခိုးတော့ပါဘူးဆရာ"

ဆရာမုန်းက ဆုံးမသဖြင့် ဝန်ခံရသော ကတိမဟုတ်။ ဆရာမုန်း၏ ရေလာမြောင်းပေး မေးခွန်းများကြောင့် ထွက်ပေါ်လာသော အဖြေလည်မဟုတ်။ လှိုင်ဝင်း၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော ကတိစကားသာတည်း။
"ဒီလိုဆို ဆရာ့ခေါင်းက အမာရွတ်ကလေးဟာ တပည့်တဦးကို အောင်မြင်စွာ ဆုံးမနိုင်ခဲ့တဲ့ အထိမ်းအမှတ်တဆိပ်ကလေး ဖြစ်လာပြီပေါ့ကွာ"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Wednesday, November 19, 2008

ငတက်ပြား


(သုံး)
အချုပ်ခန်းဆီမှ ပြန်လာသောအခါ လှိုင်ဝင်း၏မျက်နှာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရ၏။ ကြောက်ရွံ့သည့် အသွင်လည်း ပေါ်နေသည်။ ဤအခြေအနေသည်ပင်လျှင် ဆရာမုန်း၏ လိုလားချက်ပေတည်း။

"ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတာ သနားစရာဘဲနော်ဆရာ။ အနံ့ကြီးကလည်း ဆိုးဝါးလိုက်တာ၊ သူတို့မှာ နေလဲဒီအခန်းထဲ၊ အိပ်လည်း ဒီအခန်းထဲ၊ စားလဲ ဒီအခန်းထဲ၊ အိမ်သာတက်လဲ ဒီအခန်းထဲမှာပဲ။ ကျွန်တော်သာဆိုယင် ထမင်းစားဝင်မှာမဟုတ်ဘူး။ အံချင်စရာကြီးပဲ"
လှိုင်ဝင်းက စိတ်ထိခိုက်စွာ မသက်မသာ ဆိုလေသည်။

"ဒါပေါ့ကွာ။ အခန်းကကျဉ်း၊ အကျဉ်းသားတွေကများတော့ တချို့က စောင်ပုခက်ဆွဲပြီး နေကြရတာ မင်းအမြင်ပဲ။ အချုပ်သားဆိုတာ အပြင်လူလို သွားချင်ရာ မသွားရ၊ စားချင်ရာ မစားရနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် နေကြရတာပေါ့။ ထမင်းစားတယ်ဆိုရာမှာလည်း ကိုယ်ကြိုက်တဲ့ဆန်၊ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ကိုယ်စားချင်သလောက် စားရတာ မဟုတ်ဘူးကွ၊ ပုံစံနဲ့ စားရတာ။ မဝလဲတန်၊ ဝလည်းတန်ပဲ။ ရေကိုလည်း တပတ်မှ တခါလောက် ချိုးကြရရှာတယ်၊ လူကများတော့ ကျင်ကြီးကျင်ငယ်နံ့၊ ချွေးနံ့တွေဟာ အုတ်နံရံအတွင်းမှာ ပိတ်လှောင်မွမ်းကြပ်နေတော့တာပေါ့"

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာမုန်းနဲ့ လှိုင်ဝင်းတို့ ဝင်ရောက်လေ့လာစဉ်က ရှင်မတောင် ဒမြအဖွဲ့များ ရောက်နေရကား အချုပ်ခန်းတွင် လူကြပ်နေတော့သည်။ ဘုံခန်းနှင့်မြှောက်၊ ငရဲခန်းနှင့်ချောက်ဟု ဆိုရိုးရှိခဲ့လေသည် မဟုတ်ပါလော။ လှိုင်ဝင်း၏ ခိုးတတ်သောဉာဉ်ကို ပျောက်စေချင်းငှါ အချုပ်ခန်း၏ အနိဋ္ဌာရုံများကို ပြသခြောက်လှန့်ရတော့သည်။

ဆရာမုန်းသည် ကျောင်းဆရာမဖြစ်ခင်က ပခုက္ကူမြို့ ခရိုင်ရဲဝန်ရုံးမှာ ခြောက်လတာမျှ အကူစာရေး လုပ်ခဲ့ဖူးသည်။ ရဲစခန်းမှူးနှင့် ရင်းနှီး၏။ တာဝန်ကျ အစောင့်ရဲသားများနှင့်လည်း ကျွမ်းဝင်သည်။ သူတို့ထံ ပန်ကြားခွင့်တောင်းပြီး လှိုင်ဝင်းနှင့်အတူ ဝင်ရောက်လေ့လာခဲ့သည်။ သခိုးမှု၊ ဒမြမှုများနှင့် အချုပ်ခံနေရသော အကျဉ်းသားများနှင့် တွေ့ဆုံစကားပြောခဲ့သည်။ လှိုင်ဝင်းကြောက်လန့်သွားအောင် ရေလာမြောင်းပေး မေးခွန်းများနှင့် ဆွေးနွေးပြခဲ့သည်။

လှိုင်ဝင်းအား အချုပ်ခန်းလေ့လာရန်ဟူ၍ ပြောခဲ့ခြင်း မဟုတ်ပါ။ ဆရာ့အတွက် အဖော်လိုက်ခဲ့ပါဟူ၍ ပခုက္ကူမြို့သို့ ခေါ်လာခြင်း ဖြစ်သည်။ အချုပ်ခန်းစီသို့လည်း တမင်ပင် ဝင်ရောက်လေ့လာခြင်း အသွင်သဏ္ဌာန်မပေါ်စေပဲ ခရီးသွားဟန်လွှဲသဘောမျိုးဖြင့် ခေါ်ခဲ့လာခြင်း ဖြစ်ပါသည်။ မသိမသာ ပုံသွင်းပဲ့ပြင်ခြင်းပင်တည်း။

"မောင်လှိုင်ဝင်း အချုပ်ခန်းကို မကြောက်ဘူးလား?"
"ကြောက်တာပေါ့ ဆရာရယ်။ နေရထိုင်ရတာ မလွတ်မလက် ကျဉ်းကျဉ်းကြပ်ကြပ်နဲ့။ သနားစရာ သိပ်ကောင်းတာပဲ"
မောင်လှိုင်ဝင်း၏အဖြေကို ဆရာမုန်း အားရမိလေသည်။

"ခုတော့ သူတို့ဟာ သနားစရာပေါ့ကွာ။ အဲ အချုပ်ခန်းထဲမရောက်ခင်တုန်းကတော့ ကြောက်စရာပဲကွ။ ခိုးတယ်။ တိုက်တယ်။ လုတယ်။ သတ်ဖြတ်တယ်ပေါ့။ ပတ်ဝန်းကျင်က လူကောင်းတွေကို သိပ်နှောက်ယှက်တာ၊ ဒုက္ခပေးတာ။ ဒါကြောင့် အစိုးရက ဖမ်းပြီး ထိုက်သင့်တဲ့ အပြစ်ဒါဏ်ပေးဖို့ ခဏလှောင်ထားတာကွ။ အဲ မောင်လှိုင်ဝင်းလဲ သူတို့လို မဆိုးချင်နဲ့။ မမိုက်ချင်နဲ့။ မခိုးချင်နဲ့။ ခိုးဆိုးမိုက်မဲယင်တော့ သူတို့လို အချုပ်ကျမှာပဲကွ"
"ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်မမိုက်ပါဘူး"

ဆရာမုန်းသည် လှိုင်ဝင်းအား သူစားချင်ရာကို ဝယ်ကျွေးသည်။ သူလိုချင်သည်ထင်သည့်အရာကို တတ်အားသ၍ ဝယ်ပေးသည်။ ညတွင် ရုပ်ရှင်ပြသည်။ သူ၏ ဉာဉ်ဆိုး ပြောင်းလဲသွားတန်ကောင်းဟု မျှော်လင့်ရသည်။
သို့သော် .....။
အပြန်တွင် ကားပေါ်သို့ ရောက်သောအခါ အရုပ်ဆိုင် တဆိုင်မှ အလစ်သုတ်လာသော ပလတ်စတစ် ဘောလုံးတလုံးကို လှိုင်ဝင်း၏ လွယ်အိတ်ထဲမှာ မြင်တွေ့လိုက်ရလေသည်။
ဆရာမုန်း မောသွားလေသတည်း။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

##အရင် ရှေ့တစ်ပိုဒ်က စာရွက်ပြဲနေတဲ့ နေရာမှာ မှန်းပြောတာ လွဲနေတယ်ထင်လို့ ပြန်ပြင်လိုက်ပါတယ်။##

Read More...

Tuesday, November 18, 2008

အမှတ်တရ အိမ်ရှင်မ(၁၀)


ခုတလော ထမင်းဘူးအတွက် ဘာချက်ရမှန်းမသိလို့ တရုတ်သူငယ်ချင်းကို တရုတ်ဟင်းချက်နည်းတွေ ပြောပြပါလားလို့ ဈေးအတူသွားဝယ်ရင်း စကားပြောမိတော့ ဟင်းချက်နည်းစာအုပ်ငှါးပေးလိုက်မယ်တဲ့။ တရုတ်လိုမှ မဖတ်တတ်တာဆိုတော့ ဂျပန်လိုရေးထားတဲ့စာအုပ်ကို သူ့senseiဆီက ရထားတာတဲ့။ ၂အုပ်ထဲက ကြိုက်တာတအုပ် ငှါးသွားလေဆိုတော့ လုပ်ရလွယ်မယ်ထင်တဲ့ တစ်အုပ်ကို မလာခဲ့တယ်။ ခုအဲဒီထဲက ရမ်းသမ်းcookကြည့်ထားတဲ့ ဝက်သားလိပ် ကြက်ဥဟင်းချက်နည်းကို တင်လိုက်ပါတယ်။

အသားက ဝက်သားရဲ့ သုံးထပ်သားနေရာကို ခပ်ပါးပါးလွှာလွှာလှီးထားတာကို သုံးပါတယ်။ ဒီမှာတော့ 豚バラ薄きり肉(buta bara usukiri niku)ဆိုပြီး အဆင်သင့်လှီးထားတာတွေ ရောင်းပါတယ်။ ပုံမှန်ဆို အဲဒါတွေကို အသီးအရွက်နဲ့ ရောကြော်ရုံ ချက်တာလောက် သိတာပါ။ သူ့ကို mainအနေနဲ့ စားလို့ရအောင် ချက်ရကောင်းမှန်းမသိပါဘူး။ စာအုပ်လှန်ကြည့်ချင်း အဲဒါကို သွားတွေ့ပြီး သွားရည်ကျနေတာ။ စာအုပ်ထဲမှာက အရောင်လှလှနဲ့ စားချင့်စဖွယ်လေး ပြင်ထားတာကိုး။ ကျမက အဲလောက်မတတ်တော့ ရသလောက်ပေါ့။ ဟင်းချက်နည်းက စာအုပ်ထဲကအတိုင်း ၂ယောက်စာ ပမာဏနဲ့ ရေးလိုက်တယ်။

ဝက်သားလိပ် ကြက်ဥဟင်း
လိုအပ်သော ပစ္စည်းများ (၂ယောက်စာ)


ဝက်သားပါးပါးအလွှာ __ ၄ချပ်(၁၅၀ ဂရမ်)
ကြက်ဥ __ ၂လုံး
ရှီအိတကဲမှိုခြောက် __ ၂ပွင့်
ဂျင်း __ အလွှာလိုက်သင့်ရုံ
Asparagus __ ၂ချောင်း
ဟင်းရည် [ရေ __ ၁ခွက်၊ ဟင်းချက်အရက် __ ခွက်တဝက်၊ သကြား __ ဇွန်းကြီး၁ဇွန်းခွဲ၊ Mirin __ ဇွန်းကြီး၁ဇွန်းခွဲ၊ ပဲငံပြာရည်အကျဲ __ ဇွန်းကြီး၃]
နာနတ်ပွင့် __ ၁ပွင့်
(ဇွန်းသေး = 5 cc / ဇွန်းကြီး = 15 cc / တစ်ခွက် = 200 cc)
(#Mirinဆိုတာ ဆန်ကနေထုတ်ထားတဲ့ ခပ်ချိုချို ဟင်းခတ်အရည်ပါ။)

(၁) ကြက်ဥကို ပြုတ်ပြီး အခွံခွါထားပါ။ ရှီအိတကဲမှိုခြောက်ကို ရေစိမ်ပြီး ပျော့လာအောင်လုပ်ပါ။ ရေထဲ သကြားနဲနဲလေးထည့်ပေးရင် ပိုမြန်မြန်နူးလွယ်ပါတယ်။ ရှီအိတကဲမှိုခြောက်ကို ရေစိမ်ပြီးပျော့အောင်လုပ်ပါ။ ရေထဲ သကြားနဲနဲထည့်ပေးရင် မှိုက ပိုမြန်မြန်ပျော့ပါတယ်။ ရှီအိတကဲမှိုခြောက်ကို မြန်မာမှာ "ရှီတာကီ"မှိုမွှေးလို့ ခေါ်တယ်ထင်ရဲ့။


(၂)ဝက်သားလွှာတွေကိုလိပ်ပြီး အဖျားမှာ သွားကြားထိုးတံနဲ့ထိုးပြီး ထိန်းထားပါ။



(၃) ဂျင်းကို အခွံသင်ပြီး အလွှာလိုက်လှီးပါ။ Asparagusကို ဆားရည်ပူထဲ ထည့်ပြုတ်ပြီး ၅စင်တီ အရှည်လောက်စီလှီးပါ။ (Asparagusကို မြန်မာလို ကညွတ်လို့ ခေါ်သလား မသိဘူး။ အိမ်မှာချက်တော့ Asparagus အဆင်သင့်ဝယ်ထားတာမရှိလို့ မုန်လာဥနီနဲ့ချက်လိုက်တယ်။ မုန်လာဥက သပ်သပ် ပြုတ်ချင်လည်း ရတယ်။ ကျမကတော့ ဝက်သားထည့်တုန်း ပေါင်းထည့်လိုက်တယ်။)



(၄) ဒယ်အိုးထဲ ဟင်းချက်အရက်ကို ဆူအောင်တည်ပြီး ကျန်ဟင်းခတ်အရည်တွေထည့်လို့ ဟင်းရည်ချက်ပါ။ ဆူလာရင် ဂျင်းအလွှာတွေထည့်ပါ။

(၅) ကြက်ဥပြုတ်ထည့်ပြီး ၁၀မိနစ်တည်ပါ။ ပြီးရင် ဝက်သား၊ ရှီအိတကဲမှိုနဲ့ နာနတ်ပွင့်တွေပေါင်းထည့်ပြီးတည်ပါ။

(၆) ဝက်သားနဲ့ မှိုကထွက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ရင်း မီးအားလျော့လျော့နဲ့ မိနစ်၂၀ခန့်လောက် ဝက်သားအဆီပြန်လာတဲ့အထိတည်ပါ။

ဓာတ်ပုံထဲတော့ သိပ်ဆီမပြန်ခင် ခပ်လာလို့ အရောင်မလှဘူး ဖြစ်သွားတယ်။ ညနေဘက်ပြန်တည်တော့မှ ဆီပြန်ပြီး ပိုအရောင်တက်လာတယ်။ Asparagus နဲ့ဆိုရင်တော့ ဟင်းကျက်လို့ ပန်းကန်ထဲခူးရင် ဘေးမှာစီလိုက်ရုံပါဘဲ။

ဟင်းက ချက်သာချက်ပြီး မြည်းမကြည့်ထားပါဘူး။ မနက်က သူ့အတွက်ဘဲ ထမင်းဘူးထည့်ပေးဖြစ်တာ၊ ကိုယ်တိုင်က အပြင်ရောက်နေတော့ ဘယ်လိုအရသာ ဖြစ်မှန်းမသိလို့ စိတ်တော့ အပူသား။ ညစာစားတဲ့အခါကျမှာ စားကြည့်တော့ တော်တော်မဆိုးဘူးဘဲ။ ခက်ခက်ခဲခဲလဲမဟုတ်ဘဲနဲ့ ဟင်းတခွက်ဖြစ်လာတယ်။ ဝက်သားကလည်း လိပ်ထားပြီးဆီပြန်အောင် မီးအားလျော့လျော့နဲ့ ချက်လို့လာမသိ ဝက်သားကောက်ညှင်းထုပ်ထဲက ဝက်သားလို စီးနေတာဘဲ။ ဝက်သားမှဝက်သားဖြစ်တဲ့ အိမ်ကြီးရှင်တို့ အကြိုက်ပေါ့။ စားကောင်းလို့ဆိုပြီး ဟင်းချက်နည်းလာမေးနေသေးတယ်။ စားကောင်းတဲ့ဟင်းဆို အမြဲတမ်းအဲလိုပါဘဲ၊ ပြီးတော့ ဘာမှလဲ မှတ်မိတာမဟုတ်၊ ချက်တာလဲမဟုတ်နဲ့။ ပြောပြပြီးသွားတော့ ဟင်! အဲဒီသွားကြားထိုးတံတွေရောတဲ့ ကြောက်အားလန့်အားနဲ့။ ဟောတော်~~ ဟင်းအေးတဲ့အချိန် ဖြုတ်လိုက်ပြီပေါ့၊ မဖြုတ်လို့ကတော့ မနက်က စားကတည်း လည်ပင်းစူးနေမှာပေါ့။ သွားကြားထိုးတံတွေပါ ဝက်သားဖြစ်သွားတယ်မှတ်နေသလားဘဲ။ အင်းးးးးးးး ရွှေဉာဏ်တော် ရွှေဉာဏ်တော်။

Read More...

Wednesday, November 12, 2008

ပက်ကျိ


မျက်စေ့မူးလို့ ဘလော့ကို လျှော့ထားရတာကြာသွားပြီ။ လာလည်သူများကိုလည်း အားနာပါတယ်။ ကွန်ပြူတာ ဆက်တိုက်ကြည့်သလိုဖြစ်ပြီး လူက ရုတ်တရက် မိုက်ခနဲ ဖြစ်ဖြစ်နေတော့ ကွန်ပြူတာ ကြည့်တာလျှော့မှဖြစ်မယ်ဆိုပြီး နားနေလိုက်တာ။ သက်သာလာတဲ့နေ့ကျ ပြန်ရေးမလို့ အတွေးထဲမှာတော့ ရိုက်နေလိုက်တဲ့စာတွေ။ ပြီးခဲ့တဲ့တပတ်က သက်သာလာပြီဆိုပြီး စာမရေးခင် စိတ်ကြည်အောင် ရေချိုးခေါင်းလျှော်လုပ်ပြီး မှန်ကြည့်လိုက်တော့မှ လားလား ဘယ်ဘက်မျက်လုံးရဲ့ သူငယ်အိမ်ဘေးအောက်ဘက်မှာ သွေးခြေဥသလို နီရဲနေတဲ့ အကွက်တကွက်တွေ့လိုက်ရတယ်။ ဒီရောက်ပြီး အိမ်ထဲမှာနေရင် တနေ့တခါတောင် မှန်မကြည့်မိသလောက်ဘဲလေ။ (အရင်ကနဲ့တော့ ကွာပါ့။ ပဲများစရာ မလိုတော့လို့လဲ ပါတာပေါ့လေ။) မှန်မကြည့်မိတော့ ဘယ်တုန်းက မျက်လုံးမှာ သွေးခြေဥနေမှန်းမသိ! အိမ်ကြီးရှင်ကို မေးကြည့်တော့ သူလဲ သတိမထားမိဘူးတဲ့။ ကောင်းရော။ အဲဒီလောက် ဂရုတစိုက်ရှိတာ။ မျက်လုံးလဲ မနာတော့ လုံးဝ မသိလိုက်ဘူး။ သိတဲ့အချိန်က အတော်နီနေတယ်။ မနာတော့လည်း တရက်လောက် အခြေအနေစောင့်ကြည့်ပြီး မသက်သာမှ ဆေးခန်းသွားတော့မယ် စိတ်ကူးလိုက်တယ်။ ကြောက်တာတော့ အကြောက်သား။ ဘာမှန်းမသိ ညာမှန်းမသိနဲ့။ အဲဒီတော့ ဘလော့ရေးမယ့် အစီအစဉ်ရပ်ပြီး မျက်စိအနားပေး အစီအစဉ်ကို ပြန်ဆက်ရတယ်။ တရက် တခါ မကြည့်မိတဲ့မှန်ကို တနေ့ဘယ်နှခါမှန်းမသိ အနားကပ်ပြီး မျက်လုံးဖြဲကြည့်နေရတယ်။ နောက်တရက်က နဲနဲလေး အနီရောင် လျော့လာပေမယ့် အကွက်က အရှေ့ဘက်ကို ပျံ့လာတယ်။ အဲလို သူငယ်အိမ်ဘက်ကို ရွေ့ရွေ့ပြီးမှ အရောင်က လျော့လာတာ တပတ်လောက်နေမှ အရှင်းပျောက်တော့တာ။ ပက်ကျိတို့ကတော့ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးဘဲ။ ဆရာမုန်းလဲ ပြန်ဆက်ရိုက်ပါဦးမယ်။ လောလောဆယ်တော့ ကိုAndyမြင့်ဆီက စမူဆာလုပ်နည်းဖတ်ပြီး စမ်းသပ်ထားတဲ့ စမူဆာကြော်လေး စားသွားကြပါနော်။


မဝသေးရင် အစုံသုပ်ထပ်ကျွေးပါတယ်။


အစုံသုပ်လို့သာပြောရတယ်၊ စုံလား မစုံလား မသိဘူး။ ကြာဇံဖတ်ပဲ ပြုတ်ထည့်ထားတာ။ ခေါက်ဆွဲနဲ့ ထမင်းနဲ့နယ်ရင် စားမကောင်းမှာစိုးလို့ အစုံသုပ်သုပ်တိုင်း ခေါက်ဆွဲ မပါဘူး။ အိမ်မှာဆို သင်္ဘောသီးခြစ်ပါ ပါတော့ ချိုချိုလေးနဲ့ ဝါးလို့ အရမ်းကောင်းတာ။ ဒီမှာ သင်္ဘောသီးအစိမ်းက တော်ရုံနဲ့ ဝယ်လို့မရပါဘူး။ အဲဒါနဲ့ ရွှေဉာဏ်တော်စူးရောက်စွာနဲ့(သတိ- ပြောင်းပြန်မဖတ်ရ) မုန်လာဥအဖြူကို ခြစ်ပြီးထည့်သုပ်တယ်။ ဒီတခါ မုန်လာဥအဖြူအပြင် မုန်လာဥနီတွေပါ ခြစ်ထည့်ပြီးသုပ်တာ မဆိုးဘူး။ ပိုပြီး ချိုတဲ့အရသာ ရတယ်။ သင်္ဘောသီးအစိမ်းအစားထိုးလေးပေါ့။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP