Thursday, July 31, 2008

Game


တနင်္လာနေ့က တရုတ်သူငယ်ချင်းရယ် ကိုးရီးယားသူရယ်နဲ့အတူ အိမ်နားက Sensei ဆီကို သွားလည်ခဲ့ပါတယ်။ တကူးတကလာလည်ကြတယ်ဆိုပြီး Sensei က စာနဲနဲလုပ်ရအောင်တဲ့။ (တိန်!) ပထမက နွေရောက်ပြီဆိုတော့ ဂျပန်ရဲ့ နာမည်ကြီး နွေရာသီ သီချင်းလေး သင်ပေးတယ်။ သီချင်းကို ဟိုဘက်မှာ တင်လိုက်ပြီ။ သီချင်းသင်ပြီးတော့ game ဆော့ဖို့အတွက် စာတစ်ရွက် အရင်သင်ပါတယ်။ 5W1Hဆိုတဲ့ သတင်းအချက်အလက်ကောက်တာ သတင်းလွှင့်တာမှာ သုံးတဲ့နည်း အကြောင်းပါ။ 5W1H က When, Where, Who, What, Why, How ဆိုတာပါ။ ကျမတို့ ၁၀တန်းတုန်းက အင်္ဂလိပ်စာသားကို စကားပြေပြန်ရင် ရေးရသလိုမျိုးပါ။ အဲဒါသင်ပြီးတော့ Sensei က game သုံးကြိမ်ဆော့ဖို့အတွက် တစ်ယောက်ချင်းစီ စာရွက် ၃ရွက် ဝေပါတယ်။ စာရွက်တိုင်းမှာ 1- 2- 3- 4- တပ်ထားပြီး တဲတဲလေး ဖြဲထားပါတယ်။ 1-အချိန် 2-နေရာ 3-ဘယ်သူ 4-ဘာလုပ် ဆိုတာ သူများမမြင်အောင် ကိုယ့်စိတ်ကြိုက် ရေးရပါတယ်။ Sensei လည်း ရေးပါတယ်။ ပြီးရင် ၄ပိုင်းလုံး ဖြတ်၊ နံပါတ်တူရာတူရာ မှောက်ရက် ၄ပုံထပ်ပြီး ၄ပုံလုံး ဖဲချပ် ကုလားဖန်ထိုးသလို မွှေလိုက်တယ်။ ပြီးတော့ အပုံတိုင်း တစ်ယောက်တစ်ရွက်စီ ပြန်ဝေပါတယ်။ ကိုယ်ရတဲ့အတိုင်း ပြန်ဖတ်ပြရတာပါ။

ကျမရေးလိုက်တာက

ပထမ စာရွက်မှာ __
1-nichiyoubi ni
2-yomiuri nihonterebi bunka senta- de
3-watashiga
4-oshibana wo naratta.
တနင်္ဂနွေနေ့က ရိုမိအူရိ ဂျပန်TV ယဉ်ကျေးမှုစင်တာ"မှာ ကျမက "အိုရှိဘန"ကို သင်ယူ ခဲ့ပါသည်။

ဒုတိယ စာရွက်မှာ __
1-19 nichi ni
2-ryokou de
3-shujin ga
4-inu no nuigurumi wo katte kureta.
၁၉ရက်နေ့က ခရီးသွားတုန်း အမျိုးသားက အမွှေးပွခွေးရုပ်လေး ဝယ်ပေးတယ်။

တတိယစာရွက်မှာ __
1-senshuu
2-intanetto de
3-tomodachi ga
4-umareta ko no shashin wo okutta
ပြီးခဲ့တဲ့ တပတ်က အင်တာနက်ကနေ သူငယ်ချင်းက (သူ့ရဲ့)မွေးစကလေးဓာတ်ပုံ ပို့ပေးခဲ့တယ်။

ပြန်ရတဲ့အတိုင်း ဖတ်တော့ အားလုံး ဟာသတွေ ဖြစ်ကုန်ရော။ ကျမပြန်ရတဲ့အတိုင်း ဖတ်ပြရတာက
ပထမအကြိမ် __
ဟိုးရှေးရှေးတုန်းက အာကာသထဲမှာ ကျမက ကောက်ညှင်းဆန်ထောင်းခဲ့တယ်။ (ရွှေလမှာ ယုန်ဝပ်လို့ ကောက်ညှင်းဖွပ်တဲ့ အဖွားအို ဖြစ်သွားတယ်။:D )

ဒုတိယအကြိမ် __
လွန်ခဲ့တဲ့ ၂လက တိုကျိုဘူတာရုံထဲမှာ အမျိုးသားက ဘေ့စ်ဘော home run ကို ပြုလုပ်ခဲ့ပါတယ်။ (အပြင်မှာသာဆို အဖမ်းခံရမယ်။)

တတိယအကြိမ် __
မနှစ်က Las Vegas မှာ ဟယ်ရီပေါ်တာက အမြင်ကပ်စရာကောင်းအောင် ဟောင်ခဲ့တယ်။ (ဟယ်ရီပေါ်တာတော့ "ဝုတ် ဝုတ်"ဖြစ်သွားပြီ။:P )

အားလုံး ပေါက်ကရတွေဖြစ်ကုန်တယ်။ ပျော်လဲပျော် ရီလဲရီရတယ်။ gameဆော့ပြီး Sensei ချက်ကျွေးတဲ့ ထမင်းဟင်းတွေစား မုန့်တွေစားနဲ့ အားလုံးဗိုက်ကားပြီး အိမ်ပြန်ခဲ့ပါတယ်။ Sensei နဲ့အတူ ဆော့ခဲ့တဲ့ ကစားပွဲလေးကို အမှတ်တရအနေနဲ့ ဘလော့မှာတင်လိုက်ပါတယ်။



Read More...

Wednesday, July 30, 2008

ငြိမ်းချမ်းရေးစေတီ (Heiwa kinentou)




ဒီစေတီအကြောင်း ရေးမယ် ရေးမယ်နဲ့ ဓာတ်ပုံကို စကန်မဖတ်ဖြစ်တာနဲ့ ကြာနေတယ်။ ဓာတ်ပုံကို မြင်ခါစက ဒီမှာလဲ စေတီရှိတယ်ဆိုပြီး ဝမ်းသာသွားတယ်။ တူပါတယ်လို့ သေချာကြည့်မိတော့မှ ရွှေတိဂုံဘူရားပုံတူ တည်ထားတာမှန်း သတိထားမိတယ်။ ဒီစေတီပုံက အိမ်ကြီးရှင် ကျောင်းတက်တုန်းက နေခဲ့တဲ့မြို့မှာရှိတဲ့ ပန်းခြံကို အလည်သွားရင်း ရိုက်ခဲ့တာပါ။

စေတီအကြောင်း wikipedia နဲ့ internet မှာ လက်လှမ်းမှီ ဖတ်မိသမျှအရဆိုရင်__

ငြိမ်းချမ်းရေးစေတီ パゴダ平和記念塔 (パゴダへいわきねんとう- pagoda heiwa kinentou)က "တိုကုရှိမ ခရိုင်" "တိုကုရှိမ မြို့" ရဲ့ "ဘိဇံ ပန်းခြံ"ထဲမှာ တည်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ သေဆုံးသွားခဲ့တဲ့ "တိုကုရှိမ ခရိုင်"မှာမွေးဖွားသူ ဂျပန်စစ်သား ၆၂၁၆ယောက်ရဲ့ ဝိညာဉ်တွေ ငြိမ်းအေးစေဖို့အတွက်ရည်ရွယ်ပြီး ခရိုင်-မြန်မာအသင်းအဖွဲ့က ၁၉၅၈ခုနှစ် ၃လပိုင်းမှာ တည်ထားတယ်လို့ ဆိုပါတယ်။ ရင်ပြင်တော်အကျယ် ၃၈၂စတုရန်းမီတာနဲ့ အမြင့် ၂၅မီတာ ရှိပါတယ်။ အတွင်းပိုင်းမှာ စစ်ပွဲမှာ ကျဆုံးသူတွေရဲ့ သေတန်းစာ၊ အဲဒီခေတ်ကာလက "ဟိုက်ကု"ကဗျာ၊ သေဆုံးသူတွေရဲ့ အသုံးအဆောင်ပစ္စည်း၊ စစ်တွင်းက မြန်မာပြည် ဓာတ်ပုံတွေအပြင် "တိုကုရှိမ"ကို (အမေရိကန်လေတပ်) ဗုံးကျဲတိုက်ခိုက်ခံရစဉ်က ဓာတ်ပုံတွေအပါအဝင် မှတ်တမ်းပေါင်း ၃၃၀ကျော်ကို ပြသထားပါတယ်။ ၃ထပ်မှာရှိတဲ့ သိမ်တော်ထဲမှာ မြန်မာပြည်က လှူဒါန်းထားတဲ့ ဗုဒ္ဓအရိုးပြာကို ပူဇော်ဌာပနာထားတယ်လို့ ဆိုပါတယ်။ ဝင်ကြေးက လူကြီး ယန်းနှစ်ရာနဲ့ ကလေး ယန်းတစ်ရာပါ။

(photo from wikimedia)


အင်တာနက်ထဲ ရှာလို့ရတဲ့ စေတီအတွင်းပိုင်းပုံတွေပါ တွဲတင်လိုက်ပါတယ်။
(from http://tokushima.travel.coocan.jp/tokushima/tokushima10022.htm)









မnu-san ရေးဖူးတဲ့ "ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရား ပုံတူစေတီ"ပို့စ်ထဲမှာ "စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ပါတဲ့ ဘုရား"ဆိုတာဖတ်လိုက်ရတော့ အဲဒီကမ္ဘာအေးစေတီအကြောင်းလဲ ရှာဖတ်မိတယ်။ "ကီတကျူးရှူးမြို့" "မဲကရိ ပန်းခြံ"မှာ ၁၉၅၉ခုနှစ် ၉လပိုင်းမှာ တည်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီကမ္ဘာအေးစေတီနဲ့ ငြိမ်းချမ်းရေးစေတီက မရှေးမနှောင်း တည်ထားတာလို့ ထင်မိပါတယ်။ ကမ္ဘာအေးစေတီအကြောင်း ရှာဖွေထားတာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ငြိမ်းချမ်းရေးစေတီတည်ထားတဲ့ "ဘိဇံ ပန်းခြံ"ကလဲ ဆာခူရာ ပွင့်ချိန် မိုမိဂျိအရွက်တွေ အရောင်ပြောင်းချိန်မှာ အရမ်းလှပါတယ်။ ကျမတော့ အိမ်ကြီးရှင် ကျောင်းတက်ဖူးတဲ့ မြို့ကိုလဲ ရောက်ဖူးချင် ဘုရားကိုလဲ သွားချင်မို့ တနေ့နေ့တော့ ရောက်အောင်သွားမယ်လို့ စိတ်ကူးမိပါတယ်။


ကိုးကား
Wikipedia
http://www.fujitaec.or.jp/topics/20080605/index.html

Read More...

Monday, July 21, 2008

"စာ"




သမီး :အမေရေ အိမ်ပြောင်းရွှေ့ရေးအဖွဲ့ရဲ့ ထရပ်ကား ရောက်ပြီနော်။ ဘာတွေလုပ်?

အမေ :အင်းမ်.........ခနလေး

သမီး :ထိုင်မနေနဲ့တော့နော်၊ ပစ္စည်းတွေ မသယ်လို့မရတော့ဘူး.........။ အဲဒါဘာလဲဟင်?

အမေ :ဟင်း....ဟင်း....ဟင်း....

သမီး :စာ? ဘာလဲလို့၊ ကြည့်ရတာ ရည်းစားစာ?

အမေ :အင်း....

သမီး :ဘယ်သူ့ဆီက?

အမေ :ဘယ်သူတဲ့၊ သမီးအဖေဘဲပေါ့။

သမီး :ဟယ်! အဖေက ဒါမျိုးရေးတယ်ပေါ့လေ။

အမေ :မင်္ဂလာမဆောင်ခင် ၁၅နှစ်ကျော်လောက်ကပေါ့။ တိုကျိုနဲ့ နာဂိုရာ ခွဲပြီးနေရတုန်း သမီးအဖေဆီက အပတ်တိုင်းလိုလို စာပို့တယ်လေ။

သမီး :အံ့ဩစရာ! ဒီလောက်အများကြီး!! အစောင်တစ်ရာလောက်ရှိမယ်ထင်တယ်?

အမေ :အင်း... ပြန်အောင့်မေ့မိတယ်။ ဘယ်လိုများ လုပ်ရပါ့မလဲလို့ တွေးပြီး ဒီလို ကွတ်ကီးသံဗူးထဲထည့်၊ အဖိုးတန်ပစ္စည်းအဖြစ် အဝတ်စင်အပေါ်က သိုလှောင်တဲ့ အကန့်အတွင်းပိုင်းထဲ ထည့်သိမ်းထားတာ။ လုံးဝ မေ့သွားတယ်။

သမီး :ဘာတွေရေးထားလဲဟင်?

အမေ :လျှို့ဝှက်ချက်။

သမီး :ပေးဖတ်ပါဆို။

အမေ :မရဘူးလေ။ ဒါအမေ့ရဲ့ ရတနာပစ္စည်း။

သမီး :ဟွန့်! ကပ်စေးနဲတယ်။

အမေ :နှစ်ဖက်မိဘတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်ပြီး လက်ထပ်၊ ဒီတိုက်ခန်းကို ငှါး…… အစပိုင်း အတော်ကသီခဲ့တာ။ ဘာမှမရှိဘူး။ ဒါပေမယ့် အမေအတွက်က ဒီစာတွေသာရှိမယ်ဆို လုံလောက်ပြီ။ မင်္ဂလာဦးမှာ သမီးအဖေမသိအောင် အကြိမ်ကြိမ်ဒီစာတွေကို ထုတ်ဖတ်ခဲ့တယ်။ ရန်ဖြစ်တဲ့အခါတွေမှာလဲ ဒီစာတွေဖတ်ရင် မြန်မြန်စိတ်ပြေသွားရော။

သမီး :အမေ မျက်လုံးက တယ်လဲနုပျိုရွှန်းလက်နေပါလား။

အမေ :အင်းမ်... ဘာလို့လဲတော့ မသိဘူး၊ ပြောင်းရမှာ မကြိုက်ဘူး။ ဒီမှာက အမှတ်တရတွေ အများကြီးလေ။

သမီး :အင်! အမေဘဲ ကိုယ်ပိုင်အိမ် လိုချင်တာ မဟုတ်ဘူးလား။ အမြဲ မျှော်လင့်ခဲ့တာဟုတ်။

အမေ :သမီးအဖေမသိစေနဲ့နော်၊ ဒီစာတွေ ခုအချိန်အထိ အမေသိမ်းထားတယ်ဆိုတာကို။ ဘာရယ်မဟုတ် ရှက်စရာကြီး။

သမီး :လျှို့ဝှက်ချက်က များလိုက်တာနော်။

အမေ :နောက်တခု၊ သမီးကို လျှို့ဝှက်မှာစရာရှိတယ်။ အမေသေသွားလို့ရှိရင် အခေါင်းထဲ ဒီစာတွေကို ထည့်ပေးပါ။

သမီး :အာ!! သေတယ်တဲ့ ဒီလို နမိတ်မရှိတာတွေ မပြောပါနဲ့။

အမေ :အင်းပါ၊ နောင်အခါကျရင်ပြောတာ။ အဲဒီအချိန်အထိ မှတ်ထားနော်။ အိမ်သစ်မှာလဲ ဂျပန်စတိုင်အခန်းရဲ့ အဝတ်စင်အပေါ်က သိုလှောင်တဲ့ အကန့်အတွင်းပိုင်းထဲ ထည့်ထားမယ်။

သမီး :မှတ်ထားပါမယ်..

အမေ :please ဒါ အမေနဲ့ သမီးရဲ့ လျှို့ဝှက်ချက်။

သမီး :ဟုတ်ကဲ့၊ သဘောပေါက်ပြီ။ သမီးလည်း ဒီလိုစာလေးတွေ ရေးပေးမယ့် သတို့သားလောင်းကို ရှာမတွေ့လို့ မဖြစ်ဘူးနော့။

အမေ :သမီး၊ ဒါတွေစဉ်းစားဖို့ မလိုသေးဘူးလေ။ ခု အထက်တန်းစာမေးပွဲ အတွက်ဘဲ စဉ်းစားပါ။

သမီး :မကောင်းဘူးလားလို့၊ သမီးလည်း.....။

အမေ :သမီး၊ သဘောကျတဲ့သူ ရှိနေပြီလား?

သမီး :သဘောကျတဲ့သူလောက်တော့ ရှိတာပေါ့။

အမေ :အတူတွဲနေကြပြီလား? boyfriend? ဟဲ့! သေချာပြောဦးလေ။

သမီး :လျှို့ဝှက်ချက်။ ဟီဟိ။ ဟော! အိမ်ပြောင်းရမယ် အိမ်ပြောင်းရမယ်...။

အမေ :ခဏလာခဲ့ဆို၊ သမီး...



ဘာသာပြန်စာတွေ ရေးပါလို့ ကိုဇနိက တိုက်တွန်းလို့ ချောက်တိချောက်ချက် ဘာသာပြန်ထားတာ တင်လိုက်ပါတယ်။ onlineမှာ ဝတ္တုတိုတွေ စုတင်ထားတဲ့အထဲက "ဆာဝရာက" (sawayaka/ fresh) စိတ်ကိုလန်းဆန်းစေတဲ့ စာစုများထဲက တစ်ပုဒ်ပါ။

Read More...

Friday, July 18, 2008

"aircon/ heater ဖွင့်ရင် မီတာသက်သာစေသောနည်း"


မမြတ်နိုးရဲ့ ဒီပို့စ်မှာ ကွန့်မန့်ပေးထားတာလေးကို ပြန်လည်ကူးယူဖော်ပြပါသည်။

ပူလွန်းလှသည် ...ဂျပန်ပြည်.

ဂျပန်နိုင်ငံ ကို မရောက်ခင်တုန်းက ပူတယ်လို့ လုံးဝ မထင်.. တကယ်မထင်။ အ၀တ်အစားဆို အထူပဲ ပါခဲ့တယ်။ ဟွန်း...ပြောကို မပြောချင်ပေါင်။ ပူတာများ။ လွန်လွန်းတယ်။ ဆံပင်တောင်ညှပ်လိုက်ပီ အမှန်က လှချင်တာလဲပါတာပေါ့။
ဂျပန်မှာက အပူချိန်က အလွန်ဆုံး ၃၅ F ပါပဲ ဒါပေမဲ့ hitsudo(Humidity) လို့ခေါ်တဲ့ ရေထုစိုထိုင်းမူက အရမ်းများတော့ ပေါင်းအိုးကြီးထဲ ထည့်ထားသလိုပဲ။ အအေးကြိုက်တဲ့ မြတ်နိုးတော့ အမုန်းဆုံးလပြောပါဆိုရင် သြဂုတ်လ ပဲ။ ဂျပန်တွေက အော်ရီကြတယ်။ သူတို့တော်တော်များများက အဲဒီလကို ကြိုက်ကြတယ်လေ။ ပီးတော့ ပြောလိုက်သေးတယ်လေ။ နင်တို့တိုင်းပြည် က ပိုပူတာပေါ့တဲ့။ ဘယ်ရမလဲ အထွန့်တတ်တက် တဲ့ မြတ်နိုးက ပူတာ မှန်တယ်။ ပူတဲ့အချိန်ဆို ငါတို့ဆီမှာ ၄၀ ၄၅ လောက်ကို ရှိတာ။ ဒါပေမဲ့ ရေထုစိုထိုင်းတာ အရမ်းနဲတော့ ဒီလောက်မပူဘူး။ နင်တို့ဟာက သစ်ပင်အောက်ဝင်မိပါတယ် ပိုပူတယ်။ တောထဲသွားကြည့်လည်း ပူတာပဲ။ ငါတို့ဆီမှာဆို.. အရိပ်အောက်ရောက်ရင် အေးသွားရော...ဆိုမှ ပါးစပ်လေးတွေ ပိတ်သွားကြတယ်။ ဒီနှစ်ပူတာ ပိုစောတယ် ။ ဇူလိုင်အစတည်းကပူနေတယ်ဗျာ။ သူတို့က ကြိုက်မှာပေါ့လေ..အခုချိန်ဆို သူတို့က တိုပေ့ဆိုတဲ့ ဘောင်းဘီတို လေးတွေ ကိုယ်စီဝတ်နေကြပီကိုး။ ကြိမ်အိတ်တွေ လွယ်လို အစွမ်းကုန် ဖော်နေကြပီကိုး..။ မြို့ထဲမှာ အရောင်စုံ မြင်နိုင်တယ်။ 2piece လိုမျိုးတွေလည်း ၀တ်ကြလေရဲ့။ ထုပ်ထားတာ အမျိုးမျိုး မြင်နိုင်ပီလေ.။ အံ့သြပါရဲ့။ ဟဲဟဲ..မြတ်နိုးကတော့ မျက်လုံး အဆာကျွေးလိုက်တာပေါ့ဗျာ။ အိုက်လွန်းလို့ ဘယ်မှ မသွားချင်ပေမဲ့... ထွက်နေသွားနေရဦးမှာပဲဗျာ ။ အခန်းကတော့ Aircon မသုံးလို့ကို မရတော့ ဒီလတော့ မီတာ တက်ပီ...။ :(


Blogger မြရွက်ဝေ said...

ဟုတ်တယ်။ ပူလွန်းလို့။ megumiစီမှာလဲ သွားအော်ထားတယ်။ မနေ့က အပြင်ထွက်တုန်းကတောင် တရုတ်သူငယ်ချင်းက မမြတ်နိုးကို ဂျပန်တွေ မေးသလို လာမေးတယ်လေ။ မြန်မာက ပိုမပူဘူးလားတဲ့။ ပြန်ပြောလိုက်ပါတယ်။ မြန်မာက ဂျပန်လို ရေခဲအောင်အေးတဲ့ နိုင်ငံမဟုတ်ဘူးလို့။ နဂိုကတည်းက သိပ်မအေးတော့ အပူချိန်တက်လာလဲ ရုတ်တရက်ကြီး ပူလာတယ်လို့ မခံစားရဘူး။ တိုက်ထဲ အရိပ်ထဲမှာနေရင် အေးမြမြခံစားရသေးတယ်လို့။ ဒီမှာတော့ ရေငွေ့တွေနဲ့ အပူရိုက်ပြီး အရိပ်ထဲနေတာတောင် မအေးဘဲ ပေါင်းအိုးကြီးထဲရောက်နေသလိုဘဲလို့။
ဂျပန်ကတော့ "အိုရှလည်"ကို အတော်ဦးစားပေးကြတာဘဲ။ အေးတဲ့အချိန်တောင် လှချင်လို့ အတိုအပြတ်တွေ ဝတ်တဲ့သူတွေ ရှိနေသေးတာ ခုဆို ပိုဝတ်ကြပြီ။ သူတို့ဝတ်တော့ ကိုယ်လဲ ငမ်းပေါ့။ :P
မီတာလျော့အောင်လုပ်နည်း TVမှာ ကြည့်လိုက်ရတယ်။ သိချင် ပြောပြမယ်ဂျို့။:)


Cbox
မြတ်နိုး: ရေးပေးလေ.. မနေ့က မေ့ကနဲ aircon ဖွင့်ပီးအိပ်သွားတာ အရမ်းအေးမှ နိုးလာတာ မီတာတော့ တက်ပါပီ


Blogger မြရွက်ဝေ said...
မမြတ်နိုးရေ

မီတာသက်သာအောင် လုပ်တဲ့နည်းက ပန်ကာနဲ့ တွဲဖွင့်ဖို့ပါ။ အင်!! လို့ဖြစ်သွားပြီထင်တယ်။ TVမှာ ရှင်းပြ သွားတာ။ air con သက်သက်ဘဲ သုံးမယ်ဆို အနည်းလေး ၂၂ဒီဂရီလောက် ထားမှ တခန်းလုံး အေးတာဟုတ်လား။ (အမ ဘယ်လောက် အပူချိန်မှာထားမှန်းမသိလို့ အိမ်မှာထားတဲ့ အပူချိန်နဲ့ ပြောတာပါ။) ဒါတောင် air conရှိတဲ့ အခန်းဘဲ အေးတာလေ။ မီးဖိုချောင်တို့ဘက်ကို အအေးမရောက်ဘူး။

တခန်းလုံး မြန်မြန်အအေးပျံ့အောင် ပန်ကာကို air conဖွင့်ထားတဲ့ အရှေ့ဘက်မှာ ဘေးဘက်မျက်နှာမူထားပြီး ဖွင့်ပေးပါတဲ့။ ဘေးဘက်ဆိုတာက ကိုယ် အအေးပျံ့ စေချင်တဲ့ဘက်ကိုပါ။ အဲဒီအချိန်မှာ air conကိုလည်း ဖွင့်နေကျထက် ဒီဂရီ လျှော့ရပါတယ်။ (အိမ်မှာ ၂၂ဒီဂရီမှ အေးတာကို ပန်ကာနဲ့တွဲဖွင့်တော့ ၂၅/၂၆ဒီဂရီနဲ့ မီးဖိုချောင်အထိ အေးတယ်။ ဒီနည်းနဲ့ မီးဖိုချောင်ထဲ ချွေးတလုံးလုံးဖြစ်မနေတော့တာ အမှန်ဘဲ။) ပန်ကာလဲ အားအလျော့ဆုံး(jaku/弱)မှာ ထားဖွင့်လို့ရတယ်။ TVမှာ ရှင်းပြတာက air con သက်သက်ဘဲ ဒီဂရီမြှင့်ဖွင့်ရင် တစ်နာရီမှာ တက်တဲ့ မီတာယူနစ်ထက် ပန်ကာနဲ့ တွဲဖွင့်ရင် ကျတဲ့ ယူနစ်က ပိုသက်သာတယ်တဲ့။ ဘာလို့လဲဆို ပန်ကာဖွင့်ရင် air con ရဲ့ အအေးဒီဂရီ ကို လျှော့ချလို့ရလို့လို့ ပြောတယ်။ ကျမတော့ မအိပ်ခင် တခါးတွေ အလုံပိတ်ပြီး air con နဲ့ ပန်ကာကို တခန်းလုံး အေးတဲ့အထိ တွဲဖွင့်ထားလိုက်တယ်။ အေးလာရင် air conကို ပိတ်ပြီး ပန်ကာသက်သက်ဘဲ တစ်နာရီ တိုင်မာ ဆက်ပေးထားလိုက်တယ်။ air conကိုတော့ မနက် ၄နာရီလောက် ပြန်ပွင့်ဖို့ တိုင်မာ ပေးထားတယ်။ အဲဒါက မဆိုးဘူး၊ တော်တော်အဆင်ပြေတယ်။ ကျမတို့အခန်းက နေထိုးတော့ အရမ်းပူလာရင် air conကို ၂၂ဒီဂရီလောက်နဲ့တောင် မြန်မြန်မအေးချင်ဘူး။ ၂၀လောက်ထားမှရတာ။ ခုဒီနည်းနဲ့ကျ ၂၅ဒီဂရီနဲ့ ဆောင်းတွင်းပြန်ရောက်သွားသလို အေးတယ်။

ဒီနည်းက အမှန်တော့ ဆောင်းတွင်းအရမ်းအေးတဲ့အချိန် မီတာသက်သာအောင် လုပ်နည်းမှာ ကြည့်လိုက်ရတာ။ heater ကို အပူချိန် လျှော့ချပြီး ပန်ကာနဲ့ တွဲဖွင့်ဖို့ လက်တွေ့ စမ်းသပ် ပြတာကြည့်လိုက်ရတာ။ နွေမှာလဲ အတူတူဘဲလို့ ထင်ပါတယ်။ ဆောင်းတွင်းမှာ တခုပိုတာက မှန်တခါးတွေကို လေအိပ်လေးတွေပါတဲ့ ပလက်စတစ်စနဲ့ (ဖန်လို ကွဲတတ်တဲ့ ပစ္စည်းတွေကို ပတ်လေ့ရှိတဲ့ ပလက်စတစ်စ) ကပ်ထားရင် ပိုကောင်းပါတယ်တဲ့။ မဟုတ်ရင် ပြင်ပ အအေးကြောင့် မှန်မှာ ရေသီးတွေစီးကျပြီး အခန်းတွင်း အပူချိန်ကို ကြာကြာမထိန်းနိုင်စေဘူးတဲ့။ ကျမတော့ အဲဒီ ပလက်စတစ်စတွေ ခုထိ မခွါဖြစ်ဘူး။ မမြတ်နိုး စမ်းကြည့်ပြီး အဆင်ပြေရင် ပြောပါဦးနော်။ :)


လေအိပ်လေးတွေပါတဲ့ ပလက်စတစ်စကို ဒီမှာ အဲယားကူရှင်(エアークッション/air cushion)လို့ ခေါ်ပါတယ်။


တချို့ကျတော့ "ပုချိပုချိ" (プチプチ/puchipuchi)လို့လဲ ပြောကြတယ်။ လေအိပ်လေးတွေကို ညှစ်ဖောက်လိုက်ရင် မြည်တဲ့အသံကို စွဲပြီးခေါ်ပုံရပါတယ်။ ("ပုချိပုချိ"နဲ့ ဆက်စပ်ပြီး အဲလိုလေအိပ်လေးတွေ ဖောက်ရတာ ဝါသနာပါတဲ့ သူတွေအတွက် ဂျပန်က ကစားစရာတမျိုး တီထွင်ထုတ်လုပ်ထားပါတယ်။


"မုဂဲန်းပုချိပုချိ" (∞プチプチ/အဆုံးမဲ့ ပုချိပုချိ) လို့ခေါ်ပါတယ်။ key chain ပုံစံလေးပါ။ တစ်ခုကို ယန်း 500 ကနေ 700 ဝန်းကျင်မှာ ရှိပါတယ်။ အဲဒီပေါ်က အဖုလေးတွေကို နှိပ်ရင် အချက် ၁၀၀ ပြည့်တိုင်း မတူတဲ့ အသံ မြည်ပါတယ်။ ဂျပန်တွေကတော့ ကြံကြံဖန်ဖန်ပါဘဲ။)



ရေးရင်းနဲ့ ခေါင်းစဉ်က ချော်လာပြီ။ ဆောင်းတွင်းမှာ မှန်တွေကို "ပုချိပုချိ"ပလတ်စတစ်စ ကပ်တာအပြင် လိုက်ကာအရှည်စကိုပါ အောက်ခြေနားမှာ ကူရှင်ခေါင်းအုံးနဲ့ ဖိထားရင် ပိုကောင်းပါတယ်။ ဒါမှ အိမ်တွင်းက လေနွေးတွေ မှန်ကိုသွားမထိတော့မှာပါ။ (ကျမကတော့ ပလတ်စတစ်စဘဲ ကပ်ဖြစ်ပါတယ်။)လက်တွေ့စမ်းသပ်ကြည့်ပြီး အသုံးဝင်နိုင်ကြပါစေနော်။

Read More...

Tuesday, July 15, 2008

တယ်!!!


ငယ်ငယ်က ကြားဖူးတဲ့ ဟာသလေးပါ။ သေချာမမှတ်မိတော့တဲ့အတွက် စဉ်းစားရေးလိုက်တာ အမှားပါနိုင်ပါတယ်။
အမျိုးသားတစ်ယောက် တမြို့တရွာကို အလုပ်ကိစ္စနဲ့ ရောက်နေပါတယ်။ အဲဒီမြို့မှာ ထမင်းစားဖို့ ထမင်းဆိုင်ထဲဝင်ပြီး အော်ဒါမှာတာက "ကျွန်တောအတွက် ထမင်းအေးစက်စက်၊ တူးနေတဲ့ကြက်ဥကြော်ရယ် ပေါ့ရွှတ်အရသာမရှိတဲ့ ဟင်းရည်ရယ် ပေးပါ၊ ပြီးရင် ဆောင့်ဆောင့်အောင့်အောင့်နဲ့ ရော့-တေချင်းဆိုး မြိုဆို့လို့ပြောပြီး စားစရာတွေချပေးပါ"တဲ့။ ဆိုင်ရှင်က သူမှာတဲ့အတိုင်း လုပ်ပေးပြီး အရမ်းထူးဆန်းနေလို့ ဘာလို့ ဒီလိုအော်ဒါမှာရသလဲမေးမိတယ်။ အဲဒီအခါ ပြန်ဖြေတာက "အိမ်ကမိန်းမကို သတိရလွန်းလို့ပါဗျာ"တဲ့။
မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ အဲဒီပုံပြင်ကို အရင်လကုန်ခါနီးက ပြန်သတိရဖို့ဖြစ်လာတယ်။

2008.06.26 ကြာသပတေးနေ့
အိမ်ကြီးရှင်- "လာမယ့်တနင်္လာနေ့ ခွင့်ယူထားတယ်။ "
ကျမ - "ဘာဖြစ်လို့လဲ"
အိမ်ကြီးရှင်- "အချိန်တွေ အရမ်းများနေလို့"
ကျမ- "ဪ။ အင်း အင်း" (သူတို့က စာချုပ်နဲ့အလုပ်လုပ်တာဆိုတော့ တလအတွက် သက်မှတ်ထားတာထက် အချိန်တွေ အများကြီးပို မလုပ်ရဘူးလေ)
အိမ်ကြီးရှင်- "ဒါတောင် မနက်ဖြန်ပါခွင့်ယူမလို့ဟာ စနေနေ့ အချိန်ပိုအတွက် ပြင်ဆင်စရာတွေရှိလို့၊ စောစောတော့ပြန်လာမယ်"
ကျမ- "အင်း..."
အိမ်ကြီးရှင်- "တနင်္လာက လကုန်ရက်ဖြစ်တော့ ခွင့်က တနေကုန်ယူလို့မဖြစ်ဘူး။ အလုပ်ဆင်းထားတဲ့စာရင်း တင်ဖို့အတွက်တော့ သွားရမယ်။ ၂နာရီလောက်ဘဲနေပြီး ပြန်လာမယ်"
ကျမ- "အင်း..."
သူ့ဘာသာ အလုပ်နားရမယ်ဆိုပြီး အတွေးနဲ့ ပျော်နေတယ်။ နောက်မှ ကျမက သတိရပြီး
ကျမ- "ဪ တနင်္လာနေ့လား။ တနင်္လာနေ့ဆို ပြန်လာလဲ အိမ်မှာမရှိဘူးနော်။ သင်တန်းရှိတယ်။"
အိမ်ကြီးရှင်- "အင်! ဟုတ်သားဘဲ"
သူအလုပ်ကပြန်လာတိုင်း အမြဲအိမ်မှာရှိတဲ့ ကျမ အိမ်မှာမရှိဘူးဆိုတော့ သူ့မျက်နှာအီလည်လည်နဲ့။ စိတ်ထဲက ကြိတ်ပျော်လိုက်မိတယ်။ အိမ်ပြန်ရောက်ရင် သူ့အိမ်သူကို မြင်ချင်တယ်ပေါ့လေ။
ကျမ- "အမယ်! ရှိလည်းဘာထူးလို့လဲ။ ပြန်လာတာနဲ့ ကွန်ပြူတာရှေ့ရောက်နေတာကိုများ"
အိမ်ကြီးရှင်- "အင်းမ်... ဒါတော့ဒါပေါ့"
ကျမ- "ဒါနဲ့များ"
အိမ်ကြီးရှင်- "အိမ်ပြန်လာတာ ပူညံပူညံလုပ်မယ့်သူမရှိတော့ တမျိုးကြီးဘဲ"
ကျမ- "တယ်!!!"
အပျော်လေးတွေ ကြက်ပျောက် ငှက်ပျောက်။

2008.06.30 တနင်္လာနေ့
မနက်
ကျမ- "အ! နေလို့မကောင်းဘူး ဒုက္ခဘဲ"
အိမ်ကြီးရှင်- "မထနဲ့ ဆက်အိပ်နေလိုက်"
အမြဲတန်း အဆင်သင့်ပြင်ထားပေးနေကျ၊ ဒီတစ်ခါတော့ သူ့ဘာသာ ပြင်ဆင်နေတယ်။
ကျမ- "ထမင်းဘူးလဲ မထည့်ပေးနိုင်တော့ဘူး"
အိမ်ကြီးရှင်- "ရတယ်။ အပြင်မှာ စားလိုက်မယ်"
ကျမ- "သင်တန်းလဲ မသွားနိုင်တော့ဘူးထင်တယ်"
အိမ်ကြီးရှင်- "မသွားနိုင်လဲ မသွားတော့နဲ့လေ"
ကျမ- "အင်းမ်..."

အလုပ်ကပြန်အရောက်
အိမ်ကြီးရှင်- "ただいま" (tadaima/ပြန်ရောက်ပါပြီ)
ကျမ- "お帰り" (okaeri/ပြန်လာတာ ကြိုဆိုပါတယ်)
ရစ်ချင်ချင်စိတ်လေးလဲရှိနေတော့
ကျမ- "ဘယ့်နှယ့်နေတုန်း၊ သင်တန်းမသွားဘဲ အိမ်မှာရှိနေတော့"
အိမ်ကြီးရှင်- "အင်း...何とか 落ち着く" (nantoka ochitsuku/ ဘာဖြစ်ဖြစ် စိတ်ငြိမ်တာပေါ့)
ကျမ- "ဟမ်!"
ဩ ဩ သူ့အတွက် စိတ်ငြိမ်ဆေးဘဲ ဖြစ်နေရသေးတယ်။ ဟွန့် မှားပါဒယ်!



(မနေ့က 7th anniversary အမှတ်တရအတွက်တင်ဖို့ အပြင်သွားပြီး ပင်ပန်းလာတာနဲ့ ဒီနေ့မှဘဲ တင်လိုက်ရတော့တယ်။)

Read More...

Saturday, July 12, 2008

"ဂျောက်ဂျောက်ဂျက်ဂျက်"


ソーイング
Geminiဖွား အာရုံများနေပြန်တာလေ။ အဲဒီတလော စာလဲမရေးချင်ဘူး။ သူများဘလော့တွေ လိုက်လည်ပေမယ့် ကိုယ့်ဘလော့လေးက ဖုန်တွေတက်လို့။ နာဂစ်သတင်းတွေကြည့်ပြီး စိတ်မတည်ငြိမ်တာလဲပါတယ်။ တနေ့တနေ့ ဘာလုပ်ရကောင်းမလဲဆိုပြီး စိတ်လေနေတာ။ စကားပြောဖော် သူငယ်ချင်းလဲမရှိလို့ ပျင်းတယ်လို့ ဂျီနေလို့ သူက Rakutenကနေ အပ်ချုပ်စက် တလုံးဝယ်ပေးတယ်။


"ဂျောက်ဂျောက်ဂျက်ဂျက် အပ်ချုပ်စက်"ဆိုတာ မောင်လေး နောက်ပြောင်ပြီး ပြောတဲ့စကားပါ။ ငယ်ငယ်တုန်းက ရွတ်ဖူးတဲ့ စက်ကြီး၁၃ပါးဂါထာ အလိုက်နဲ့ စက်ချုပ်နေတဲ့ သူ့အမကို လာနောက်တာ။ ဒီကောင်လေးတော့ ငရဲကြီးတော့မှာဘဲလို့ ရေရွတ်ပေမယ့် သူပြောတာကို အမြဲ သတိရနေတယ်။ စက်ကလေးရှိလာပြီဆိုတော့ အပျင်းပြေနဲ့ အချိန်မှီချုပ် အစုတ်သက်သာလေးတွေ လျှောက်လက်တည့်စမ်းတော့တာပေါ့။

အချုပ်အလုပ်လဲ အဲလောက်ရတာ မဟုတ်ပါဘူး။ ၁၀တန်းဖြေပြီး ကျောင်းတွေပိတ်ထားတုန်း အမကသင်ပေးမယ်ဆိုတာ အီလေးဆွဲနေတာ။ အမက စက်ချုပ်သင်ထားတာဆိုတော့ သူ့အသိတချို့ လာအပ်ကြတယ်။ အဲဒီတုန်းက ကျမတို့မြို့မှာ ၁၀တန်းဖြေပြီးရင် စက်ချုပ်သင်ကြတာများတယ်။ ကျောင်းတွေကလဲ ဘယ်တော့ပြန်ဖွင့်မယ်မှန်းလဲ မသိကြတော့ လက်မှုပညာလေးသင်ရင်း အချိန်ဖြုန်းနေကြတာ။ အမေလဲ ချုပ်တတ်ပါတယ်။ အမလို ခေတ်ပေါ်တွေတော့မရဘူးပေါ့။ အမက သင်ပေးမယ်ပြောတိုင်း ဟိုဆင်ခြေကန် ဒီဆင်ခြေကန်နဲ့ လပ်ယားလပ်ယားလုပ်နေတာ။ သင်ပေးမယ့်သူက သင်ပေးမယ်ပြောနေတာကို နေ့ရွှေ့ညရွှေ့လုပ်ရင်း ဗြုန်းစားကြီး အမ မော်လမြိုင်သွားပြီး ကျောင်းတက်ဖို့စာကျလာတယ်။ အဲဒီအခါမှ တပတ်အတွင်း အသည်းအသန် သင်ရတော့တယ်။ သင်တာတောင် ဂျီးပွလိုက်သေးတယ်။ ကိုယ်ချုပ်ဝတ်မယ့်ဟာဘဲ သင်တယ်။ ခေါင်းထဲမရောက်တာတွေ နောက်ပြန်ကြည့်ချုပ်ဖို့ စာအုပ်ထဲ ရေးထားလိုက်တယ်။

ဘလောက်စ်အင်္ကျီ၊ ဂါဝန်၊ စကတ်နဲ့ ကုတ်အင်္ကျီလောက် သင်လို့မှီလိုက်တယ်။ ဒါတောင် ကုတ်အင်္ကျီက အမ,မသွားခင် ညကျမှ စာတွေ့ဘဲ လုပ်လိုက်ရတာ။ ရင်ဖုံးအင်္ကျီတို့ ထဘီစကတ်တို့ဆိုတာ ဝေလာဝေးရော။ အမကျောင်းအားလပ်ရက်ပြန်လာတော့ ထဘီစကတ်ချုပ်တာ သင်ပေးတယ်။ အဲဒါလဲ ကောင်းကောင်းမတတ်ဖူး။ ဟိုညှိဒီညှိ စိတ်မရှည်တာလေ။ ဗိုက်ပူစာတွေ ဒေါင့်ဆွဲစာတွေနဲ့ ရှုပ်လို့။ ချုပ်တုန်းက အကောင်း၊ ဝတ်လိုက်မှ စွေသွားရင် အရမ်းစိတ်တိုပြီး ပစ်ထားလိုက်ရော။ စိတ်ပြေမှ ပြန်ကိုင်တယ်။ တခါတလေ လုံးဝမမြင်ရအောင် ချောင်ထိုးထားလိုက်တယ်။ နှစ်ပေါက်မှ ပြန်ထုတ်ပြင်တာမျိုးလဲရှိရဲ့။ (စိတ်ကြီးတယ်နော် ဟင်း!!)

ရှပ်အင်္ကျီချုပ်နည်းလဲ မသင်ပြန်ဘူး။ ကော်လာတပ်ရတဲ့ အင်္ကျီဆို စိတ်က မရှည်ပြန်ဘူးလေ။ ကိုယ်တိုင်လဲ ချုပ်ဝတ်ဖို့ စိတ်မကူးခဲ့ပါဘူး။ ဘယ်သူ့ကိုမှလဲ ချုပ်ပေးဖို့ စိတ်မကူးတာလဲပါတယ်။ အဲဒီတုန်းကပါ။ သူနဲ့တွေ့တော့ ချုပ်တတ်ချင်လာတယ်။ အဲဒီကျမှ ကိုယ့်ဘာသာ စာအုပ်တွေထဲ လိုက်ရှာဖတ်၊ စက္ကူနဲ့ အရင်ညှပ်၊ နောက်ဆုံးမှ ပိတ်စပေါ် ချညှပ်ရတယ်။ ပထမဆုံးချုပ်ပေးဖြစ်တာ ရှပ်အင်္ကျီ ရေညှိစိမ်းအကွက်ကလေး။ သူက ဘာမှအထွေအထူး မပြောဘဲဝတ်ပေမယ့် သူ့အမေမီးပူတိုက်တော့ "ဟယ်! အင်္ကျီက ဘယ်လိုဖြစ်လို့ ဂုတ်ပိုးတစ်ထပ်ပဲရှိရတာလဲ"တဲ့။ အဟီး ရှပ်အင်္ကျီက အမြဲဂုတ်ပိုးနှစ်ထပ်ရှိတာလေ။ ကျမက ရှုပ်လို့ ညှိရခက်လို့ တစ်ထပ်ဘဲချုပ်ထားတာ။ (စိတ်က သိပ်ရှည်တာနော် ) အဲဒီနောက်ပိုင်း သူ့အတွက်ဆို အိမ်နေအင်္ကျီဘဲ ချုပ်ပေးဖြစ်တော့တယ်။ ကျောင်းတုန်းက စက်နဲနဲပါးပါး ချုပ်တတ်တယ်ဆိုတာသိတော့ အိမ်ပြန်ရင် ယူသွားပါဆိုပြီး သူငယ်ချင်းတွေက ချုပ်ခိုင်းကြတယ်။ ကျမက စည်းကမ်းချက် ၄ချက်ကို ကြိုပြောထားပါတယ်။ ဈေးကြီးတဲ့ပိတ်စ မဖြစ်ရ၊ ခက်ခက်ခဲခဲပုံ မဖြစ်ရ၊ ဂျီးမများရ၊ ပျက်သွားလဲ ကိစ္စမရှိဆိုမှလို့။ မဟုတ်ရင် ချုပ်လဲချုပ်ပေးရ အပြောလဲခံရဦးမယ်လေ။

အပ်ချုပ်စက်ရလာပြီးတော့ ပိတ်စလဲ အင်တာနက်မှာဘဲ လိုက်ရှာဝယ်တယ်။ အပြင်မှာ ပိတ်စဆိုင်ဘယ်မှာရှိမှန်း မသိတာလဲပါတယ်။ စချုပ်တာနဲ့ အခက်တွေ့တော့တာဘဲ။ သင်တုန်းက လက်မစကေးအတိုင်းနဲ့သင်ထားတာ။ ဒီမှာက စင်တီမီတာပေတံတွေဘဲရှိတယ်။ ကိုယ်သိထားတဲ့အတိုင်းတွေကို စင်တီမီတာပြောင်းတွက်ရနဲ့ တစ်ယောက်ထဲ ရှုပ်နေတာလေ။ ပထမဆုံးချုပ်ဖြစ်တာက ဒီဂါဝန်။ စင်တီမီတာနဲ့ လက်မစကေးကြားရှုပ်ပြီး အကြီးကြီးချုပ်မိသွားလို့ မီးပုံးပျံဂါဝန်ဖြစ်သွားတယ်။ ဗိုက်ဗိုက်ပူမှ ဝတ်ရမယ့်ကိန်း ဖြစ်နေပြီ။



ပိုတဲ့အစလေးနဲ့ ipod အတွက်လဲ အင်္ကျီတထည်။



ဒါက エコ(eco) လို့ပြောရမယ်။ အိပ်ယာခင်းဝယ်တော့ ရေမြှုပ်မွှေ့ယာစွတ်ဖို့ အစွတ်ပါပါလာတာ သုံးလဲမသုံးဖြစ်ဘဲ ဒီအတိုင်းထားထားတာကို စင်အစွတ် ပြောင်းချုပ်လိုက်တယ်။ ရှုပ်ပွထနေတာတွေကို မမြင်ရအောင် ကာထားတာလေ။



ဒါက အတွင်းဘက်လိုက်ကာအထူ။ အရင်က သူဖြစ်သလို ပိတ်စနဲ့ကာထားတာ။ လိုက်ကာဝယ်ဖို့ သွားကြည့်တိုင်း တခါးအပေါက်၂ခုက အမြင့်မတူလို့ စိတ်တိုင်းကျမရဘူး။ ရတဲ့ဆိုင်ကျတော့လဲ ဈေးကြီးလိုက်တာ။ ဝယ်လာမိတာက အနံလွန်ပြီး အလျှားတိုနေတယ်။ ဒါနဲ့ကိုယ့်ဘာသာဘဲ ပိတ်စမှာပြီး ချုပ်လိုက်တော့တယ်။ အကောင်းလှကြီးမဟုတ်ပေမယ့် မဆိုးပါဘူး သူကတော့ ခုမှ လူနေအိမ်နဲ့တူလာပြီတဲ့။ (ဟွန်း!အရင်က ဘာတွေနေနေတာကျနေမှန်းမသိဘူး။)



အပြင်ဘက် လိုက်ကာအပါးစ။



ဒါက ချုပ်ပြီး သဘောကျလို့ ခဏခဏဝတ်နေတဲ့ အင်္ကျီ။ ယဉ်ယဉ်လေးနဲ့ ရူး အဲ လှတယ်လို့ပြောနော်။



ဒါသူ့အတွက် အိမ်နေ ဝတ်စုံ & ပိုတဲ့အစကို ဟိုဖြတ်ဆက် ဒီဖြတ်ဆက်နဲ့ ကျမအတွက်။



အင်းမ်... ဘာထပ်ချုပ်ရကောင်းမလဲ စဉ်းစားလို့မရသေးဘူး။ လောလောဆယ် ဒီအတိုင်း ထားထားလိုက်ဦးမယ်။ ဒီလိုနဲ့ ပိတ်စတွေ နှစ်ပေါက်ပြန်ဦးမလားမသိ။ ဒါမှမဟုတ် ဘလော့ လည်လည်လာတဲ့ မမ၊ညီမတွေကိုလည်း အိမ်နေရင်းအင်္ကျီ ချုပ်ပေးရင် ကောင်းမလား!! (အပြင်သွားရင် ဝတ်ဖို့ဆို ကိုယ့်လက်ရာ ကိုယ်သိမို့ အိမ်နေလို့ပြောတာ။) အပေါ်က အချက်၎ချက်ကို သဘူတောရင်ပေါ့။ အင်တာနက်ပေါ်မှာ ချုပ်ပေးမယ်လေ။ emailလို e-cloth လေးတွေ ပို့လိုက်မယ်။ အပ်သူများလာရင် ဘလော့ထိပ်မှာ ကြော်ငြာကပ်ထားလိုက်မယ်။ "e-စက်ချုပ်လက်ခံသည်"လို့။

Read More...

Monday, July 7, 2008

"တာနဘတ ပွဲတော်"




"ဝါးရွက်လေးတွေ ပျော့ပျောင်းသွယ်
တံစက်မြိတ်မှာ လှုပ်ခါရယ်
ကြယ်လေးတွေ လင်းလက်တောက်ပ
ရွှေ ငွေ မှုံများအလား"


ဒီနေ့ ခုနှစ်လပိုင်း ခုနှစ်ရက်နေ့ဆိုတော့ သင်တန်းမှာ "တာနဘတ"ပွဲ လုပ်တယ်။ "တာနဘတ"ပွဲက တရုတ်ပြည်က ဆင်းသက်လာတာလို့ ပြောပါတယ်။ "တာနဘတ"ပွဲတော်အကြောင်း ဘာသာပြန်ကို မနုစံဆီမှာ ဖတ်နိုင်ပါတယ်။ မနက်ပိုင်းက အတန်းမှာတော့ နားနေချိန်မှာ ဆုတောင်းစာရေးဖို့ စာရွက်နဲ့ ရောင်စုံsoftpenလိုက်ဝေတယ်။ ရေးပြီး အတန်းရှေ့က ဝါးခက်မှာ သွားချိတ်လိုက်ရုံပါဘဲ။ ညနေပိုင်းအတန်းမှာတော့ အခန်းထဲဝင်လိုက်တာနဲ့ ထိုင်ခုံတွေအကုန် ဘေးရွှေ့ထားတာ တွေ့ရတယ်။

စားပွဲတွေကို အစု၃စု စုထားပြီး တခုပေါ်မှာ "ယူခတ" ( yukata/浴衣) တွေ တင်ထားပါတယ်။ (ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ ပါလာတော့ဘူး။) နောက်စားပွဲပေါ်မှာ စုတ်တံ၊ မှင်သွေးကျောက်ပျဉ်နဲ့ ကျောက်တံ၊ မှင်ရည်ဘူး နဲ့ ဆုတောင်းစာရွက်တွေ တင်ထားတယ်။


(ကျမ ရေးတဲ့နေရာက ပစ္စည်းလေးတွေ)

နောက်တခုပေါ်မှာတော့ စာရွက်ခေါက်ဖို့ ရောင်စုံစာရွက်တွေ တင်ထားတယ်။ ခေါက်ဖို့ ပုံစံစာရွက်တွေလဲ တင်ထားပေးတယ်။ အဲဒါလေးတွေကြည့်ခေါက်ပြီး ဝါးခက်မှာ သွားချိတ်ဆွဲကြပါတယ်။ ပန်းပွင့်အကြီးကြီးတွေကိုတော့ ခေါင်းမှာပန်ပြီး ဓာတ်ပုံရိုက်ကြတယ်။


(သူများခေါက်ထားတဲ့ ပန်းပွင့်တွေကို ရိုက်လာတာ)

ကြိုက်နှစ်သက်တာ စလုပ်လို့ရပါတယ်။ ကျမက ဆုတောင်းစာရေးစားပွဲနဲ့နီးလို့ ဆုတောင်းစာ အရင်ရေးပါတယ်။ ဒီတစ်ခါ စုတ်တံနဲ့ ရေးရတာဖြစ်လို့ အကြမ်းအရင်ရေးကျင့်ရပါတယ်။ လေ့ကျင့်ပေမယ့်လည်း မှင်ရည်ကို မညှိတတ်တာရော စာလုံးလှအောင်မရေးတတ်တာရောနဲ့ နှစ်ရွက်မြောက်ရေးတာကိုဘဲ အတန်းရှေ့က ဝါးခက်မှာ ချိတ်လိုက်တယ်။


အင်းမ်... ဘာဆုတောင်းလဲဆိုတော့ ဒါလေးလေ မနက်ကနဲ့ အတူတူဘဲ။


(အမေ့ကိုဘဲ သတိရနေတာနဲ့ "အမေကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရပါစေ"လို့ ဆုတောင်းလိုက်တယ်။)

သူများတွေရဲ့ ဆုတောင်းစာရွက်တွေ လိုက်ဖတ်ဖြစ်တယ်။ အတော်များများက "မိသားစုဝင်အားလုံး ကျန်းမာပါစေ"လို့ ဆုတောင်းတဲ့သူတွေ များတယ်။ "ကိုယ့်ကလေးကို နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေ"ဆိုတာလည်း တွေ့ရတယ်။ ထူးထူးဆန်းဆန်း "ကြိုးစားပါ နိပွန်း! ပီကင်းအိုလံပစ်"လို့ ရေးထားသူလဲရှိတယ်။ "ထီပေါက်ပါစေ" ဆိုတာလဲ ရှိတယ်။ သူငယ်ချင်းတရုတ်မလေးကတော့ အတိအကျဘဲ "ယန်းသန်းသုံးရာထီ ပေါက်ပါစေ"တဲ့။ :D

ဆုတောင်းစာရေးပြီးတော့ "ယူကတ"ဝတ်ပြီး ဓာတ်ပုံတွေ ရိုက်ကြတယ်။ "ယူကတ"က ကီမိုနိုလို ပိတ်မထူပါဘူး။ နွေမှာဝတ်တာမို့ ချည်သားအပါးစတွေနဲ့ ချုပ်ထားတယ်။ ချုပ်ထားတာကလဲ အထည်တိုင်း လက်နဲ့ချုပ်ထားတာ။ အတော်တောင် အံ့ဩသွားတယ်။ ချည်ကိုလဲ ပိတ်သားထဲမြှုပ်ပြီး အတော်စိတ်ရှည်လက်ရှည် ချုပ်ထားတာ။ ခုနောက်ပိုင်း တချို့ "ယူကတ"တွေက စက်နဲ့ချုပ်တာတွေလဲ ရှိလာတယ်တဲ့။ အဝတ်ထက် ခါးစီး "အိုဘိ" (obi/帯)လေးတွေကို သဘောကျတယ်။ အနောက်က ဖဲပြားကို ကြိုက်တာ။ ကြာကြာတော့ ဝတ်ထားမနိုင်ပါဘူး။ အသက်ရှူကြပ်လာတယ်။


ပြီးတော့ "အိုချ" (လက်ဖက်စိမ်း ရေနွေးကြမ်း)သောက် မုန့်တွေစားနဲ့ ဆူညံဆူညံနဲ့ပေါ့။ အားလုံးပြီးသွားတဲ့အခါ "တာနဘတ"ပွဲရဲ့သီချင်းရေးထားတဲ့စာရွက်တွေဝေပါတယ်။ (အပေါ်မှာ ထင်ရာမှန်းပြီး ဘာသာပြန်ထားကြည့်တာပါ။) ကက်ဆက်သီချင်းနောက်က အားလုံးစုပေါင်းလိုက်ဆိုကြပြီး အဆုံးသတ်လိုက်ပါတယ်။

Read More...

Sunday, July 6, 2008

"ဝါတာရှိ နို ကိ"


私の木 (ကျွန်မ ၏ သစ်ပင်)

ဂျူးရဲ့ ဝတ္တုမဟုတ်ပါဘူး။ ကျမဝယ်ထားတဲ့ အပင်လေးပါ။ ဒီမှာအေးတဲ့နိုင်ငံမို့ထင်တယ်၊ ပန်းတွေက ၁၂ရာသီ အမျိုးမျိုးပွင့်ပြီး လှနေတာဘဲ။ ပန်းတွေကို ကြည့်ရရင် ပျော်တယ်။ စိတ်လန်းဆန်းတယ်။ ပန်းတိုင်းသူ့ဘာသာသူ လှကြပါတယ်။ ပန်းပွင့်အကြီးကြီးတွေထက် ပန်းသေးသေးလေးတွေကို ပိုသဘောကျတယ်။ အပြင်သွားတိုင်း အမြဲတန်း ပန်းတွေကိုလိုက်ငေးတယ်။ ပန်းအမျိုးအစား အတော်များများကို ဒီရောက်မှမြင်ဘူးတာ။ မေမြို့သွားတုန်းက မြင်ဖူးတာထက်တောင် ပိုများတယ်။ နည်းပညာကြောင့်လည်း ပါမယ်ထင်ရဲ့။ အပင်ပုပုလေးတွေမှာလည်း ပန်းတွေဝေလို့ဘဲ။ ဘူတာကို လမ်းလျှောက်ပြီးသွားရင် သူများအိမ်ရှေ့က အပင်တွေ တလမ်းလုံး ငေးသွားတာ။ ဒီမှာ ပန်းအိုးသူခိုးလဲ ရှိပုံမပေါ်ဘူး။ ပန်းအိုးတွေ အိမ်အပြင်ဝ လမ်းဘေးမှာ ထားကြတယ်။ အိမ်တအိမ်ကခြံစည်းရိုးမှာ စိုက်ထားတဲ့အပင်ကပန်းဆိုရင် နှင်းဆီပွင့်နဲ့ အရမ်းတူတယ်။ အပင်ကတော့ လုံးဝ နှင်းဆီပင်မဟုတ်ဘူး။ တချို့ရဲ့အိမ်ရှေ့က ပန်းအိုးထဲမှာများဆို ချစ်စရာ ပန်းပိစိလေးတွေ ပြွတ်ပြီးပွင့်နေတာများ အသည်းယားတယ်။ အဲလိုအပွင့်လေးတွေမြင်ရင် လူကသာ လမ်းဆက်လျှောက်တယ်၊ ခေါင်းက တပတ်လည်လုမတတ် လှည့်ငေးတာ။ ပိုင်ရှင်မြင်ရင် သူ့ပန်းအိုး အလစ်သုတ်မယ်ထင်မလားဘဲ။


မွေးရပ်(furusato-ふるさと)မှာဆို ခြံဝန်းထဲမှာ ပန်းအိုးတွေ အများကြီးရယ်။ အမေရော၊ အဖွားရော၊ အဒေါ်ငယ်ရော၊ အမရော ပန်းစိုက်ဝါသနာပါကြတယ်။ Kiss Me Quickပန်းက မွေးရပ်မှာ နာမည်ကြီးလို့ အိမ်မှာ ရသလောက် အမျိုးစုံအောင် စိုက်ထားတယ်။ အရောင်အနုအဖျော့၊ အရင့်၊ ပန်းပွင့်အသေးအကြီး အစုံဘဲ။ အဝါပေါ်မှာ အစင်းကျားနဲ့ ပွင့်တာမျိုးရယ်၊ သတို့သမီး လက်ကိုင်ပန်းလို ပန်းဆီရောင်အဆုပ်လိုက် ပွင့်တာမျိုးရယ်၊ အဆင့်တွေ တဆင့်ပြီးတဆင့် ထပ်ဆင့်ပွင့်တာမျိုးရယ် အများကြီးစိုက်ထားတယ်။ (စုံဂဏန်းပွင့်တဲ့ Kiss Me Quickပန်းက မဂဏန်းပွင့်ရင် ကံကောင်းတယ် ဆိုလားကြားဘူးတယ်။ ၇ပွင့်ဆို lucky ၅ပွင့်ဆို စွံသတဲ့။ ဟုတ်မဟုတ်တော့မသိဘူး။ အိမ်က အဒေါ်အငယ်ဆုံးတော့ ၄၀နီးပြီ၊ ခုထိစွံသေးဘူးဂျ၊ တူမတွေ ကျော်တက်ကုန်ပြီ။ :D) အိမ်နားနီးချင်းတွေနဲ့လည်း သူ့အိမ်မှာရှိတဲ့ပန်းနဲ့ ကိုယ့်အိမ်မှာရှိတဲ့ပန်း မတူရင် ကိုင်းကူးမျိုးပွါးပြီး လဲကြသေးတယ်။ အဖွားက အိမ်ဘေးပတ်ချာလည်ပိန်းပန်းပင်တွေ စိုက်ထားတယ်။ အရင်အိမ်မှာတုန်းက ပိန်းပင်တွေ ပိုသန်တယ်။ ဒီဘက်အိမ်ပြောင်းတော့ ပန်းတွေနှုတ်ယူပြီး ပြန်စိုက်ရတာ အမြစ်နာလို့ထင်ရဲ့ သိပ်မသန်တော့ဘူး။ ပိန်းပန်းနီနီတွေ ပွင့်ရင် ဘုရားလဲတင်၊ သူများတွေ လာတောင်းဝယ်ရင် အဖွားက ရောင်းပေးလိုက်တယ်။ ကျမက ကျောင်းမှာ အသင်းအလှည့်ကျလို့ ပန်းအိုးထိုးဖို့လိုရင် တစ်ပွင့်လောက်ဘတ်သွားလိုက်တယ်။:P တခြား စပယ်၊ သစ်ခွ၊ သဇင်၊ ပန်းထိမ်ငိုပန်း--- အဖွားစိုက်ထားတာတွေ စုံလို့ပါဘဲ။ ပန်းပင်တွေအပြင် ဇီးပင်၊ သရက်ပင်၊ မရမ်းပင်၊ ရှောက်ပင်၊ ကြက်မောက်သီးပင်တွေလည်း စိုက်ထားသေးတယ်။ အမက နှင်းဆီဝါသနာအိုးဆိုတော့ နှင်းဆီပင်စိုက်တယ်။ တခြံလုံး ကျမကလွဲပြီး အားလုံးစိုက်ထားတဲ့ အပင်တွေ အများကြီးဘဲလေ။ ကျမက ဆီဆမ်းနှမ်းဖြူး ပန်းတွေ လိုက်ကြည့် ရေလောင်းပေးတယ်လေ။ ပေါင်းတော့ သင်ပေးဘူး။ တီကောင်ကြောက်လို့။ ကြောက်တာထက် နေလို့မရအောင် ရွံတာ။ မိုးတွင်းရောက်ရင် ခြံထဲ မဆင်းတော့ဘူး။ တီအပြင် ကျွတ်တွေပါ လန်းလန်းလန်းလန်းနဲ့မို့။ ရေးရင်းကြက်သီးထလာပြီ။

အမေ ရန်ကုန်မှာ လိုက်နေပေးတော့ ရောက်ခါစက တိုက်ပေါ်မှာ မနေတတ်ဘူး။ မြေမနင်းရလို့တဲ့။ သူ့ပန်းအိုးတွေသတိရသတဲ့။ အိမ်မှာဆို ခြံထဲဆင်းလိုက်တာနဲ့ ပန်းတွေအပြည့်ဘဲလေ။ တိုက်ပေါ်မှာ ဝရန်တာလဲမထွက်ရဲ၊ ရင်တလှပ်လှပ်နဲ့တဲ့။ နောက် ရန်ကုန်မှာနေတဲ့ အမေ့အောက် တစ်ယောက်ခြားတဲ့ အဒေါ်ဆီသွားလည်ရင်း မလေးရှားပိတောက်ဆိုတဲ့ ပန်းအပင်ပေါက်လေးတွေ သယ်လာတယ်။ ဝရန်တာမှာ ပန်းအိုးလေးနဲ့စိုက်ရင်းနဲ့ ခုတော့ ဝရန်တာ မကြောက်တော့ဘူး။ ပန်းအိုးလေးတွေလည်း တလုံးပြီးတလုံး တိုးလာတယ်။ ညနေဘက် ပန်းအိုးလေးတွေကြား ထိုင်ခုံချထိုင်ရင် ပန်းခြံလေးထဲရောက်နေသလို စိတ်အေးချမ်းတယ်။ မိုးလေတအားပြင်းရင် ပန်းအိုးတွေ လေကွယ်ရာရွှေ့ရင်း အမေအလုပ်ရှုပ်နေတယ်။ ကျမဒီမလာခင် မြေပဒေသာကျွန်းကနေ မလေးရှားပိတောက် အရောင်ဆန်းဆန်း ပန်းအိုးတစ်အိုးဝယ်ပေးခဲ့တယ်။ သမီးအစား ပန်းအိုးလေးကို ဂရုစိုက်နော်လို့မှာမိသေးတယ်။ အမေ့ကို အပူပေးသလိုများ ဖြစ်သွားမိသလားဘဲ။

ကျမက ပန်းတွေသဘောကျပေမယ့် ကိုယ်တိုင်တော့ မစိုက်ဖူးဘူးရယ်။ တနေ့တနေ့ ပျင်းနေတတ်တော့ ပန်းလေးဘာလေးစိုက်ဖို့ စိတ်တော့ကူးမိပါရဲ့။ တီကောင်ကြောတ်တာရယ်၊ ခြေတလှန်းသာသာ ဝရန်တာနေရာမှာ အဝတ်လှန်းစင်ရယ် အဝတ်လျှော်စက်နဲ့ ပြည့်နေတော့ နေရာကမရှိပြန်ဘူး။ ဒီတခါတော့ ဘယ်လိုဘဲဖြစ်ဖြစ် အခန်းထဲမှာ အပင်စိုက်မယ်စိတ်ကူးပြီး သွားကြည့်တယ်။ ပန်းအိုးလေးတွေက ချစ်စရာ၊ ပုပုလေးနဲ့ ပန်းတွေအပြည့်ဘဲ။ တစ်အိုးလောက် ကောက်ကိုင်ကြည့်တော့ လက်ထဲမှာ တစ်ပင်ထဲ သနားစရာလေး။ သူ့ဘာသာ တန်းစီနေတော့ လှသား။ ဟိုပန်းအိုးမကြည့် ဒီပန်းအိုးမကြည့်နဲ့ အခန်းထဲမှာ ရှင်ပါ့မလားလဲ တွေးရသေးတယ်။ နောက်ဆုံးတော့ ပန်းပွင့်တဲ့ပန်းယူမိရင် ကောင်းကောင်းမပြုစုတတ်လို့ ပန်းမပွင့်ရင် ကိုယ်ဘဲဝမ်းနည်းရမှာဆိုပြီး သစ်စိမ်းခက်ပန်းအိုးလေးဘဲ ယူလာခဲ့တော့တယ်။


ပုံထဲမှာတော့ ပလတ်စတစ်ပင်လို့ ထင်ချင်စရာ ဖြစ်နေတယ်။ စင်ပေါ်မှာ ကိုယ်ရံတော် နှစ်ကောင်နဲ့အတူ ထားထားလိုက်တယ်။ ငလျှင်လှုပ်ရင် သူ့ကိုအရင် အောက်ချထားရမယ်။ မနက်တိုင်း ဝရန်တာထုတ်နေပြလိုက်၊ ရေဖြန်းလိုက်၊ ညနေဘက် အိမ်ထဲပြန်သွင်းလိုက်နဲ့ ကလေးတစ်ယောက် ကောက်ရထားသလိုဖြစ်နေတာ။ ဒီအပင်က တီကောင်ထွက်မလာလောက်ဘူးလို့ ထင်မိတာဘဲ။ ရေကြိုက်တဲ့အပင်လား မကြိုက်တဲ့အပင်လားတော့မသိဘူး။ မြေကြီးခြောက်တယ်ထင်ရင် လောင်းလိုက်တာဘဲ။ ရေမွမ်းပြီး သေမှာလဲစိုးရသေးတယ်။ ရေဖြန်းဘူးနဲ့ အပင်ကိုဖြန်းပြီး နေရောင်မှာ အခက်က ရေသီးလေးတွေကို ကြည့်ရတာ စိတ်ကြည်နူးတယ်။ ယန်းတစ်ရာဆိုင်က အပင်ပိစိကွေးလေးတွေထပ်ဝယ်ဖို့ စိတ်ကူးနေတာ။ ၅~၂၇ဒီဂရီမှာထားလို့ရတယ်လို့ ရေးထားတဲ့ အပူချိန်ကို ဖတ်ပြီး အခန်းထဲမှာ ရှင်ပါ့မလား တွေးနေမိလို့။ သေချာ သွားပြန်ဖတ်ကြည့်ရဦးမယ်။ အခုက ပူအိုက်လာပြီလေ။ နှစ်ယောက်လုံး အပြင်သွားနေတဲ့အခါ အခန်းထဲ ပူလှောင်နေတော့ သေသွားမှာ စိုးရိမ်တယ်။

ပန်းပွင့်တွေ ကြည့်ချင်ရင် အပြင်ထွက်တော့မှ သူများပန်းတွေ ငမ်းတော့မယ်။ ဒီအောက်ကပုံတွေက မွေးနေ့တုန်းက ဘူတာနားက ပန်းခြံထဲ လမ်းလျှောက်ထွက်ရင်းရိုက်ထားတာ။ အဲဒီအချိန်က "ဟာနရှောဘု" (ハナショウブ/Japanese iris)ဆိုတဲ့ ပန်းတွေ ပွင့်တဲ့အချိန်မို့ ပန်းလာကြည့်တဲ့သူတွေ အများသား။ ဆာကူရာတွေပွင့်ရင် ပန်းကြည့်ပွဲလုပ်သလို ဒီ"ဟာနရှောဘု"ပန်းတွေပွင့်တော့လဲ လာကြည့်ကြတယ်။ ဆာကူရာပန်းကြည့်ပွဲလိုတော့ စားသောက်မြူးတူးမလုပ်ကြပါဘူး။ အေးအေးဆေးဆေး ပန်းတွေလိုက်ကြည့်ကြ ဓာတ်ပုံရိုက်ကြတယ်။ ကျမတို့ရောက်သွားတဲ့အချိန်က ဘိုးဘွားရိပ်သာက လာတာနဲ့ကြုံလို့ ဘိုးဘွားတွေ အများကြီးဘဲ။ မိသားစုပါတဲ့သူကျတော့ တွန်းလှည်းကို အိမ်သားတွေကတွန်းလို့၊ အိမ်သားမပါတဲ့သူတွေကိုတော့ သူနာပြုတွေက စောင့်ရှောက်နေတာ တွေ့ရတယ်။


အဖြူရောင်"ဟာနရှောဘု"


ပန်းခရမ်းရောင်ဖျော့"ဟာနရှောဘု"


"ခရမ်းရင့်၊ ပန်းခရမ်းဖျော့၊ အဖြူ၊ အပြာဖျော့ အရောင်စုံ""ဟာနရှောဘု"


ပန်းနီနီ




ပန်းဝါဝါ


ဒါက ဘလော့နောက်ခံထားထားတဲ့ပုံ



ကိုယ့်မှာ ပန်းပွင့်တဲ့အပင် မရှိတော့ အပြင်ထွက်မှ ပန်းတွေကြည့်ပြီး ပျော်ရတယ်။ လာလည်သူတွေလည်း ပန်းတွေကြည့်ပြီး စိတ်ချမ်းသာကြပါစေနော်။


Read More...

Thursday, July 3, 2008

တူနှစ်ကိုယ်


မခင်ဦးမေဆီက သွားနှုတ်တဲ့အကြောင်း ဖတ်ပြီး ဒီမှာ သွားဆေးခန်း ပြတာ သတိရလို့ ရေးလိုက်တာ။ ရန်ကုန်မှာကတည်းက သွားစစ်ဆေးရေး လုပ်သွားမယ်ဆိုတာ ဟိုလှည့်ဒီလှည့်နဲ့ဆေးခန်းမသွားလိုက်ရဘူး။ အံဆုံး၎ချောင်းမှာ တစ်ချောင်းက ဘယ်ကတည်းက မှန်းမသိ သွားမျက်နှာပြင်အားလုံးပေါ်အောင် ပေါက်ပြီးနေပြီ။ ဒုက္ခပေးတတ်တာ ကျန်သုံးချောင်း။ တက္ကသိုလ် ပထမနှစ်စကတည်းက တပြိုင်တည်းထွက်နေတာ တခါထွက်ရင် နဲနဲနဲ့ ခုထိ ထွက်လို့မပြီးသေးဘူး။ သွားတစ်ချောင်း စထွက်လို့နာလာပြီး နောက်တစ်ရက်ခြားလောက်ကြာတာနဲ့ ကျန် နှစ်ချောင်းကပါ လိုက်ထွက်တော့တာဘဲ။ ဘယ့်နှယ့်! သွားတဘက်နာလို့ ကျန်တဘက်နဲ့ ထမင်းဝါးရမလားမှတ်တယ် သုံးချောင်းလုံး ပြိုင်ထွက်တော့ ကျွတ်တော့တာဘဲ။ ရှေ့သွားနဲ့ ထမင်းဝါးရတယ်။ ထမင်းတခါစားရင် ပြီးပါလေရော။ ပါးစပ်မဟနိုင်အောင်နာတဲ့နေ့များ ခေါက်ဆွဲပြုတ်စားတာတောင် ဝါးလို့မပြတ်ဘူး။ အမေနဲ့ ခွဲပြီး အဆောင်မှာလာနေရကတည်းက အားငယ်ရတဲ့အထဲ သွားကြောင့် ထမင်းလည်းစားမရတော့ နေ့တိုင်း ခြင်ထောင်ထဲမှာ မျက်ရည်နဲ့မျက်ခွက်။ တကြိမ်သွားထွက်ရင် နှစ်ပတ်ကျော်လောက်ကြာတယ်။ ပြီးရင် လနဲ့ချီပြီး ငြိမ်နေပြန်ရော။ ခုတောင် နာနေသေးတယ်။ နှစ်ချောင်းက လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြီးပေမယ့် တစ်ချောင်းက မပြီးသေးဘူး။ ဒီရောက်ပြီး သွားဆေးခန်း စသွားရတာ ကျမမဟုတ်ဘူး၊ အိမ်ကြီးရှင်။

သွားနာတယ်! နာတယ်! ပြောနေလို့ ကြည့်ကြည့်တာ အံဆုံးက ပိုးစားပြီး ဂလောင်ပေါက်ဖြစ်နေပြီ။ ဟယ်! ဒီလောက်ဖြစ်နေတာ ဆေးခန်းသွားပြပြီး နှုတ်လိုက်ပေါ့လို့ပြောတာ မရဘူး။ အမြဲမနာပါဘူးဆိုပြီး ပေကပ်ကပ်လုပ်နေတာ။ ကျမက "နှုတ်"လို့ပြောလိုက်တာနဲ့ သူ့မျက်နှာ "ရှုံ့"သွားတာလေ။ သတ္တိက အပြည့်ဘဲ။ အဲလိုဘဲ နေ့ရွှေ့ညရွှေ့လုပ်နေရင်း မခံနိုင်အောင် နာလာတော့တယ်။ အဲဒီအခါမှ ဆေးခန်းရှာရတယ်။ အရင်ဆုံး အင်တာနက်ထဲဝင်ပြီး http://local.google.co.jp/မှာ ကိုယ့်အိမ်လိပ်စာနဲ့ အနီးဆုံး သွားဆေးခန်းတွေလိုက်ရှာတယ်။ (ကိုယ့်အိမ်ပတ်ဝန်းကျင် ဗဟုသုတ အဲလောက်များတာလေ။) တွေ့တဲ့လိပ်စာတွေ မှတ်ထားပြီး ဖုန်းဆက်မေး၊ ဆေးခန်းဘက်က လက်ခံမှ သွားလို့ရတယ်။ ဒီမှာ အဲလို ကြိုတင်ဘွတ်ကင်လုပ်မထားရင် လက်မခံတာတွေ ရှိတယ်။ တနေ့ လူနာ ဘယ်နှစ်ယောက်နှုန်းနဲ့ အချိန်အကျနဲ့ လုပ်ကြတာ။ ပြီးတော့ ကျန်းမာရေး အာမခံကတ်ပါ တခါထဲယူလာဖို့ မှာတယ်။ သူ့အလုပ်ကနေ ဆေးခန်း တစ်ခုကို ဖုန်းဆက်မေးတော့ ဒီနေ့မရဘူးဆိုတာနဲ့ နောက်တခုဆီ ဆက်တော့ OKတယ်။ ညနေ ၅နာရီ အရောက်လာပါဆိုလို့ နေ့တဝက်ခွင့်ယူပြီး သူပြန်လာတယ်။ ဆေးခန်းက အိမ်နဲ့နီးနီးလေးပါ။ သုံးမိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ ရောက်တယ်။ လိုက်ပေးရမလားလို့ သူ့ကိုမေးရသေးတယ်။ ~~အင်း~~တဲ့။ လိုက်ခဲ့ဆိုတော့ လိုက်ပေးရတာပေါ့။ ညနေစောင်းတော့ နေမပူတော့တာကို သူက ထီးကောက်ယူနေတော့ ယူပေ့စေ လွှတ်ထားလိုက်တယ်။ သွားနှုတ်ရမှာ ကြောက်ပြီး လုပ်ချင်ရာလုပ်နေတာ။

ကျမက သူ့ဘေးကလိုက်ပြီး မချိုမချဉ်မျက်နှာကို မနည်း မျက်နှာပိုး သတ်နေရတယ်။ ဒီလောက် ကိုယ်ခန္ဓာနဲ့ သွားတစ်ချောင်း နှုတ်တာကို အကြောက်ထူနေတာ ရီချင်လို့။ ဆေးခန်းလဲရောက်ရော ပထမဆုံး အဝင်ဝနားက စားပွဲပေါ်မှာတင်ထားတဲ့ လျှောက်လွှာစာရွက်မှာ အရင် စာရေးဖြည့်ရတယ်။ အမည်၊ အသက်၊ လိပ်စာ ဘာဘာညာညာကတော့ ကိုယ့်နိုင်ငံမှာလည်း ပြောရတာဆိုတော့ အတူတူဘဲပေါ့လေ။ ကိုယ့်ဘာသာ ရေးရတာ တခုဘဲ။ မတူတာက အဲဒါတွေအပြင် ရွေးရတဲ့ မေးခွန်းတွေ တသီကြီး အောက်မှာပါတယ်။ နာတဲ့သွားနေရာ၊ ဘယ်လောက်ကြာတာ၊ ဘာဖြစ်တာ၊ ဘာရောဂါ(သွေးတိုး/ ဆီးချို/ဘီပိုး/စီပိုး)ရှိလား မရှိလား၊ ဓာတ်မတည့်တဲ့ဆေး ဘာရှိလဲ စုံတကာစေ့လို့။ ဘာလုပ်ချင်တာလဲ- ဆိုလိုတာက နာတဲ့သွားကိုဘဲ ကြည့်ပေးရမလား? တခြားသွားတွေ စစ်ဆေးချင်သလား? အားလုံး ဖြည့်ရတယ်။ ကျန်သွားတွေကိုပါ စစ်ချင်ရင် စစ်ခ ထည့်တွက်တာလေ။ ဆရာဝန်က အဲဒါကို ဖတ်ပြီး ကြည့်ပေးတာ။ ဘာမှ မေးခွန်း များများစားစားမမေးဘူး။ သူအဲဒါဖြည့်နေတုန်း ဘေးကနေ ကြည့်ပေမယ့် အားလုံးနားမလည်ပါဘူး။ ဒီလောက်ခန်းဂျီးတွေ မဖတ်တတ်ဘူး။ ကျမ သွားသွေးထွက်လို့ ဆေးခန်းပြရတဲ့အလှည့်ရောက်မှ သူက ဖြည့်ပေးရင်း မေးခွန်းလှမ်းမေးလို့မှ သဘောပေါက်တာ။ ဪ ဂျပန်မှာ ဂျပန်စာမတတ်ရင် ရွာလည်နေတော့မှာဘဲနော်။

ဖြည့်ထားတဲ့ စာရွက်နဲ့ ကျန်းမာရေးအာမခံကဒ်ကို တွဲပြီး ကောင်တာမှာပေးတော့ သူတို့က ကွန်ပြူတာနဲ့ ကျန်းမာရေးအာမခံကဒ်ကို စစ်ဆေးစာရင်းသွင်းတယ်။ (အဲဒါရဲ့ ရှင်းတမ်းက နောက်မှ အိမ်ကိုလာတာ။)ကြုံတုန်း ကျန်းမာရေး အာမခံကုမ္ပဏီကပြန်လာတဲ့ ရှင်းတမ်းအကြောင်း အရင်ပြောပြချင်ပါတယ်။ ဆေးခန်းပြတိုင်း ပိုက်ဆံချေပြီးရင်ရတဲ့ ဘောက်ချာအောက်နားမှာ မှတ်ချက်ပါတယ်။ ဒီဘောက်ချာကို သေချာခေါက်သိမ်းထားပါတဲ့။ ဘာမှန်းနားမလည်ပေမယ့် သိမ်းဆိုတော့လည်း သိမ်းထားရတာပေါ့။ ဆေးခန်းပြရင် လအသစ်စတိုင်း ကျန်းမာရေး အာမခံကတ်ပါတွဲပြရတယ်။ လတိုင်း လခကနေ ကျန်းမာရေး အာမခံခဖြတ်ထားတော့ ဆေးခန်းပြရင် ကျသင့်ငွေရဲ့ ၃၀%ဘဲ ဆောင်ရတာပါ။ ဆေးခန်းက ကျန်တဲ့ ၇၀%ကို ကျန်းမာရေး အာမခံကုမ္ပဏီက ပြန်ရပါတယ်။ ဒါကြောင့် ကျန်းမာရေး အာမခံကတ်မရှိရင် ဆေးခန်းအတော်များများက လက်မခံပါဘူး။ လက်ငင်းငွေမချေနိုင်မှာ စိုးလို့ပါ။ ဆေးခန်းပြပြီး တလနေရင် ကျန်းမာရေး အာမခံကုမ္ပဏီကနေ ရှင်းတမ်းအကြောင်းကြားစာ ရောက်လာပါတယ်။


အမည်ရယ်၊ ဆေးခန်းပြနဲ့ ခုနှစ်/လရယ်၊ ပြတဲ့အကြိမ်ရေရယ်၊ ဆေးခန်းအမည်၊ တကယ်ကျတဲ့ ကုသစရိတ်၊ ကျန်းမာရေး အာမခံကုမ္ပဏီက ကျခံတာရယ်၊ ကိုယ်တိုင်ဆေးခန်းမှာ ပေးချေခဲ့တာရယ် စတဲ့အသေးစိတ်ကို ရေးထားတယ်။ ဒါကိုလဲ သေချာ သိမ်းထားပါဆိုတော့ သိမ်းရပြန်တယ်။ ဘာအတွက်မှန်းမသိပေမယ့် တချိန်ချိန် အသုံးလိုမယ်ထင်ရတာဘဲ။

ဆေးခန်းကို အပြင်ဘက်ကကြည့်တော့ အဝင်ဝ ကျဉ်းကျဉ်းလေးမို့ အခန်းထဲမှာလဲ ကျဉ်းမယ်မှတ်တာ ထင်တာနဲ့ တခြားစီဖြစ်သွားတယ်။ တော်တော်လဲ သန့်ရှင်းပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ရတတ်တဲ့ ပိုးသတ်ဆေးနံ့လဲမရပါဘူး။ reception ရှေ့ လူနာထိုင်စောင့်တဲ့နေရာမှာတောင် TVနဲ့ DVDနဲ့ ကာတွန်းကားအခွေတွေ ချထားပေးပြီး စိတ်ကြိုက်ဖွင့်ကြည့်ပါလို့ စာကပ်ထားတယ်။ ကလေးတွေ လာပြရင်ငြိမ်အောင်လို့ထင်ပါတယ်။ တီးလုံးသံ ငြိမ့်ငြိမ့်လေးလဲ အမြဲဖွင့်ထားပါတယ်။ ဆေးခန်းအတွင်းခန်းထဲမှာ set အလိုက် အစုံပါတဲ့ သွားနှုတ်ထိုင်ခုံနဲ့စင်တွဲရက် ၃ခုံတောင် ရှိတယ်။ အတွင်းဘက်အကျဆုံးခုံဘေးမှာ အကာနဲနဲလုပ်ထားပြီး လေဆာစက် အဓိကသုံးလို့ Radiation သတိပေးစာကပ်ထားတာတွေ့တယ်။ ဒီသွားနှုတ်ထိုင်ခုံတွေရဲ့ အနောက်ဘက် အခန်းလေးတခန်းထဲမှာတော့ သွားဓာတ်မှန်စက်ရှိတယ်။ ဆေးခန်းစပြတော့ သွားမနှုတ်ခင် သွားဓာတ်မှန်အရင်ရိုက်ရတယ်။ ကျမတုန်းကလည်း အတူတူပါဘဲ။ သွားနှုတ်တာမဟုတ်လဲ သွားအခြေအနေတွေကြည့်ဖို့ ရိုက်ရတယ်ထင်ပါတယ်။ မေးလေးတင်ပြီးရိုက်၊ ခဏနေရင် ပုံထွက်လာပြီ။ ဆရာဝန်က အဲဒါလေးကြည့်ပြီး ဘာလုပ်မယ်ပြောတယ်။ ဆရာဝန်က အိမ်ကြီးရှင်ကို ဘိုလိုလာပြောသေးတယ်တဲ့။ ဂျပန်စကားတတ်တယ်ဆိုမှ ဂျပန်လို ဆက်ပြောတယ်။ ကြည့်ရတာ အင်္ဂလိပ်လိုလဲ ကျွမ်းပုံရတယ်လို့ သူကပြောတယ်။ အင်းမ်... ဂျပန်လို သိပ်မပြောတတ်သူတွေအတွက် ဒီလိုဆရာဝန်နဲ့ဆို အတော်အဆင်ပြေမယ်ထင်တယ်။ ကျမလို ဘိုလိုလည်းမတတ် ဂျပန်လိုလည်းမကျွမ်းသူအဖို့တော့ သူမပါရင် မလွယ်လောက်ဘူး။ (အားကိုးဘာဒယ်နော့)

သူသွားနှုတ်ပြီးတော့ တပတ်တခါ ဆေးခန်းကချိန်းတဲ့ရက်အတိုင်း ပြနေရတဲ့ကြား ကျမလဲ စွယ်သွားက ထပ်ပေါက်တဲ့နေရာက သွားတိုက်တိုင်း သွေးထွက်လို့ သူနဲ့အတူလိုက်ပြပါတယ်။ သူ့လိုဘဲ ကျန်သွားတွေကိုပါ စစ်ဆေးဖို့ဖြည့်ထားတော့ တပတ်တခါ အတူ ဆေးခန်းသွားကြတယ်။ ၂လလောက်နေတော့ တပတ်တခါ မချိန်းတော့ဘဲ တလ၂ခါ ချိန်းပါတယ်။ ခုနောက်ပိုင်းတော့ maintenance အတွက်ဆိုပြီး တလတခါ ပြရတယ်။ ပြီးခဲ့တဲ့လကပြတော့ ဆရာဝန်က စက်နဲ့သွားတိုက်ပေးလိုက်တယ်။ "အမေ့သမီးတို့ ဂျပန်မှာ သွားဆေးခန်းသွားပြီး သွားတိုက်နေတယ်"လို့ အိမ်ကိုဖုန်းဆက်ပြောရင်းတောင် ရီနေရသေးတယ်။ တူနှစ်ကိုယ် ဘုရားသွားကျောင်းတက်မဟုတ်ဘဲ ဆေးခန်းသွားကြတာလေ။ ဆရာဝန်ချိန်းနေသ၍တော့ သွားနေရဦးမှာထင်ပါတယ်။


Read More...

Tuesday, July 1, 2008

"တွန်းဂျီရု"(豚汁)

ဒီနေ့ ဘလော့လာလည်သူတွေကို "တွန်းဂျီရု"(トン汁)ဆိုတဲ့ ဂျပန်ဟင်းရည် တစ်မျိုး ချက်ကျွေးပါမယ်။ ဒီရောက်ခါစက ဘယ်အစားအစာမှ ခံတွင်းမတွေ့ပါဘူး။ "တွန်းဂျီရု"ကို စသောက်ဖူးတော့ မြန်မာအစားအစာ တခုခုနဲ့ ဆင်သယောင်ခံစားရတယ်။ သဘောလဲကျသွားတယ်။ အပြင်မှာစားဖြစ်တိုင်း "တွန်းဂျီရု"မှာသောက်ပါတယ်။ အိမ်မှာတော့ ချက်နည်းသေချာမသိလို့ တော်ရုံနဲ့ ချက်မစားဖြစ်ပါဘူး။ TVအစီအစဉ်တခုမှာ "တွန်းဂျီရု"က အာဟာရ ပြည့်ဝတဲ့အတွက် ပင်ပန်းလာတဲ့နေ့တွေမှာ "တွန်းဂျီရု"သောက်ရင် အမြန်ဆုံးအပန်းပြေစေတယ်လို့ ကြည့်လိုက်ရတယ်။ အဲဒါနဲ့ "တွန်းဂျီရု"ချက်ဖို့ အင်တာနက်မှာလိုက်ရှာဖတ်ပြီး ချက်ကြည့်တာ အဆင်ပြေလို့ လာလည်သူများကို ပြန်လည်ချက်ကျွေးလိုက်ပါတယ်။"တွန်းဂျီရု"ချက်ဖို့အတွက် လိုအပ်တဲ့ အဓိကက ဝက်သားအသားလွှာ၊ "ဂေါ်ဘိုး"(ごぼう)၊ မုန်လာဥနီ၊ "ကွန်းညကု"(こんにゃく)၊ အာလူး (တချို့က ပိန်းဥသုံးပါတယ်)၊ ကြက်သွန်နီ (သို့မဟုတ် ကြက်သွန်မြိတ်အကြီး-長ネギ)၊ ပဲငံပြာရည်အကျဲ၊ ဆီအနည်းငယ်နဲ့ အရသာထည့်ထားတဲ့ "မီဆို"ပဲအနှစ်(ဒါရှိအိရိ မီဆို-だし入りみそ)ပါ။ ရိုးရိုး"မီဆို"ပဲအနှစ်သုံးရင် အရသာရည်(だし)ကို ကိုယ့်ဘာသာ စပ်နေရမှာ ရှုပ်လို့ အရသာပါပြီးသားအနှစ်ကိုသုံးတာ ပိုမြန်ပါတယ်။ "ကွန်းညကု"က အညိုရောင်အတုံးကို သုံးတာ များပါတယ်။ ကျမကတော့ အဖြူရောင်အမျှင်ချောင်းတွေ သုံးပါတယ်။ တခြား အစာပလာတွေ (မှိုအမျိုးမျိုး၊ မုန်လာဥ၊ ပဲပြားစသဖြင့်) ထည့်ရင်ထည့်သလောက်များပါတယ်။ ကျမကတော့ မုန်လာဥတမျိုးဘဲ ထည့်ပါတယ်။ (ပုံထဲ မှာ အာလူးပါမသွားဘူး။)

ဝက်သားအသားလွှာ၊ မုန်လာဥ၊ မုန်လာဥနီ၊ အာလူး၊ ကြက်သွန်နီတွေကို သင့်တော်တဲ့အရွယ် လှီးထားပါတယ်။ "ဂေါ်ဘိုး"ကိုတော့ အာလူးအခွံခွါတဲ့ခြစ်နဲ့ အလွှာလေးတွေဖြစ်အောင် ခြစ်ပါတယ်။ "ကွန်းညကု"အဖြူချောင်းကိုလည်း ရေဆေး ရေစစ်ပြီး နဲနဲညှပ်လိုက်တယ်။

အားလုံးအဆင်သင့်ဖြစ်တော့ ဒယ်အိုးထဲ ဆီကိုအပူပေးပြီး ဝက်သားကို ကြော်ပါတယ်။

ဝက်သားအရောင်လှလာရင် အစာပလာတွေကို (ကွန်းညကုကလွဲပြီး) ထည့်ကြော်ပါတယ်။ TVမှာ လွှင့်သွားတာက - "တွန်းဂျီရု"မှာ ဗီတာမင်ပြည့်စေတဲ့အချက်မှာ ဒီလိုကြော်တဲ့အတွက်လဲ ဖြစ်ပါတယ်။ မုန်လာဥနီထဲပါတဲ့ ဗီတာမင်က အဆီပျော်- fat soluble vitaminဖြစ်တာကြောင့် ကြော်လိုက်ရင် ဗီတာမင်က စိမ့်ထွက်လာတာကြောင့်ပါ။ (မျက်စေ့အားကောင်းစေချင်ရင် မုန်လာဥနီကို အစိမ်းစားတာထက် ကြော်စားတာပိုအကျိုးသက်ရောက်ပါတယ်တဲ့။)

အားလုံး နွမ်းကျလာရင် ကွန်းညကုထည့်၊ ရေထည့်ပြီး အုပ်ထားပါ။

ပွက်လာတဲ့အခါကျရင် မီးအားလျှော့ပြီး မီဆိုအနှစ် သင့်တော်တဲ့ ပမာဏကို ဖျော်ထည့်ပါတယ်။ ပဲငံပြာရည်အကျဲထည့်ပြီး မီးအားလျှော့လျှော့နဲ့ အာလူးနူးပျော့လာအောင်တည်ထားလိုက်ရင် ရပါပြီ။

အာဟာရပြည့်ပြီး အမြန်ဆုံး ပင်ပန်းပြေစေတဲ့ "တွန်းဂျီရု"(トン汁)ဟင်းရည်တခွက်ရပါပြီ။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP