ဧပြီတခေါက် ပြန်ရောက်လာပြန်ပြီ။ ဘာလိုလိုနဲ့ ဒီရောက်တာ တစ်နှစ်ရှိသွားရောပေါ့။ ဒီမှာ ချယ်ရီတွေပွင့်တယ်။ ကိုယ့်မြေမှာ ရွှေရောင်ဝင်းဝင်း ရနံ့သင်းသင်းနဲ့ ပိတောက်တွေ ဝေနေပြီ။ ဂျပန်တွေက ကချယ်ရီပန်းကြည့်ပြီး ပျော်ကြတယ်။ ကိုယ်တိုင်လဲ အုအဲနိုပန်းခြံရော အိမ်နားကပန်းခြံတွေ လိုက်လည်ပြီး ကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ပေါ့။
ချယ်ရီတွေက လှပါတယ်။ ကြည့်လို့လဲကောင်းတယ်။ ဒါပေမယ့် ဂျပန်တွေလိုတော့ မပျော်မိတာ အမှန်ဘဲ။
ပိတောက်ကို မြင်ရရင် ထခုန်မိမတတ် ပျော်မိမှာ အမှန်ဘဲ။ ကိုယ်တိုင်က အအေးမခံနိုင် (ဖျားနာလွယ်တဲ့ ကိုယ်ခန္ဓာမို့) ရေမကြိုက်ပေမယ့် ရေပက်သူတွေကြည့်ပြီး ပျော်ခဲ့တဲ့အပျော်တွေ ခုထိ သတိရဆဲ။ အမေ့ရဲ့ သင်္ကြန်ထမင်းနဲ့ သရက်သီးငါးပိကြော်စပ်စပ်လေးကိုရော...။ တစ်ယောက်ထဲဖွင့်ပြီးနားထောင်ရတဲ့ သင်္ကြန်သီချင်းက ခြောက်ကပ်ကပ်နဲ့ရယ်။ မွေးရပ်မြေမှာ အမေ၊ အဒေါ်တွေနဲ့အတူ ညဘက် မြို့လယ်ခေါင်က ပြည်နယ်မဏ္ဍပ်မှာ သင်္ကြန်ယိမ်းသွားကြည့်တာ သတိရတယ်။ နှစ်ဆန်းတစ်ရက်နေ့ မိသားစုနဲ့အတူ ဘုန်းကြီးကျောင်းသွား ကုသိုလ်ကောင်းမှုလုပ်ခဲ့တာတွေ၊ ရေမပက်ရတဲ့နေ့ကို အနောက်ကနေ တိတ်တိတ်လေး ရေဇလုံကြီးနဲ့လောင်းဖို့လာတဲ့သူကို မောင်ဝမ်းကွဲလေးက ဆောင့်တွန်းပြီး ရေတွေမှောက်အောင်လုပ်ပြစ်ပြီး "မတူး၊ မမို့ ပြေးပြေး"လို့ အော်ခဲ့တာတွေ၊ ရေအလောင်းခံရလို့ ညီအစ်မနှစ်ယောက် နှုတ်ခမ်းထော် ပွစိပွစိလုပ်ခဲ့ကြတာတွေ လွမ်းတယ်။ ပိတောက်တွေအပြင် ငုပင်တွေအရမ်းပေါလို့ ငုတွေဝင်းနေတဲ့မြင်ကွင်းတွေ လွမ်းတယ်။ မဖြစ်နိုင်မှန်းသိပေမယ့် ဒီမှာအပြင်သွားတိုင်း ပိတောက်ကို ရှာမိတယ်။ တစ်ပင်လုံး ဝါဝါဖတ်တွေနဲ့အပင်ကိုတွေ့ရင် ငုပင်လားလို့ အပြေးသွားကြည့်ရတာ။ ဘယ်လိုလုပ်ရှိမှာလဲနော်။ ရာသီဥတုမှ မတူတာကိုး။ လွမ်းရပါတယ် ပိတောက်ရယ်......