Wednesday, December 31, 2008

"နဘဲပါတီ"



ပါတီဆိုပေမယ့် နှစ်ယောက်ထဲပါ။ ထမင်းမချက်ချင်တာနဲ့ ဂျပန်ကြေးအိုးလုပ်စားဖြစ်တယ်။ ဂျပန်ကြေးအိုးထဲမှာ "ကင်ချီ"အနှစ်နဲ့ကြေးအိုးတမျိုးဘဲကြိုက်တာမို့ "ကင်ချီနဘဲ" ချဉ်စပ်စပ်လေးပါ။ ကြိုက်ရင်စားကြပါဦးနော။

ဒီမှာတော့ နောက် ၅မိနစ်လောက်ဆို နှစ်သစ်ကူးတော့မယ်။ မြန်မာမှာလို "Happy New Year"လို့ အိမ်တွေက အော်သံ မကြားနိုင်ပါဘူး။ အဲလိုလဲ အော်ခွင့် မရှိဘူးထင်ရဲ့။ တိတ်တိတ်ဆိတ်ဆိတ်ဘဲပေါ့။ လွမ်းပါတယ် မွေးမြေရယ်.......။


Read More...

Tuesday, December 30, 2008

ချက်ရာတခြား


ပြီးခဲ့တဲ့တပတ်က ကြက်ပေါင်အသားလွှာကို ကြက်ကင်မယ်လုပ်ပြီး ကင်လိုက်ပါတယ်။ အရင်ကတော့ ဒယ်အိုးထဲထည့်ပြီး ဆီပါလေကာနဲ့ မီးအားလျှော့လျှော့မှာ ကြော်သလိုမျိုး လုပ်တာ။ ခုတော့ gasနဲ့ ကင်တဲ့ဟာရှိတော့ စမ်းကြည့်တာ။ ဘယ်လောက်ကြာကြာကင်ရမယ်လဲမသိဘူး။ ဒယ်အိုးနဲ့တုန်းက အသားရဲ့ ကျက်/မကျက်က မြင်ရတယ်၊ ကင်တဲ့ထဲထည့်တော့ အလူမီနီယံပြားပတ်ထားလို့ မမြင်ရဘူး။ ကြွပ်ကြွပ်ကလေးဖြစ်ပြီထင်ပြီး ထုတ်ယူလိုက်တော့ အရည်စပ်စပ်နဲ့ အသားက ပေါင်းထားသလို နူးအိနေတယ်။ ကိုယ့်ဘာသာလျှောက်လုပ်ပြီး ကြက်ကင်မှန်းမသိ ဘာမှန်းမသိဖြစ်သွားတယ်။ အဲဒီနေ့က ညစာဘာချက်လဲလို့ ဖုန်းဆက်မေးလာတော့ ဘယ်လိုနာမည်တပ်ရမှန်း မသိတာနဲ့ ပြန်ရောက်မှကြည့်လို့ ပြောလိုက်ရတယ်။ အတော်စားကောင်းတယ်လို့ အမှတ်ရတာနဲ့ ဒီနေ့ထပ်ချက်တာကို မှတ်တမ်းတင်လိုက်တာပါ။ ရုံး၉ရက်ပိတ်လို့ ထမင်းဘူးလည်း အနားရတယ်ဆိုတာနဲ့ မခင်ဦးမေက အိမ်မှာချက်စားတာတွေ ကြည့်ချင်တယ်လို့ c-boxမှာ လာပြောသွားလို့ပါ။ (အမကို ဆွဲထည့်လိုက်တယ်၊ ချိတ်ချိုးရဘူးနော်။)

ကြက်ပေါင်သား အလွှာကို ရေဆေး၊ ရေတွေကုန်အောင် kitchen paperနဲ့သုတ်၊ ပြီးရင် ထူနေတဲ့အသားနေရာတွေကို ဓားနဲ့ နဲနဲမွှန်းလိုက်တယ်။ ကြက်အရေခွံတွေဘက်ကိုကျ အရသာဝင်လွယ်အောင် ခရင်းနဲ့ ထိုးပေးပါတယ်။


ပြီးတော့ ဆား၊ ငရုတ်ကောင်းနဲ့နယ်တယ်။ အသားနူးလွယ်အောင် သံပုရာရည် နဲနဲညှစ်ပြီး မိနစ်နှစ်ဆယ်လောက် နှပ်ရမှာပါ။ အရင်တခါက သံပုရာသီးကုန်နေလို့ အချဉ်မရှိတာနဲ့ ကြံဖန်ပြီး အသုပ်သုပ်ရင်သုံးတဲ့ ပြင်သစ်အရသာ အချဉ်ရည် ဆမ်းလိုက်တယ်။


နောက်တော့ အလူမီနီယံပြားပတ်ပြီး ကင်ပါတယ်။ ဘယ်လောက်ကြာကြာထားရမှန်းမသိတာနဲ့ တဘက်ကို မိနစ်၂၀လောက်စီထားလိုက်တယ်။


ကျက်သွားရင် နံနံပင်နဲ့ ငရုတ်သီးစိမ်းလှီးထားတာလေး ဖြူးပြီး စားလို့ရပါပြီ။ အရည်လေးလဲရှိတာမို့ မကုန်ရင် နောက်ရက်ပြန်နွှေးစားလဲကောင်းပါတယ်။


ဒါကတော့ ဒီနေ့ချက်စားဖြစ်တာပါ။ ကြက်သားရယ်၊ ငရုတ်ပွနဲ့ မုန်ညင်းစိမ်းကြော်၊ ခရမ်းသီးနှပ်နဲ့ ကြက်ဥမီဆိုဟင်းရည်ပါ။


ခရမ်းသီးနှပ်က ခုအကြိမ်နဲ့ပါမှ ၃ခါပဲ ချက်ဖူးသေးတယ်။ သိပ်ကောင်းကောင်း မချက်တတ်သေးဘူး။ ဆီနည်းသွားလိုက်၊ အရသာလိုလိုက်နဲ့။ ဒီတခါတော့ ဆီနဲနဲများသွားပေမယ့် မဆိုးပါဘူး။ ဒါပေမယ့် မွှေရလား/ မမွှေရဘူးလားမသိလို့ မွှေပစ်လိုက်တာ ကြေကုန်တယ်။ အိုဆာကာသွားတုန်းက စားခဲ့ရတဲ့အရသာကို လုံးဝမမှီသေးတာအမှန်ပါ။ (ထပ်ပြီး ဧည့်သည်သွားလုပ်ဦးမှဘဲ။ ရတယ်ဟုတ်!?)

Read More...

Monday, December 29, 2008

အိမ်ရှင်မ


အိမ်ကနေ ၂မိနစ်လောက် လမ်းလျှောက်သွားရင် "Seiyu"(ဆေးယု)ဆိုတဲ့ စူပါမားကတ်တခု ရှိပါတယ်။ အသီးအရွက်က သိပ်များများစားစားမရှိပေမယ့် အသားတွေကတော့ များပါတယ်။ ဒါပေမယ့် ဈေးသက်သာတာ နည်းပါတယ်။ အသီးအရွက်ဆိုရင် ဈေးကြီးလွန်းတယ်လို့တောင် ပြောလို့ရတယ်။ ဒါတောင် ဒီဆိုင်က ဟိုတလောလေးတင်ကမှ အရောင်းကျတာတွေကို မြှင့်တင်ဖို့ဆိုပြီး "နှိုင်းယှဉ်ဈေးချ" ဆိုတာကို လုပ်လိုက်လို့ အရောင်းအဝယ် တက်လာတာပါ။ ဥပမာ တခြားစူပါမှာ ဒီအမျိုးအစား အသားငါး အသီးအရွက်ကို ဒီဈေးနဲ့ရောင်းနေတယ်ဆိုတဲ့ ဈေးဝယ်ဖြတ်ပိုင်းစာရွက်ပြပြီး သူတို့ဆိုင်က ဈေးကြီးနေပါတယ်လို့ ပြနိုင်ရင် အဲဒီအမျိုးအစားကို သူများဆိုင်ထက် ဈေးချရောင်းပါတယ်။ အသားကတော့ သူ့နေ့နဲ့သူ ဈေးချတာတွေရှိပေမယ့် ကိုယ်ဝယ်ချင်တာနဲ့ ကိုက်တာရှိမှ အဆင်ပြေတယ်။ နွားနို့တမျိုးကတော့ ဈေးသက်သာတယ်။ အဆီမထုတ်ထားတဲ့နွားနို့က (1000ml)တစ်ဘူးကို ပုံမှန် ယန်း၁၈၀ကနေ ၂၅၀ကြား ရှိပါတယ်။ အဲဒါကို ယန်း၁၅၀နဲ့ရောင်းတော့ နေ့တိုင်း တော်တော်ကြီးကို ရောင်းရတဲ့ပုံပါဘဲ။ အရသာလဲရှိ ဈေးလဲတော်တာမို့ နွားနို့လိုချင်ရင် အဲဒီဆိုင်မှာ ဝယ်ဖြစ်တယ်။ ကျန်တာကိုတော့ ဈေးကြီးလို့ နဲနဲပါးပါးလောက်ဘဲ ဝယ်တယ်။

များများစားစားဝယ်ချင်ရင်တော့ တပတ်တခါ သွားတက်တဲ့ သင်တန်းအပြန်မှာ တရုတ်သူငယ်ချင်းတွေနဲ့အတူလိုက်ပြန်ပြီး သူတို့ ဆင်းတဲ့ဘူတာနားမှာရှိတဲ့ ဆိုင်တွေမှာ ဝယ်ပါတယ်။ အဲဒီဘူတာကနေ အရင်ကနေခဲ့တဲ့ အိမ်ကို လမ်းလျှောက်ရင် ၃၅မိနစ်ကြာပါတယ်။ ပျင်းလောက်အောင် လျှောက်သွားရတာမို့ သူငယ်ချင်းတွေနဲ့ တောင်တလုံးမြောက်တလုံး ဂျပန်စကားပြောရင်း လမ်းလျှောက်သွားမှ တော်ရာကျတယ်။ စက်ဘီးလဲ မစီးရဲဘူးလေ။ ကျမကမှ နဲနဲပါးပါးစီးတတ်သေးတယ်၊ သူငယ်ချင်း၂ယောက်လုံးက လုံးဝ မစီးတတ်ဘူးဆိုတော့ လမ်းဘဲလျှောက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဖြေတွေးတွေးရပေမယ့် အိမ်ကနေသွားချင်တယ်ဆိုရင် အသွားရောအပြန်ပေါင်းလိုက်ရင် ၁နာရီကျော်တာမို့ မစားသာလှဘူး။ ဝေးလွန်းတယ်ဆိုပေသည့်လည်း အိမ်ချင်မ အဲလေ အိမ်ရှင်မဖြစ်သမို့ များများစားစားရပြီး ဈေးသက်သာတဲ့နေရာကို သွားဝယ်ရတာပါဘဲ။

(ဒီနှစ်ရဲ့ စာရင်းစာအုပ်ပါ၊ စာရင်းသာရေးပြီး မပေါင်းကြည့်တာကြာပေါ့။ ခေါင်းကိုက်မှာစိုးလို့)

အခုနေတဲ့နေတဲ့နေရာကနေဆို မိနစ်၂၀လောက် လျှောက်ရတယ်။ အရင်ကနဲ့စာရင် နဲနဲပိုနီးလာတာပေါ့လေ။ အဲဒီဘူတာနားကဆိုင်တွေကို တရုတ်သူငယ်ချင်း ခေါ်သွားလို့ ရောက်ဖူးတာ။ အထူးသဖြင့် လက်ကားဆိုင်တွေများတယ်။ အမြဲလိုတော့ ကုန်ခြောက်ဆိုင်နဲ့ အသီးအရွက်ဆိုင်တွေမှာ ဝယ်ဖြစ်တာပါ။ ဘူတာနားက ဆိုင်တဆိုင်မှာမှ အမြဲတမ်းရှာနေခဲ့တဲ့ ငရုတ်သီးစိမ်းနဲ့ နံနံပင်ကို ရှာတွေ့တာကို အရင်ကရေးခဲ့ဘူးပါတယ်။ ဒီနေ့လဲ အိမ်ရှင်ထီး အဲ အိမ်ကြီးရှင်ကိုပါခေါ်ပြီး အဲဒီဘက်ကို ဈေးဝယ်ထွက်ခဲ့တယ်။ ဒီဘက်ပြောင်းပြီး တခါမှ မလိုက်ဖူးသမို့ လိုက်ခဲ့တာပါ။ အမှန်တော့ ဈေးတခါဝယ်ရင် အိမ်ရှင်မတွေက အတော်တွက်ချက်ပြီးမှ ဝယ်ကြတယ်လို့ ဟိုဆိုင်ဝင် ဒီဆိုင်ဝင်နဲ့ ကြာတတ်ပါတယ်။ ကိုယ်တိုင်က ဒီဟာဝယ်ရကောင်းနိုးလုပ်နေတုန်း ယူလိုက်လေ ဝယ်လိုက်ဆိုပြီး မြန်မြန်ပြီးရင် ပြီးရောလုပ်နေတတ်တယ်။ ဒီတော့ ကြိုပြောထားရတယ်၊ ဆိုင်က ကျဉ်းလွန်းတယ် လိုက်မဝင်လာဘဲ အဝက လူရှင်းတဲ့နားမှာ စောင့်နေလို့။ မဟုတ်ရင် မျက်နှာက လငပုပ်ဖမ်းလာတော့မယ်လေ။ ထူးထူးခြားခြား ဒီနေ့ကျမှ လူတွေများလိုက်တာ။ တိုးခွေ့ပြီး ဝယ်ရတယ်။ ပိတ်ရက်တွေ ဆက်နေပြီမို့ ဈေးဝယ်သူတွေများတာလားတော့ မသိဘူး။

အသားအဓိကရောင်းတဲ့ "Niku no hanamasa"စူပါကို အရင်သွားဖြစ်တယ်။ အဲဒီဆိုင်က လက်ကားဖြန့်တာမို့ အသားဘူးတွေက အလတ်နဲ့ အကြီးတွေဘဲရှိတယ်။ ဒီဆိုင်ကို အိမ်ကြီးရှင် အင်တာနက်ထဲကနေ ရှာတွေ့တာပါ။ အဲဒီတလောက ဓာတ်ဆီတွေ ဈေးတက်လာလို့ အသားဈေးတွေတက်လာတဲ့အကြောင်း ပြောလိုက်တော့ သူက အင်တာနက်ထဲ သတင်းရှာဖတ်ကြည့်ရင်း ဒီမှာ အသားဈေးသက်သာတဲ့ဆိုင်တဆိုင် ရှာတွေ့တယ်ဆိုတာတဲ့ သွားဖြစ်သွားတာ။ တရုတ်သူငယ်ချင်း၂ယောက်လုံး အဲဒီဆိုင်ကို မသိတာမို့ အတူသွားဖြစ်တော့ သူတို့ကို ဆရာလုပ်ပြီး ခေါ်သွားလိုက်သေးတယ်။ ဒီနေ့တော့ အသား၎ဗူးလောက် ဝယ်လာဖြစ်တယ်။ ဝက်သားလွှာတွေရယ်(၁၀၀ဂရမ် ၈၉ယန်း)၊ ဝက်အသားအတုံးလိုက်ရယ်(၁၀၀ဂရမ် ၉၉ယန်း)၊ ကြက်အမြစ်ရယ်(၁၀၀ဂရမ် ၆၉ယန်း)၊ ကြက်ပေါင်သားရယ်(၁၀၀ဂရမ် ၆၉ယန်း) ဝယ်လာဖြစ်တယ်။ ကိုယ့်ဘာသာကိုယ်တော့ ဒီဆိုင်က ဈေးတော်တယ်လို့ ထင်တာပါဘဲ။ ဒါတောင် ကြက်တောင်ပံပါ ဝယ်မလို့ စိတ်ကူးမိသေးတယ်။ အရမ်းများနေမှာမို့လို့ မဝယ်လိုက်တော့ဘူး။


နောက်တော့ ချောင်ကြိုချောင်ကြားက အသီးအရွက်ဆိုင်မှာ ကြက်ဥသွားဝယ်တယ်။ ကြက်ဥအနီရောင် (အဖြူရောင်လဲရှိတာမို့ပါ) LL sizeကို ၁၀လုံးမှ ၁၇၅ယန်းလေ။ တခြားဆိုင်တွေမှာဆို normal sizeကိုဘဲ ယန်း၂၀၀ကျော်တယ်လေ။ ထောပတ်ခရမ်းသီး ခပ်ရွယ်ရွယ် ၂လုံးကို ယန်း၁၀၀ဆိုလို့ ဝယ်လာလိုက်သေးတယ်။ ပြီးတော့ နောက်အသီးအရွက်ဆိုင်ကို ထပ်သွားဖြစ်တယ်။ ထုံးစံအတိုင်း ငရုတ်သီးစိမ်းနဲ့ နံနံပင် ပါလာသပေါ့။ ဒါတောင် ခရမ်းချဉ်သီး ရှိနေသေးလို့။ မဟုတ်ရင် ခရမ်းချဉ်သီးပါ ဝယ်ဖြစ်တယ်။ အဲဒီဆိုင်ရောက်တိုင်း ဒီ၃မျိုးကို ဝယ်နေကျလိုဖြစ်လို့ တရုတ်သူငယ်ချင်းတွေကတောင် အံ့ဩနေကြတယ်။ နံနံပင်ကတော့ ယန်း၁၅၀ ဒီဈေးအတိုင်း မပြောင်းလဲပါဘူး။ ငရုတ်သီးက ရှားလာတဲ့အချိန်မို့ထင်တယ်။ အရင်က တထုပ် ယန်း၅၀ကနေ ၁၀၀၊ ပြီးခဲ့တဲ့တပတ်က ၁၅၀၊ ဒီနေ့ကျ ၁၈၀ဖြစ်သွားပြီ။ ဈေးတက်တာ မြန်လိုက်တာ။ လီမွန်က တစ်လုံး ယန်း၇၀တဲ့။ ကြက်သွန်အသေးလေးတွေ စမ်းဝယ်လာတယ်။ မုန့်ဟင်းခါးဖြစ်ဖြစ် ချက်စားဖြစ်ရင် ထည့်မလားလို့။


သက်သာရာသက်သာကြောင်းတော့ ဝေးဝေးလံလံအထိသွားပြီး ဈေးဝယ်ခဲ့ပါတယ်။ မဝယ်ခင်လေး ဗိုက်ဖြည့်တဲ့အနေနဲ့ ကုလားဆိုင်မှာ ဝင်စားခဲ့တယ်။ အပြင်မှာစားဖြစ်ရင် တစ်ယောက်စာကျသင့်ငွေနဲ့ အိမ်မှာ၂ယောက်စာချက်စားရင်ကျတာနဲ့ အတူတူလောက်ဆိုတော့ကာ "ပလိုင်းပေါက်နဲ့ ဖားကောက်"ဆိုတာ ဒါမျိုးကို ပြောတာများလား......။

Read More...

Friday, December 26, 2008

အမွှေးများစွာ


အမွေးဟုတ်ဘူးနော်၊ ဟထိုးပါတယ်။ နယ်မှာနေတုန်းက ဝင်းနဲ့ခြံနဲ့အိမ်၊ ပြီးတော့ပြတင်းပေါက်တွေက အများကြီးဆိုတော့ အိမ်ထဲမှာ အနံ့အသက်ဆိုတာ လုံးဝသတိမထားမိသလိုဘဲ။ ရှိလဲမရှိပါဘူး။ ဝင်လာရင်တောင် နဲနဲကြာရင် ပြန်ထွက်သွားတာဘဲ။ အညှော်လုပ်လို့ ညှော်ရင်တော့ ခြံဝထွက်နေလိုက်ရင် ပြီးသွားရော။ ရန်ကုန်မှာကျ တိုက်ခန်းထဲဆိုပေမယ့် ဝရန်တာနဲ့ မီးဖိုချောင် တဖြောင့်ထဲဆိုတော့ အရှေ့ကဖြစ်ဖြစ် အနောက်ကဖြစ်ဖြစ် လေတိုက်လိုက်ရင် အိမ်ထဲက အနံ့အသက်တွေ ထွက်သွားတာပါဘဲ။ (ပြောရရင် ကန်ထရိုက်တိုက်ရဲ့ တိုက်ခန်းတခါးမှန်တွေက နှစ်ကြာလေ လေလုံအောင်ပိတ်ချင်ပါတယ်ဆိုရင်တောင် ပိတ်လို့မှ မရတာလေ။) မီးဖိုချောင်က ညှော်ရင်တောင် ဝရံတာထွက်နေလို့ ရသေးတယ်။ ဒီမှာကျတော့ အနံ့အသက်အခုခုဆို အိမ်ထဲမှာ အောင်းနေတတ်တယ်။ ဟင်းတခါချက်ရင် exhaust fan တွေ အတော်ကြာဖွင့်ထားရတယ်။ ဒါတောင် ကိုယ်တိုင်က အခန်းထဲမှာနေနေတော့ အနံ့ကိုယဉ်သွားပြီး မရှိတော့ဘူးထင်နေတာ။ အပြင်သွားပြီး ပြန်လာလို့ တခါးဖွင့်လိုက်တာနဲ့ ဟင်းနံ့တွေ ထောင်းခနဲ ရတတ်တာ။ အရင်အိမ်ကလည်း မီးဖိုချောင်က အိမ်အဝင်ဝမှာဆိုတော့ ပိုသိသာတယ်။ နွေဆိုရင်တော့ ဘေးပြတင်းရော ဝရံတာတခါးပါ ဖွင့်ထားလိုက်တယ်။ အဲလိုဆိုရင်တော့ မြန်မြန် အနံ့သက်သာသွားတယ်။ အဲ ဆောင်းရောက်ရင်တော့ ကွိပြီဘဲ။ အပြင်က အေးလွန်းလို့ တခါးကလဲ ဖွင့်လို့မဖြစ်၊ ဟင်းနံ့တွေကလဲ တော်ရုံနဲ့မပျောက်နဲ့။ ရေချိုးတော့လည်း ရေနွေးနဲ့ဆိုတော့ ရေငွေ့တွေပါ လှောင်နေတော့ ပိုဆိုး၊ ရေချိုးခန်း အိမ်သာတွေ မှိုတက်လွယ်သလားလဲ မပြောနဲ့။ exhaust fanဖွင့်ထားလဲ သိပ်မနိုင်ပါဘူး။ အဲဒီတော့ မွှေးတာကြိုင်တာတွေ ဝယ်ပြီး အိမ်ထဲ လိုက်ချထားရတယ်။ ဒါတောင် အနိုင်နိုင်။ ခုအိမ်မှာတော့ အရင်အိမ်ကနေ အတွေ့အကြုံရသွားပြီ။ အနံ့မွှေးတာတွေ ထားနိုင်မှ တော်ကာကြမယ်လို့။ ပြီးတော့ ကျယ်လည်းကျယ်လာတဲ့အပြင် အလယ်ခန်းဖြစ်လို့ ဘေးပြတင်းပေါက်လဲ မရှိဘူးလေ။

အဲဒါနဲ့ အရင်ဆုံး တပ်ဖြစ်တာက ဒီဟာလေး။


ရေမွှေးအဆီဘူးလိုဟာလေးကို plug နဲ့တပ်ပြီး ဖွင့်ရတာလေး။ စပယ်ပန်းနံ့လေး တသင်းသင်းနဲ့မို့ မဆိုးရှာဘူး။ စပယ်ပန်း မတွေ့ရတဲ့နေရာမှာ မြန်မာပြည်ကိုတောင် သတိရသွားတယ်။ ဧည့်ခန်းမှာ တခုနဲ့ အိမ်အဝင်ဝမှာ တခုထားဖြစ်တယ်။ နောက်မှ အိပ်ခန်းနဲ့ အခန်းလွတ်တခန်း အတွက် ထပ်ဝယ်တယ်။

ဒါတောင် အပြင်က ဝင်လာရင် ချဉ်စူးစူးဖြစ်သလို အနံ့ရလို့ လိုက်ရှာတာ ဘယ်ကမှန်း မသိဘူး။ အဲဒါနဲ့ လီမွန်ဘာလီနံ့ရတဲ့ ဒီဗူးလေးတွေ ယန်း၁၀၀ဆိုင်ကထပ်ဝယ်လာပြီး အဝင်ဝဘေးက ဖိနပ်စင်အခန်းရယ်၊ အိမ်သာမှာရယ်၊ ရေချိုးခန်းအရှေ့က အဝတ်လျှော်စက်ထားတဲ့ အခန်းမှာရယ် ထပ်ထားဖြစ်တယ်။


ဒါပေမယ့် သူက လေဝင်လေထွက်ရှိမှ ပိုအနံ့ထွက်တာမို့ အနားဖြတ်ရင် သတိရတိုင်း သွားလှုပ်ပေးနေမိတယ်။ ဖိနပ်စင်အခန်းကျ လေမဝင်တော့ သွားလှုပ်လဲ လှုပ်တုန်းတချက်ဘဲ၊ သတိရလို့ သွားဖွင့်ကြည့်ရင် သစ်သားတွေ၊ ပေါလစ်တွေက ထွက်နဲ့အနံ့က ရှိနေတာဘဲ။ အဲဒီအခန်းမှာ plugမရှိတော့ ဟိုလို ဘူးလေးတပ်လို့ မရဘူး။ အဲဒါနဲ့ နောက်ထပ်ဝယ်ဖြစ်တာက ဒီဟာလေး။


ရေမွှေးအဆီဘူးကို ဓာတ်ခဲနဲ့ ဖွင့်ရတာ။ ထိပ်အဝကလေးကနေ ဆေးလိပ်မီးခိုးထွက်သလို တချက်တချက် အမွှေးနံ့ ထွက်တယ်။ အပေါ်ဆုံးကနဲ့ အမျိုးအစားမတူလို့ စပယ်ပန်းပုံပေမယ့် အနံ့က နဲနဲပြင်းသလိုဘဲ။ ဖိနပ်ခန်းမှာဆိုတော့ ကိစ္စမရှိပါဘူးလေ။ အရင်ထားထားတဲ့ လီမွန်နံ့ဘူးက စာအုပ်စင်ပေါ် ရောက်သွားတယ်။

ဒါက အဝတ်တွေ၊ အမွှေးပွအရုပ်တွေ စတဲ့ ပိတ်သားတွေကို မှိုမတက်အောင် ဖျန်းတဲ့ဘူး။


ပေါင်ဒါနံ့လိုလိုရတယ်။ အရင်အိမ်တုန်းက လက်ကျန်ပါ။ ယန်း၁၀၀ဆိုင်ကဘဲ ဝယ်ထားတာ။ ဒီနေ့တော့ အဝင်ဝလမ်းနဲ့ မီးဖိုချောင်မှာ ခင်းထားတဲ့ကော်ဇောတွေရယ် ခြေသုတ်ဝတ်တွေရယ် အိပ်ခန်းထဲက ကော်ဇောရယ် အိပ်ယာတွေကို လိုက်ဖျန်းထားလိုက်တယ်။

အမွှေးတိုက်ပွဲဝင်နေတာ မပြီးနိုင်သေးဘူး။ ဒါတောင် air freshener ဗူးတွေ ကြည့်မိသေးတယ်။ အတော်များများက toiletလို့ ရေးထားလို့၊ ဒီမှာ အဲလိုဘူးတွေကို အိမ်သာမှာဘဲ သုံးလို့များလားတော့ မသိဘူး။ sprayဘူးတွေဆိုတော့ သိပ်မဝယ်ချင်ပါဘူး။ သုံးပြီး ပစ်ရခက်လို့။ ခုထိတော့ သိပ်စိတ်တိုင်းမကျသေးဘူး။ ထပ်ဝယ်ဖြစ်တဲ့ အိမ်ထောင်ပရိဘောဂတွေကလည်း အနံ့ထွက်သေးသကိုး။ အနံ့အသက်တခုခုရလို့ စိတ်တိုင်းမကျတိုင်း မီးဖိုချောင်က exhaust fanကို ပါဝါအမြင့်ဆုံးတင်ပြီး တဝုန်းဝုန်းဖွင့်လိုက်၊ ရေချိုးခန်းထဲက exhaust fanပါ ဖွင့်လိုက်လုပ်နေတာ။ အခုအိမ်မှာ တခုကွာတာက အခန်းတွေမှာ အပြင်ဘက်ကိုဆက်နေတဲ့ လေစုပ်သွင်းတဲ့ အပေါက်တွေပါတယ်။ အဲဒီတော့ ဘယ်exhaust fanဖွင့်ဖွင့် ဖွင့်လိုက်တာနဲ့ အဲဒီအပေါက်တွေကဏည်း အပြင်လေတွေကို ပြန်စုပ်သွင်းတယ်။ ဆောင်းတွင်းချမ်းပါတယ်ဆိုမှ လေအေးတွေဝင်လို့ တဂတ်ဂတ်ဖြစ်ရတယ်။ တတ်နိုင်ဘူးလေ၊ မြန်မာဟင်းတွေ ချက်စားသ၍တော့ ဆီသတ်တဲ့အနံ့ပျောက်အောင် ဖွင့်နေရမှာပေါ့။

Read More...

Thursday, December 25, 2008

X'mas cake




ကိတ်မုန့်စားချင်လို့ သွားဝယ်စားတာ၊ ခရစ်စမတ်နေ့ဆိုတော့ ခရစ်စမတ်ကိတ်ပေါ့။ ချော့ကလက်ကိတ်၊ အဖြူရောင်ချော့ကလက်ကိတ်၊ စတော်ဘယ်ရီကိတ်နဲ့ လက်ဖတ်စိမ်းကိတ်ဆိုပြီး အညို၊ အဖြူ၊ ပန်းရောင်နဲ့ အစိမ်းရောင် ကိတ်၂တုံးစီပါတယ်။ စားသွားကြပါနော........


Read More...

Friday, December 19, 2008

2008.12.19


အိမ်ပြောင်းပြီး နဲနဲတော့ အခြေကျလာပြီ။ ကိုယ့်အိမ်ကိုယ့်ယာလို့ ခံစားလို့မရသေးဘူး။ အရင် အခန်းကျဉ်းလေးကို သတိရတယ်။ အဲဒီခိုအိမ်လေးက အိမ်ကြီးရှင် အရင်နေနှင့်နေတော့ လူအငွေ့အသက်တွေရှိတယ်လေ။ ရောက်ရောက်ချင်း နွေးနွေးထွေးထွေး ခံစားရတယ်။ ခုအိမ်ကျတော့ ဟာလာဟင်းလင်းကြီးဖြစ်နေသလိုဘဲ။ အိမ်ကျယ်သွားလို့လဲနေမှာပေါ့လေ။ ကြမ်းတွေက သစ်ခင်းပေမယ့် အညိုမဟုတ်ဘဲ အဖြူရောင်ဘက်သန်းနေတော့ ကွိုင်ဘဲ။ အမှုန်ကျနေရင် အတော်သိသာတာ။ တိုက်ပေါ်မှာ ကောက်သင်းကောက်နေရတယ်။ ဆံပင်ကျွတ်ပြီး ကျထားတာတွေကိုပါ။ ကြမ်းပေါ်မှာ ထင်းနေတာကိုး။ ဂျပန်ရောက်မှ ဆံပင်ပိုကျွတ်သလား မပြောတတ်ဘူး။ ရေနွေးနဲ့ဘဲ ခေါင်းလျှော် ရေချိုးလုပ်နေလို့လေ။ ဖုန်စုပ်စက်လည်း အကြီးပြန်ဝယ်ရတော့မယ်။ အရင်အခန်းက သေးလို့ သေးသေးလေးနဲ့ရတာ။ ခုအိမ်နဲ့က မရတော့ဘူး။ ကြာကြာဖွင့်ရင် ဝါယာညှော်နံ့လိုရချင်တော့ ကြောက်ကြောက်။ အင်တာနက်က အိမ်ထောင်ပစ္စည်းတွေမှာထားတာကလည်း ပစ္စည်းပြတ်နေလို့ အားလုံးမရသေးဘူး။ အိမ်မှာ တို့လို့တန်းလန်းတွေချည်းဘဲ။ ဧည့်ခန်းမှာ စားပွဲနဲ့ ကော်ဇောတော့ရှိပြီ၊ ဆိုဖာတွေ မရှိသေးဘူး။:D အရင်အိမ် လိုက်ကာအထူတွေက ဒီအိမ်မှာ အမြင့် လုံးဝမကိုက်တော့လို့ အသစ်ဝယ်လိုက်ရတယ်။ လိုက်ကာအပါးကတော့ အနံလွန် အစအကြီးကြီးကို ခေါက်ထားတာမို့ ဖြည်ချလိုက်တာ တော်သွားသေးတယ်။ ဒါတောင် အဖျားခေါက်စာသိပ်မရှိတဲ့အပြင် အရင်အိမ်က ပြတင်းတပေါက်ကို ၁စနဲ့ရတာ ခုအိမ်က ပိတ်၂စမှ တစ်ပေါက်ရတော့တယ်။ ဧည့်ခန်းမှာဘဲ အရင်တပ်ထားလိုက်တယ်။ ဘေးအခန်းအတွက် ပိတ်ပါးစ မရှိလို့ မချုပ်ရသေးဘူး။ ဝယ်လိုက်ရင်တော့ မြန်မြန်ပြီးတာပေါ့။ အမြင့်ကိုက်တာက အတော်ရှာယူရမှာ။ လိုက်ကာ အထူတွေတောင် အကျယ်ကိုက်ပြီး အမြင့်မကိုက်၊ အမြင့်ကိုက်ရင် အကျယ်မကိုက်နဲ့မို့ နောက်ဆုံး အကျယ်ကိုက်တာယူလာပြီး အဖျားတွေကို ခေါက်ချုပ်ပစ်လိုက်တယ်၊ ပြီးရော။ မလှလဲနေတော့။


အိပ်ခန်းထဲက ပြတင်းပေါက်အသေးကိုတော့ အရင်က ဘာရယ်မဟုတ် ဝယ်ထားတဲ့ ပိုးသားအဖြူကို အဖျားမှာ ဇာတပ်ပြီး လိုက်ကာအပါးအဖြစ် ချုပ်လိုက်တယ်။ အထူချုပ်ဖို့ ပိတ်စမရှိသေးလို့ ခဏထားထားရဦးမယ်။ တို့လို့တန်းလန်းတွေပါဆိုမှ။ ကွန်ပြူတာစင်က နောက်တပတ်ထဲရောက်မယ်ထင်ရဲ့။ လောလောဆယ် ကြမ်းပြင်ပေါ်မှာဘဲ။ {ကွန်ပြူတာဆိုလို့ အင်တာနက်ရတဲ့နေ့က routerခံမရလို့ဆိုပြီး အိမ်ကြီးရှင်က တိုက်ရိုက်ချိတ်ပြီးစမ်းလိုက်တာ ချူနာပါနာ laptopလေး virusကိုက်ခံလိုက်ရတယ်။ သဘောကောင်းရင် လွယ်လွယ်ပွင့်ပေမယ့် တခါတခါကျ ဖောက်နေလို့ နောက်မှ ဝင်းဒိုးပြန်တင်ပေးမယ်တဲ့။ :(} airconက ဝယ်ထားတယ်၊ မတပ်ရသေးဘူး။ ဟိုမပြီး ဒီမပြီးတွေများလို့ အိမ်ပြောင်းဖူးတဲ့သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့ အားပေးရှာသား "သူလဲ အိမ်ပြောင်းတာ အခြေတကျဖြစ်ဖို့ ၃လလောက် ကြာသတဲ့၊ မှာထားတဲ့ ပစ္စည်းတွေ စောင့်ရနဲ့တဲ့" အားရှိစရာပါဘဲ။ သူငယ်ချင်းတွေကို နှစ်သစ်ရောက်မှ အလည်ခေါ်တော့မယ် စိတ်ကူးတယ်။ အဲလောက်ကျရင်တော့ အခြေကျတန်ကောင်းရဲ့လေ။

Read More...

Thursday, December 4, 2008

2008.12.04


သဘက်ခါ အိမ်ပြောင်းရတော့မည်။

ကူပြောင်းပေးမယ့် အိမ်ကြီးရှင်ရဲ့ သူငယ်ချင်းက ညပိုင်းအလုပ်ရှိလို့ ပြန်အိပ်ဖို့အတွက် မနက်၆နာရီ အရောက်လာမည်တဲ့။
ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးကြီး

မတတ်နိုင်ပါ၊ စောစောထရပါမည်။

ခုတော့ ဘယ်ကစပြီး ဘာကို သိမ်းရမှန်းမသိသေး။

လုပ်စရာတွေများလို့ ဘာမှမလုပ်ဘဲ အိပ်နေဖို့ စိတ်ကူးမိသည်။

အိမ်အသစ်ကိုလည်း ရှင်းလင်းရေး သွားလုပ်ရသည်။
မပြောင်းခင် ရေခဲသေတ္တာကိုလဲ အကုန်နီးပါးဖြစ်အောင် ရှင်းထားရမည်။

ဒီကြားထဲ သင်တန်းက ပျော်ပွဲရွှင်ပွဲအတွက် မြန်မာစားစရာတမျိုးမျိုး ချက်ယူလာပါဆိုလို့ ဦးနှောက်ခြောက်ရသည်။

အိမ်ကြီးရှင်သာ ကောင်းကောင်း မကောင်းကောင်း ချက်ကျွေးသမျှစားနိုင်သည်။

တခြားနိုင်ငံကလူတွေ စားနိုင်ပါ့မလားက မသိပါ။

အိမ်ပြောင်းဖို့အတွက် ဟိုဝယ်ရ ဒီဝယ်ရတာတွေကလည်း မနဲ။

စာရင်းလုပ်ကြည့်ရင် ရင်တုန်မိမှာစိုး၍ မေ့ချင်ယောင် ဆောင်ထားဦးမည်။

ဟိုဘက်ရောက်ရင် အင်တာနက် သုံးလို့ရဦးမှာ မဟုတ်။

ဘလော့ပေါ်က ပျောက်နေတာကြာတော့ အသိများက အရှေ့အလယ်ပိုင်းကိစ္စဟုထင်ကြသည်။

ဟုတ်ကဲ့၊ ပူတော့ပူနေပါသည်၊ ဗိုက်ခေါက်ပါ။

အသစ်တင်နိုးနဲ့လာလည်သူများကို အားလည်းနာ ကျေးဇူးလည်းတင်ပါသည်။

Read More...

Thursday, November 20, 2008

ငတက်ပြား


(လေး)
လှိုင်ဝင်း စတုတ္ထတန်းသို့ ရောက်လာလေပြီ။
စတုတ္ထတန်းသည် မြို့နယ်စုပေါင်းစာစစ်အဖွဲ့က စာမေးပွဲစစ်မေးသည် ဖြစ်ရကား မူလတန်းကျောင်းအတွက် အရေးအကြီးဆုံး ဖြစ်လေသည်။ မူလတန်းကျောင်းတကျောင်း၏ ပညာရည်အဆင့်နှင့် ထိုကျောင်းတွင် သင်ပြသော ဆရာဆရာမတို့၏ ဂုဏ်သိက္ခာကို စတုတ္ထတန်းအောင်စာရင်းက အဆုံးအဖြတ် ပေးနိုင်လေသည်။ တတိယတန်းနှင့် စတုတ္ထတန်းကို ဆရာမုန်း ကိုင်လေသည်ဖြစ်ရာ စတုတ္ထတန်း အောင်ချက်ရာနှုန်း ကောင်းဖို့အရေးသည် ဆရာမုန်း၏တာဝန် ဖြစ်လာလေသည်။ ကျေးလက်မူလတန်းကျောင်းများ၏ အစဉ်အလာမှာ သီတင်းကျွတ်သည်နှင့်တပြိုင်နက် စတုတ္ထတန်း ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာက မိမိအိမ်သို့ ညခေါ်သိပ်ကာ သင်ခန်းစာ သင်ကြားပေးခြင်း၊ စာကျက်စေခြင်းတို့ဖြင့် အောင်ချက်ရာနှုန်း ကောင်းစေရေးအတွက် အထူးကြိုးပမ်းလေ့ရှိသည်။

ဆရာမုန်းအတွက် ပို၍အဆင်ပြေလေသည်။ ဆရာမုန်းသည် ဘုန်းကြီးကျောင်းဝိုင်းအတွင်းရှိ စာသင်ကျောင်းအနီး ဇရပ်တဆောင်ပေါ်တွင် နေထိုင်လေရာ စတုတ္ထတန်း ကျောင်းသားများကို ခေါ်သိပ်လိုက်ရုံသာ။ အဖော်လည်း ရသေးသည်။ သင်ခန်းစာလည်း သင်ပြရသည်။ တချက်ခုတ် နှစ်ချက်ပြတ်လေသည်။ ယခုနှစ် စတုတ္ထတန်း ကျောင်းသားပေါင်း ခုနှစ်ယောက်သာရှိသည်။ နှစ်ဦးက မိန်းကလေးများ ဖြစ်ကြ၏။ မြေပန်းတောင်းရွာနှင့် ရေမြက်ရွာတို့မှ ဖြစ်ကြလေသည်။ သူတို့အတွက် ညကျောင်းတက်ရေး မစီစဉ်နိုင်။ နေ့ကျောင်းတက်ချိန်အတွင်းမှာပင် သီးခြားအစီအစဉ်ဖြင့် အချိန်ပို သင်ကြားပေးလေသည်။

ယောက်ျားလေးငါးဦးမှာမူ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေလျက် မူလတန်းကျောင်းတက်သည်ဖြစ်လေရာ ထာဝရတွေ့ဆုံ သင်ကြားပေးနိုင်လေသည်။ နှစ်စကတည်းကပင် ဆရာမုန်းသည် သူတို့ကို မိမိဇရပ်တွင် ခေါ်တင်ထားလိုက်သည်။ ဇရပ်ပေါ်မှာပင် သင်ပုန်းကြီး ထိုင်ခုံများဖြင့် စာသင်ခန်းအဖြစ် ဖန်တီးထားရလေသည်။
လှိုင်ဝင်း၊ ခင်မောင်ရင်၊ တင်လှိုင်၊ ကျော်စိုး နှင့် စံပို....။

"ဆရာမုန်းနော် သူခိုးကို ဘဏ္ဍာစိုးအပ်သလို ဖြစ်နေဦးမယ်။ ကောင်လေးကို ဂရုစိုက်"
ဆရာတော်က သတိပေးလေသည်။ လှိုင်ဝင်းသည် ဆရာမုန်းအပေါ် ပို၍သံယောဇဉ်ကြီးလေရာ ဆရာမုန်း၏ အဝတ်အစားများကို လျှော်ပေးခြင်း၊ ထမင်းဟင်း ချက်ပေးခြင်း စသည်ဖြင့် စိတ်လိုလက်ရ ကူညီလေ့ရှိလေသည်။ ဆရာမုန်းထံသို့ တခါးမရှိ ဓားမရှိ ဝင်ထွက်နေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာတော်က သတိပေးခြင်း ဖြစ်လေသည်။ ဆရာမုန်း ယုံကြည်ထားလေသည်။ လှိုင်ဝင်းသည် မိမိအပေါ်တွင် သံယောဇဉ် ရှိနေပေပြီ။ မိမိပစ္စည်းကိုကား ခိုးလိမ့်မည်မထင်။ ထို့ကြောင့် လှိုင်ဝင်းအပေါ် အကြွင်းမဲ့ ယုံကြည်ဟန် ပြထားရသည်။ အဖိုးတန် အရေးကြီးသည့် ပစ္စည်းကိုမှ လုံခြုံစွာထားရလေသည်။

စမ်းကြည့်မိသည်။ ငွေအကြွေလေးများကို ရေတွက်မှတ်သား၍ အမှတ်တမဲ့ အလွယ်တကူ ထားပုံမျိုး။ ခဲတံ၊ ကျောက်တံ၊ ဖော့ဖျက်စသည့် အသေးအဖွဲ ပစ္စည်းကလေးများကို အမှတ်အသားဖြင့် အမှတ်မထင် ထားလေဟန်မျိုး.....။ ဆရာမုန်း စိတ်မကောင်းကြီးစွာ ဖြစ်ရလေသည်။ လှိုင်ဝင်းသည် သူ့ဉာဉ်ဆိုးကို မဖျောက်ပေတကား။ ငွေနှစ်ကျပ် သုံးကျပ်ထဲမှ ငါးမူး သုံးမတ် မသိမသာယူခြင်း၊ အသေးအဖွဲ ပစ္စည်းကလေးများထဲမှ တခုစနှစ်ခုစယူခြင်းတို့ဖြင့် သူ၏အခြေအနေမှန်ကို ပြသလျက်ရှိပေသည်။

ဝါဆိုလတွင် ကျောင်းအနည်း၌ ဂေါတမဘုရားပွဲတော်ကြီး ရှိလေသည်။ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဆပ်ကပ်ရုံနှင့် ရုပ်သေး၊ ဇာတ်၊ ဗလာပွဲများ ပါဝင်လေသည်။ ဆိုင်ဈေးတန်းများဖြင့် စီကားလှသည်။ လဆန်း ၈ရက်နေ့မှ လပြည့်ကျော် ၂ရက်နေ့အထိ ခင်းကျင်းလေသည်။ ဆရာမုန်းသည် လှိုင်ဝင်းအား ပွဲတော်တွင် မခိုးမဝှက်စိမ့်ငှါ သူ့ဘိုးအေကို မုန့်ဖိုးအလုံအလောက် ပေးစေလေသည်။ မိမိကလည်း တတ်အားသ၍ ပေးလေသည်။ ပွဲတော်တွင်း မခိုးမဝှက်ရန်လည်း အသေအချာ ဆုံးမဩဝါဒ ပေးထားရ၏။

သို့သော်....။

"ဆရာ လှိုင်ဝင်းညက ဇာတ်ပွဲထဲမှာ အိပ်ပျော်နေတဲ့ လူတွေစီက ဖိနပ်တွေ အလစ်သုတ် ချွတ်ယူလာပြီး ဖိနပ်ပြင်ကုလားစီ ရောင်းစားတယ်ဆရာ။ ဖိနပ် ၁၀ရံ ငွေ အစိတ်ရသတဲ့ ဆရာ"
လှိုင်ဝင်းနောက်သို့ ထောက်လှမ်းရေးထည့်ထားသည့် ကျောင်းသားကလေး နှစ်ယောက်က သတင်းဆိုးကို ပေးပို့လာသည်။ ဆရာမုန်းက လှိုင်ဝင်းကိုခေါ်၍ တိုးတိုးတိတ်တိတ် စစ်ဆေးမေးမြန်းကြည့်ရသည်။ သူ ခိုးမိကြောင်း ဝန်ခံလေသည်။

"မင့်ဖိနပ် ဘယ်လောက်ပေးရတုန်းကွ"
လှိုင်ဝင်းမှာ လောလောဆယ် သူ့ဘိုးအေက ဖိနပ်သစ်တရံ ဝယ်ပေးထား၏။
"၁၇ကျပ် ပေးရတယ်ဆရာ"
"ဒီဖိနပ်မျိုး ၁၀ရံဆိုရင် ငွေဘယ်လောက်သင့်မလဲကွာ"
"၁၇၀"
"မင်းရောင်းခဲ့တဲ့ ၁၀ရံကျတော့ ငွေအစိတ်ထဲ ရတယ်ဆို"
"ခိုးရာပါ ပစ္စည်းမို့ လျှော့ရောင်းရတာပါ ဆရာရယ်"
လှိုင်ဝင်းက ပြုံး၍ ဖြေလေသည်။

"ဆုံးရှုံးရတဲ့သူမှာတော့ တန်ဖိုးအပြည့်ဆုံးရှုံးကြရရှာမှာပဲ မောင်လှိုင်ဝင်း။ ပွဲလမ်းသဘင်လာတာမို့ အသစ်ကို ချစီးလာကြမှာကိုး။ မင်းက အသက်နဲ့ ရင်းပြီးခိုးတယ်။ မိယင် မသက်သာဘူးနော်။ မသေတောင် ကျိုးပဲ့ကန်းမှာပဲ။ အနာတရဖြစ်မှာ သေချာတယ်။ ဒါပေမယ့် မင်းအတွက် ငွေအစိတ်ပဲ ခံစားရတယ်။ ဝယ်တဲ့သူက ခိုးရာပါ ပစ္စည်းဆိုပြီး ငွေ၇၀ကျော်ကြီးများတောင် ခေါင်းပုံဖြတ်လိုက်တာ မင်းသတိမူမိရဲ့လား။ ငွေအစိတ်ဟာလဲ မင့်မှာ ဘာများအဖတ်တင်သလဲ။ သူခိုးဆိုတဲ့နာမည်ပဲ အဖတ်တင်မယ် မောင်လှိုင်ဝင်း။ ဒီတော့ ခိုးတာဟာ ကောင်းသလားကွာ"
"မကောင်းပါဘူးဆရာ"
"မင်းလေးတန်းရောက်ပါပြီ။ စဉ်းစားတတ်ပြီ။ အသိသားနဲ့ မမိုက်ချင်စမ်းနဲ့ မောင်လှိုင်ဝင်းရယ်"
"ဟုတ်ကဲ့ပါဆရာ"

ဆရာမုန်း အတတ်နိုင်ဆုံး စောင့်ကြည့်နေသည်။ တညနှစ်ညအတွင်း လှိုင်ဝင်း ငြိမ်ငြိမ်ကလေး ကုပ်နေရှာသည်။ လပြည့်ညတွင်မူ ဆရာမုန်း၏ အလစ်တွင် လှိုင်ဝင်း ပျောက်သွားချေတော့သည်။ ဆရာမုန်းလည်း လှိုင်ဝင်း၏ အခြေအနေကို တစေ့တစောင်း အကဲခတ်နိုင်ရန် ပွဲတော်ခင်းသို့ ထွက်လာခဲ့ရသည်။

"သူခိုးဟေ့ သူခိုး သူခိုး ဆီးဖမ်းကြပါ"
"ချကွာ ရိုက်ကွာ"
"ခွပ် ဗုန်း"
"အောင်မလေးဗျ"
"အသေသာဆော်ဟေ့"
ရုတ်ရုတ်သဲသဲ ဆူဆူညံညံအသံများဗလံများကြားတွင် လှိုင်ဝင်း၏ အော်သံ ညည်းသံကို ကြားလိုက်ရသဖြင့် လုစုစုရှိရာသို့ ဆရာမုန်း အမောတကော ပေးသွားရသည်။ ဝိုင်း၍ ရိုက်ခြင်းခံနေရသူကား လှိုင်ဝင်းပင်တည်း။ မကယ်လျှင် သေဖွယ်ရှိလေသည်။

"ဗျို့ ဆရာတို့၊ ကလေးပါဗျ။ ဒီလောက်မရိုက်ကြပါနဲ့။ ဥပဒေ"
တားရမသဖြင့် ဆရာမုန်းသည် လှိုင်ဝင်းကိုယ်ပေါ်သို့ ဝမ်းလျားမှောက်ကာ ကာကွယ်လိုက်ရသည်။
"ဟ ဟ တော်ကြတော့၊ ကျောင်းဆရာကို ထိသွားပြီ"
မှန်သည်။ ဆရာမုန်း၏ ချိုစောင်းတွင် ပူခနဲ ခံစားလိုက်ရသည်။ မျက်နှာပေါ်သို့လည်း သွေးများ ဖြာစီးလာသည်။ လူရှဲအသွားတွင် ဆရာမုန်းသည် လှိုင်ဝင်းကို ပွေ့ချီလျက် ယာယီပွဲတော် ရဲစခန်းသို့ အပ်လိုက်ရ၏။ သို့မဟုတ် လှိုင်ဝင်း၏ အသက်အန္တရာယ်မှာ စိတ်မချရပေ။ ဆရာမုန်း၏ ဒါဏ်ရာကို ကမ္မကျေးလက်ကျန်းမာရေးမှူးက ဆေးထည့် ပတ်တီးစည်းပေး၏။ လှိုင်ဝင်းကိုလည်း ပခုက္ကူဆေးရုံသို့ ပို့လိုက်ရသည်။

နောက်မှ အဖြစ်မှန်ကို စူးစမ်းလေ့လာကြည့်ရသည်။ လှိုင်ဝင်းသည် အထည်ဆိုင်မှ လုံချည်စတအုပ်ကို အတင့်ရဲစွာ ဆွဲပေးခြင်း ဖြစ်၏။ ဆရာမုန်းသည် အထည်ဆိုင်ရှင်အား တောင်းပန်၍ အမှုကို ရုပ်သိမ်းစေရသည်။ ၁၀ရက်လောက်ကြာမှ လှိုင်ဝင်း ဆေးရုံမှ ဆင်းလာနိုင်သည်။ အပေါက်အပြဲ အကွဲဒါဏ်ရာများမှ အမာရွတ်ထင် ကျန်ခဲ့သော်လည်း မကျိုးမကန်း ရုပ်ဆင်းမပျက်သည်ကို ဝမ်းသာရသည်။ လှိုင်ဝင်း ကံကောင်းသည်ဟု ဆိုရပေမည်။

လှိုင်ဝင်းက ဆရာမုန်းအား ထိခြင်းငါးပါဖြင့် ရှိခိုးတောင်းပန်လာသည်။
"ကျွန်တော့အတွက် ဆရာ့မှာ အနာတရဖြစ်ရတာ စိတ်မကောင်းပါဘူးဆရာရယ်။ ခွင့်လွှတ်ပါ"
"ကိစ္စမရှိပါဘူး မောင်လှိုင်ဝင်းရယ်။ မင်းအသက်ကို ဆရာကယ်နိုင်လိုက်တာကိုပဲ ဝမ်းသာမဆုံးရပါပြီ"
လှိုင်ဝင်းသည် ဆရာမုန်း၏မျက်နှာကို ငေးကြည့်နေ၏။ နောက်တွင် မျက်ရည်စတွေ ကျလာသည်။

"ဆရာ"
"မောင်လှိုင်ဝင်း ပြောစရာရှိတာ ပြောပါ။ မောင်လှိုင်ဝင်းအတွက် ဆရာ ဘာကူညီရမလဲ"
"ကျွန်တော့ကို မခိုးဖို့ ဆုံးမစကား မပြောတော့ဘူးလား ဆရာ"
လှိုင်ဝင်းက ထူးဆန်းသောမေးခွန်းကို မေးလာသည်။
"ဆရာပြောပေမယ့် မောင်လှိုင်ဝင်းက နားထောင်ဦးမှကိုး"
"ကျွန်တော် ခုချိန်ကစပြီး မခိုးတော့ပါဘူးဆရာ"

ဆရာမုန်းက ဆုံးမသဖြင့် ဝန်ခံရသော ကတိမဟုတ်။ ဆရာမုန်း၏ ရေလာမြောင်းပေး မေးခွန်းများကြောင့် ထွက်ပေါ်လာသော အဖြေလည်မဟုတ်။ လှိုင်ဝင်း၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော ကတိစကားသာတည်း။
"ဒီလိုဆို ဆရာ့ခေါင်းက အမာရွတ်ကလေးဟာ တပည့်တဦးကို အောင်မြင်စွာ ဆုံးမနိုင်ခဲ့တဲ့ အထိမ်းအမှတ်တဆိပ်ကလေး ဖြစ်လာပြီပေါ့ကွာ"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Wednesday, November 19, 2008

ငတက်ပြား


(သုံး)
အချုပ်ခန်းဆီမှ ပြန်လာသောအခါ လှိုင်ဝင်း၏မျက်နှာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရ၏။ ကြောက်ရွံ့သည့် အသွင်လည်း ပေါ်နေသည်။ ဤအခြေအနေသည်ပင်လျှင် ဆရာမုန်း၏ လိုလားချက်ပေတည်း။

"ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတာ သနားစရာဘဲနော်ဆရာ။ အနံ့ကြီးကလည်း ဆိုးဝါးလိုက်တာ၊ သူတို့မှာ နေလဲဒီအခန်းထဲ၊ အိပ်လည်း ဒီအခန်းထဲ၊ စားလဲ ဒီအခန်းထဲ၊ အိမ်သာတက်လဲ ဒီအခန်းထဲမှာပဲ။ ကျွန်တော်သာဆိုယင် ထမင်းစားဝင်မှာမဟုတ်ဘူး။ အံချင်စရာကြီးပဲ"
လှိုင်ဝင်းက စိတ်ထိခိုက်စွာ မသက်မသာ ဆိုလေသည်။

"ဒါပေါ့ကွာ။ အခန်းကကျဉ်း၊ အကျဉ်းသားတွေကများတော့ တချို့က စောင်ပုခက်ဆွဲပြီး နေကြရတာ မင်းအမြင်ပဲ။ အချုပ်သားဆိုတာ အပြင်လူလို သွားချင်ရာ မသွားရ၊ စားချင်ရာ မစားရနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် နေကြရတာပေါ့။ ထမင်းစားတယ်ဆိုရာမှာလည်း ကိုယ်ကြိုက်တဲ့ဆန်၊ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ကိုယ်စားချင်သလောက် စားရတာ မဟုတ်ဘူးကွ၊ ပုံစံနဲ့ စားရတာ။ မဝလဲတန်၊ ဝလည်းတန်ပဲ။ ရေကိုလည်း တပတ်မှ တခါလောက် ချိုးကြရရှာတယ်၊ လူကများတော့ ကျင်ကြီးကျင်ငယ်နံ့၊ ချွေးနံ့တွေဟာ အုတ်နံရံအတွင်းမှာ ပိတ်လှောင်မွမ်းကြပ်နေတော့တာပေါ့"

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာမုန်းနဲ့ လှိုင်ဝင်းတို့ ဝင်ရောက်လေ့လာစဉ်က ရှင်မတောင် ဒမြအဖွဲ့များ ရောက်နေရကား အချုပ်ခန်းတွင် လူကြပ်နေတော့သည်။ ဘုံခန်းနှင့်မြှောက်၊ ငရဲခန်းနှင့်ချောက်ဟု ဆိုရိုးရှိခဲ့လေသည် မဟုတ်ပါလော။ လှိုင်ဝင်း၏ ခိုးတတ်သောဉာဉ်ကို ပျောက်စေချင်းငှါ အချုပ်ခန်း၏ အနိဋ္ဌာရုံများကို ပြသခြောက်လှန့်ရတော့သည်။

ဆရာမုန်းသည် ကျောင်းဆရာမဖြစ်ခင်က ပခုက္ကူမြို့ ခရိုင်ရဲဝန်ရုံးမှာ ခြောက်လတာမျှ အကူစာရေး လုပ်ခဲ့ဖူးသည်။ ရဲစခန်းမှူးနှင့် ရင်းနှီး၏။ တာဝန်ကျ အစောင့်ရဲသားများနှင့်လည်း ကျွမ်းဝင်သည်။ သူတို့ထံ ပန်ကြားခွင့်တောင်းပြီး လှိုင်ဝင်းနှင့်အတူ ဝင်ရောက်လေ့လာခဲ့သည်။ သခိုးမှု၊ ဒမြမှုများနှင့် အချုပ်ခံနေရသော အကျဉ်းသားများနှင့် တွေ့ဆုံစကားပြောခဲ့သည်။ လှိုင်ဝင်းကြောက်လန့်သွားအောင် ရေလာမြောင်းပေး မေးခွန်းများနှင့် ဆွေးနွေးပြခဲ့သည်။

လှိုင်ဝင်းအား အချုပ်ခန်းလေ့လာရန်ဟူ၍ ပြောခဲ့ခြင်း မဟုတ်ပါ။ ဆရာ့အတွက် အဖော်လိုက်ခဲ့ပါဟူ၍ ပခုက္ကူမြို့သို့ ခေါ်လာခြင်း ဖြစ်သည်။ အချုပ်ခန်းစီသို့လည်း တမင်ပင် ဝင်ရောက်လေ့လာခြင်း အသွင်သဏ္ဌာန်မပေါ်စေပဲ ခရီးသွားဟန်လွှဲသဘောမျိုးဖြင့် ခေါ်ခဲ့လာခြင်း ဖြစ်ပါသည်။ မသိမသာ ပုံသွင်းပဲ့ပြင်ခြင်းပင်တည်း။

"မောင်လှိုင်ဝင်း အချုပ်ခန်းကို မကြောက်ဘူးလား?"
"ကြောက်တာပေါ့ ဆရာရယ်။ နေရထိုင်ရတာ မလွတ်မလက် ကျဉ်းကျဉ်းကြပ်ကြပ်နဲ့။ သနားစရာ သိပ်ကောင်းတာပဲ"
မောင်လှိုင်ဝင်း၏အဖြေကို ဆရာမုန်း အားရမိလေသည်။

"ခုတော့ သူတို့ဟာ သနားစရာပေါ့ကွာ။ အဲ အချုပ်ခန်းထဲမရောက်ခင်တုန်းကတော့ ကြောက်စရာပဲကွ။ ခိုးတယ်။ တိုက်တယ်။ လုတယ်။ သတ်ဖြတ်တယ်ပေါ့။ ပတ်ဝန်းကျင်က လူကောင်းတွေကို သိပ်နှောက်ယှက်တာ၊ ဒုက္ခပေးတာ။ ဒါကြောင့် အစိုးရက ဖမ်းပြီး ထိုက်သင့်တဲ့ အပြစ်ဒါဏ်ပေးဖို့ ခဏလှောင်ထားတာကွ။ အဲ မောင်လှိုင်ဝင်းလဲ သူတို့လို မဆိုးချင်နဲ့။ မမိုက်ချင်နဲ့။ မခိုးချင်နဲ့။ ခိုးဆိုးမိုက်မဲယင်တော့ သူတို့လို အချုပ်ကျမှာပဲကွ"
"ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်မမိုက်ပါဘူး"

ဆရာမုန်းသည် လှိုင်ဝင်းအား သူစားချင်ရာကို ဝယ်ကျွေးသည်။ သူလိုချင်သည်ထင်သည့်အရာကို တတ်အားသ၍ ဝယ်ပေးသည်။ ညတွင် ရုပ်ရှင်ပြသည်။ သူ၏ ဉာဉ်ဆိုး ပြောင်းလဲသွားတန်ကောင်းဟု မျှော်လင့်ရသည်။
သို့သော် .....။
အပြန်တွင် ကားပေါ်သို့ ရောက်သောအခါ အရုပ်ဆိုင် တဆိုင်မှ အလစ်သုတ်လာသော ပလတ်စတစ် ဘောလုံးတလုံးကို လှိုင်ဝင်း၏ လွယ်အိတ်ထဲမှာ မြင်တွေ့လိုက်ရလေသည်။
ဆရာမုန်း မောသွားလေသတည်း။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

##အရင် ရှေ့တစ်ပိုဒ်က စာရွက်ပြဲနေတဲ့ နေရာမှာ မှန်းပြောတာ လွဲနေတယ်ထင်လို့ ပြန်ပြင်လိုက်ပါတယ်။##

Read More...

Tuesday, November 18, 2008

အမှတ်တရ အိမ်ရှင်မ(၁၀)


ခုတလော ထမင်းဘူးအတွက် ဘာချက်ရမှန်းမသိလို့ တရုတ်သူငယ်ချင်းကို တရုတ်ဟင်းချက်နည်းတွေ ပြောပြပါလားလို့ ဈေးအတူသွားဝယ်ရင်း စကားပြောမိတော့ ဟင်းချက်နည်းစာအုပ်ငှါးပေးလိုက်မယ်တဲ့။ တရုတ်လိုမှ မဖတ်တတ်တာဆိုတော့ ဂျပန်လိုရေးထားတဲ့စာအုပ်ကို သူ့senseiဆီက ရထားတာတဲ့။ ၂အုပ်ထဲက ကြိုက်တာတအုပ် ငှါးသွားလေဆိုတော့ လုပ်ရလွယ်မယ်ထင်တဲ့ တစ်အုပ်ကို မလာခဲ့တယ်။ ခုအဲဒီထဲက ရမ်းသမ်းcookကြည့်ထားတဲ့ ဝက်သားလိပ် ကြက်ဥဟင်းချက်နည်းကို တင်လိုက်ပါတယ်။

အသားက ဝက်သားရဲ့ သုံးထပ်သားနေရာကို ခပ်ပါးပါးလွှာလွှာလှီးထားတာကို သုံးပါတယ်။ ဒီမှာတော့ 豚バラ薄きり肉(buta bara usukiri niku)ဆိုပြီး အဆင်သင့်လှီးထားတာတွေ ရောင်းပါတယ်။ ပုံမှန်ဆို အဲဒါတွေကို အသီးအရွက်နဲ့ ရောကြော်ရုံ ချက်တာလောက် သိတာပါ။ သူ့ကို mainအနေနဲ့ စားလို့ရအောင် ချက်ရကောင်းမှန်းမသိပါဘူး။ စာအုပ်လှန်ကြည့်ချင်း အဲဒါကို သွားတွေ့ပြီး သွားရည်ကျနေတာ။ စာအုပ်ထဲမှာက အရောင်လှလှနဲ့ စားချင့်စဖွယ်လေး ပြင်ထားတာကိုး။ ကျမက အဲလောက်မတတ်တော့ ရသလောက်ပေါ့။ ဟင်းချက်နည်းက စာအုပ်ထဲကအတိုင်း ၂ယောက်စာ ပမာဏနဲ့ ရေးလိုက်တယ်။

ဝက်သားလိပ် ကြက်ဥဟင်း
လိုအပ်သော ပစ္စည်းများ (၂ယောက်စာ)


ဝက်သားပါးပါးအလွှာ __ ၄ချပ်(၁၅၀ ဂရမ်)
ကြက်ဥ __ ၂လုံး
ရှီအိတကဲမှိုခြောက် __ ၂ပွင့်
ဂျင်း __ အလွှာလိုက်သင့်ရုံ
Asparagus __ ၂ချောင်း
ဟင်းရည် [ရေ __ ၁ခွက်၊ ဟင်းချက်အရက် __ ခွက်တဝက်၊ သကြား __ ဇွန်းကြီး၁ဇွန်းခွဲ၊ Mirin __ ဇွန်းကြီး၁ဇွန်းခွဲ၊ ပဲငံပြာရည်အကျဲ __ ဇွန်းကြီး၃]
နာနတ်ပွင့် __ ၁ပွင့်
(ဇွန်းသေး = 5 cc / ဇွန်းကြီး = 15 cc / တစ်ခွက် = 200 cc)
(#Mirinဆိုတာ ဆန်ကနေထုတ်ထားတဲ့ ခပ်ချိုချို ဟင်းခတ်အရည်ပါ။)

(၁) ကြက်ဥကို ပြုတ်ပြီး အခွံခွါထားပါ။ ရှီအိတကဲမှိုခြောက်ကို ရေစိမ်ပြီး ပျော့လာအောင်လုပ်ပါ။ ရေထဲ သကြားနဲနဲလေးထည့်ပေးရင် ပိုမြန်မြန်နူးလွယ်ပါတယ်။ ရှီအိတကဲမှိုခြောက်ကို ရေစိမ်ပြီးပျော့အောင်လုပ်ပါ။ ရေထဲ သကြားနဲနဲထည့်ပေးရင် မှိုက ပိုမြန်မြန်ပျော့ပါတယ်။ ရှီအိတကဲမှိုခြောက်ကို မြန်မာမှာ "ရှီတာကီ"မှိုမွှေးလို့ ခေါ်တယ်ထင်ရဲ့။


(၂)ဝက်သားလွှာတွေကိုလိပ်ပြီး အဖျားမှာ သွားကြားထိုးတံနဲ့ထိုးပြီး ထိန်းထားပါ။



(၃) ဂျင်းကို အခွံသင်ပြီး အလွှာလိုက်လှီးပါ။ Asparagusကို ဆားရည်ပူထဲ ထည့်ပြုတ်ပြီး ၅စင်တီ အရှည်လောက်စီလှီးပါ။ (Asparagusကို မြန်မာလို ကညွတ်လို့ ခေါ်သလား မသိဘူး။ အိမ်မှာချက်တော့ Asparagus အဆင်သင့်ဝယ်ထားတာမရှိလို့ မုန်လာဥနီနဲ့ချက်လိုက်တယ်။ မုန်လာဥက သပ်သပ် ပြုတ်ချင်လည်း ရတယ်။ ကျမကတော့ ဝက်သားထည့်တုန်း ပေါင်းထည့်လိုက်တယ်။)



(၄) ဒယ်အိုးထဲ ဟင်းချက်အရက်ကို ဆူအောင်တည်ပြီး ကျန်ဟင်းခတ်အရည်တွေထည့်လို့ ဟင်းရည်ချက်ပါ။ ဆူလာရင် ဂျင်းအလွှာတွေထည့်ပါ။

(၅) ကြက်ဥပြုတ်ထည့်ပြီး ၁၀မိနစ်တည်ပါ။ ပြီးရင် ဝက်သား၊ ရှီအိတကဲမှိုနဲ့ နာနတ်ပွင့်တွေပေါင်းထည့်ပြီးတည်ပါ။

(၆) ဝက်သားနဲ့ မှိုကထွက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ရင်း မီးအားလျော့လျော့နဲ့ မိနစ်၂၀ခန့်လောက် ဝက်သားအဆီပြန်လာတဲ့အထိတည်ပါ။

ဓာတ်ပုံထဲတော့ သိပ်ဆီမပြန်ခင် ခပ်လာလို့ အရောင်မလှဘူး ဖြစ်သွားတယ်။ ညနေဘက်ပြန်တည်တော့မှ ဆီပြန်ပြီး ပိုအရောင်တက်လာတယ်။ Asparagus နဲ့ဆိုရင်တော့ ဟင်းကျက်လို့ ပန်းကန်ထဲခူးရင် ဘေးမှာစီလိုက်ရုံပါဘဲ။

ဟင်းက ချက်သာချက်ပြီး မြည်းမကြည့်ထားပါဘူး။ မနက်က သူ့အတွက်ဘဲ ထမင်းဘူးထည့်ပေးဖြစ်တာ၊ ကိုယ်တိုင်က အပြင်ရောက်နေတော့ ဘယ်လိုအရသာ ဖြစ်မှန်းမသိလို့ စိတ်တော့ အပူသား။ ညစာစားတဲ့အခါကျမှာ စားကြည့်တော့ တော်တော်မဆိုးဘူးဘဲ။ ခက်ခက်ခဲခဲလဲမဟုတ်ဘဲနဲ့ ဟင်းတခွက်ဖြစ်လာတယ်။ ဝက်သားကလည်း လိပ်ထားပြီးဆီပြန်အောင် မီးအားလျော့လျော့နဲ့ ချက်လို့လာမသိ ဝက်သားကောက်ညှင်းထုပ်ထဲက ဝက်သားလို စီးနေတာဘဲ။ ဝက်သားမှဝက်သားဖြစ်တဲ့ အိမ်ကြီးရှင်တို့ အကြိုက်ပေါ့။ စားကောင်းလို့ဆိုပြီး ဟင်းချက်နည်းလာမေးနေသေးတယ်။ စားကောင်းတဲ့ဟင်းဆို အမြဲတမ်းအဲလိုပါဘဲ၊ ပြီးတော့ ဘာမှလဲ မှတ်မိတာမဟုတ်၊ ချက်တာလဲမဟုတ်နဲ့။ ပြောပြပြီးသွားတော့ ဟင်! အဲဒီသွားကြားထိုးတံတွေရောတဲ့ ကြောက်အားလန့်အားနဲ့။ ဟောတော်~~ ဟင်းအေးတဲ့အချိန် ဖြုတ်လိုက်ပြီပေါ့၊ မဖြုတ်လို့ကတော့ မနက်က စားကတည်း လည်ပင်းစူးနေမှာပေါ့။ သွားကြားထိုးတံတွေပါ ဝက်သားဖြစ်သွားတယ်မှတ်နေသလားဘဲ။ အင်းးးးးးးး ရွှေဉာဏ်တော် ရွှေဉာဏ်တော်။

Read More...

Wednesday, November 12, 2008

ပက်ကျိ


မျက်စေ့မူးလို့ ဘလော့ကို လျှော့ထားရတာကြာသွားပြီ။ လာလည်သူများကိုလည်း အားနာပါတယ်။ ကွန်ပြူတာ ဆက်တိုက်ကြည့်သလိုဖြစ်ပြီး လူက ရုတ်တရက် မိုက်ခနဲ ဖြစ်ဖြစ်နေတော့ ကွန်ပြူတာ ကြည့်တာလျှော့မှဖြစ်မယ်ဆိုပြီး နားနေလိုက်တာ။ သက်သာလာတဲ့နေ့ကျ ပြန်ရေးမလို့ အတွေးထဲမှာတော့ ရိုက်နေလိုက်တဲ့စာတွေ။ ပြီးခဲ့တဲ့တပတ်က သက်သာလာပြီဆိုပြီး စာမရေးခင် စိတ်ကြည်အောင် ရေချိုးခေါင်းလျှော်လုပ်ပြီး မှန်ကြည့်လိုက်တော့မှ လားလား ဘယ်ဘက်မျက်လုံးရဲ့ သူငယ်အိမ်ဘေးအောက်ဘက်မှာ သွေးခြေဥသလို နီရဲနေတဲ့ အကွက်တကွက်တွေ့လိုက်ရတယ်။ ဒီရောက်ပြီး အိမ်ထဲမှာနေရင် တနေ့တခါတောင် မှန်မကြည့်မိသလောက်ဘဲလေ။ (အရင်ကနဲ့တော့ ကွာပါ့။ ပဲများစရာ မလိုတော့လို့လဲ ပါတာပေါ့လေ။) မှန်မကြည့်မိတော့ ဘယ်တုန်းက မျက်လုံးမှာ သွေးခြေဥနေမှန်းမသိ! အိမ်ကြီးရှင်ကို မေးကြည့်တော့ သူလဲ သတိမထားမိဘူးတဲ့။ ကောင်းရော။ အဲဒီလောက် ဂရုတစိုက်ရှိတာ။ မျက်လုံးလဲ မနာတော့ လုံးဝ မသိလိုက်ဘူး။ သိတဲ့အချိန်က အတော်နီနေတယ်။ မနာတော့လည်း တရက်လောက် အခြေအနေစောင့်ကြည့်ပြီး မသက်သာမှ ဆေးခန်းသွားတော့မယ် စိတ်ကူးလိုက်တယ်။ ကြောက်တာတော့ အကြောက်သား။ ဘာမှန်းမသိ ညာမှန်းမသိနဲ့။ အဲဒီတော့ ဘလော့ရေးမယ့် အစီအစဉ်ရပ်ပြီး မျက်စိအနားပေး အစီအစဉ်ကို ပြန်ဆက်ရတယ်။ တရက် တခါ မကြည့်မိတဲ့မှန်ကို တနေ့ဘယ်နှခါမှန်းမသိ အနားကပ်ပြီး မျက်လုံးဖြဲကြည့်နေရတယ်။ နောက်တရက်က နဲနဲလေး အနီရောင် လျော့လာပေမယ့် အကွက်က အရှေ့ဘက်ကို ပျံ့လာတယ်။ အဲလို သူငယ်အိမ်ဘက်ကို ရွေ့ရွေ့ပြီးမှ အရောင်က လျော့လာတာ တပတ်လောက်နေမှ အရှင်းပျောက်တော့တာ။ ပက်ကျိတို့ကတော့ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးဘဲ။ ဆရာမုန်းလဲ ပြန်ဆက်ရိုက်ပါဦးမယ်။ လောလောဆယ်တော့ ကိုAndyမြင့်ဆီက စမူဆာလုပ်နည်းဖတ်ပြီး စမ်းသပ်ထားတဲ့ စမူဆာကြော်လေး စားသွားကြပါနော်။


မဝသေးရင် အစုံသုပ်ထပ်ကျွေးပါတယ်။


အစုံသုပ်လို့သာပြောရတယ်၊ စုံလား မစုံလား မသိဘူး။ ကြာဇံဖတ်ပဲ ပြုတ်ထည့်ထားတာ။ ခေါက်ဆွဲနဲ့ ထမင်းနဲ့နယ်ရင် စားမကောင်းမှာစိုးလို့ အစုံသုပ်သုပ်တိုင်း ခေါက်ဆွဲ မပါဘူး။ အိမ်မှာဆို သင်္ဘောသီးခြစ်ပါ ပါတော့ ချိုချိုလေးနဲ့ ဝါးလို့ အရမ်းကောင်းတာ။ ဒီမှာ သင်္ဘောသီးအစိမ်းက တော်ရုံနဲ့ ဝယ်လို့မရပါဘူး။ အဲဒါနဲ့ ရွှေဉာဏ်တော်စူးရောက်စွာနဲ့(သတိ- ပြောင်းပြန်မဖတ်ရ) မုန်လာဥအဖြူကို ခြစ်ပြီးထည့်သုပ်တယ်။ ဒီတခါ မုန်လာဥအဖြူအပြင် မုန်လာဥနီတွေပါ ခြစ်ထည့်ပြီးသုပ်တာ မဆိုးဘူး။ ပိုပြီး ချိုတဲ့အရသာ ရတယ်။ သင်္ဘောသီးအစိမ်းအစားထိုးလေးပေါ့။

Read More...

Tuesday, October 28, 2008

ငတက်ပြား


(နှစ်)

"ဆရာမုန်းရေ့။ ဆရာ့ တတိယတန်းက ငတက်ပြားကလေးကို ကြပ်ကြပ် ဂရုစိုက်နော်။ လူသာငယ်ပေမယ့် သူခိုး အကြီးစားကလေးပဲ၊ ဘယ်လောက်ရိုက်ရိုက် ဖြုံတာမဟုတ်တော့ ခက်နေတယ်။ အဲ ဆရာပြုပြင်လို့မှ မရဘူး မထိန်းနိုင်ဘူးဆိုရင်တော့ ကျွန်မကိုသာပြော ကျောင်းထုတ်ပြစ်လိုက်တာပေါ့။ တနေ့ဉာဉ်ပြောင်းနိုးနဲ့ စောင့်နေခဲ့တာကြာပြီ"

ဆရာမကြီး ဒေါ်ဆင့်က လှိုင်ဝင်းနှင့်ပတ်သက်၍ သတိပေးလေသည်။ ကျောင်းခေါ်စာရင်း ထဲမှာသာ လှိုင်ဝင်း၊ အပြင်မှာမူ ဆရာမကြီးကအစ ကျောင်းသားအားလုံးက ငတက်ပြားဟု ခေါ်ကြသည်။ လှိုင်ဝင်းကလည်း ငတက်ပြားဟု ခေါ်သည်ကို ရှက်ရမှန်းမသိ လက်ခံလေသည်။

"ဆရာမုန်း လှိုင်ဝင်းကို မညှာနဲ့နော်။ မျိုးနဲ့ ရိုးနဲ့ လာတဲ့ သူခိုး အကြီးစားကလေးဗျ၊ တရွာလုံးက ငတက်ပြားလို့ ခေါ်ကြတယ်။ အဲတာ သူ့ဘိုးအေက သူခိုးဇာတ်ကနေ ပြောင်းပေးဖို့ ကျုပ်ကို အပ်ထားတာ၊ မကောင်းကျောင်းပို့ ဆိုတာမျိုးပေါ့။ အဲကျုပ်ကလဲ ဆရာမုန်းဆီ ထပ်အပ် ပါရစေ။ ခိုးတာနဲ့ ပတ်သက်လာရင် တော့ ဆော်သာဆော်ဗျ"

ဆရာတော် ဦးဥက္ကံသကလည်း ကျောင်းသားကို ဆရာမုန်းထံလွဲအပ်ယင်း ကြိုတင်သတိပေးတော်မူ၏။ သူတို့သတိပေးကြသည့်အတိုင်းပင် ဆရာမုန်းသည် လှိုင်ဝင်းကို စောင့်ကြည့်လာခဲ့သည်။ ရက်များမကြာမီပင် ဇာတိပြလာတော့၏။ သူရှေ့မှာ ထိုင်သူ မိသိန်း၏ ဆွဲကြိုးကို နောက်မှနေ၍ ခဲတံချွန်စက်ဓားကလေးဖြင့် ဖြတ်ခိုးခြင်းဖြစ်သည်။ ဆွဲကျိုးမရှိမှ မိသိန်းသိသည်။ ထိုအခါကျမှ ပစ္စည်းပျောက်ကြောင်းကို ဆရာမုန်းထံလာတိုင်သည်။ တတန်းလုံး ပိုက်စိတ်တိုက်၍ ရှာသော်လည်းမတွေ့ ပတ်ဝန်းကျင်မှာလည်း လုံးဝရှာမရ နောက်ဆုံးလက်ရှော့ရမည့် ဆဲဆဲတွင် သူငယ်တန်းမှ ကလေး တယောက်နှင့် ဒုတိယတန်း မိန်းကလေး တစ်ယောက်တို့က လှိုင်ဝင်းဆွဲကြိုးဖြတ်နေသည်ကို မြင်မိကြောင်း လာတိုင်ကြသည်။ ထိုအခါကျမှ လှိုင်ဝင်းကိုမဲ၍ စစ်ဆေးရတော့သည်။ လှိုင်ဝင်းသည် သူ့အင်္ကျီအောက်ခြေအနားပတ်ထဲမှ ဆွဲကြိုးကို ထုတ်ပေးလေသည်။

ဆရာမုန်းသည် ဒေါသဖြစ်ဖြစ်နှင့် ကြိမ်လုံးဖြင့် ငါးချက်တိတိ ရိုက်နှက် ဆုံးမမိလေသည်။ ဆယ်နှစ်သားလှိုင်ဝင်းသည် မငြီးမညူ မျက်ရည်မကျ မငို ရှောင်တိမ်းတွန့်လိမ်ခြင်းမရှိ ဣနြေ္ဒမပျက်၊ အံကြိတ်၍ အံနေသည်။

ဆရာမုန်း နားလည်လိုက်ပါပြီ။ လှိုင်ဝင်းသည် ရိုက်နှက်ဆုံးမခြင်း၊ ဆူပူကြိမ်းမောင်းခြင်း ခံရရုံဖြင့် သူ၏ဉာဉ်ဆိုးကို ဖျောက်လိမ့်မည်မဟုတ်ချေ။ ဆရာမကြီးက ကျောင်းထုတ်သင့်ပြီဟု ပြောလာ၏ ။

ဆရာမုန်းနှမြောသည်။ သူကို ကျောင်းထုတ်ပစ်လိုက်လျှင် ကျောင်းမှာက သူနှင့် ဆိုင်ရာ ပြဿနာ အေးသွားပေလိမ့်မသည်။ သို့သော် လှိုင်ဝင်း၏ ဘဝသည် ရေစုံမြောပေတော့မည်။ ရွာထဲ၌ လှိုင်ဝင်းကို မည်သူ ဆုံးမ ပြုပြင် ပါအံ့နည်း၊ ဆရာတော်လို၊ ဆရာမကြီးလို၊ မိမိလို၊ မည်သူမျှ ဂရုတစိုက် ဆုံးမလိမ့်မည် မဟုတ်ချေ။ ထိုအခါ လှိုင်ဝင်းမှာ ငတက်ပြားကြီးအစစ် ဖြစ်သွားတော့မည်မှာ ၉ဝ ရာခိုင်နှုန်းသေချာလေသည်။

ဆရာမုန်းသည် ရလိုရခြား အချိန်ယူ စမ်းသပ် ပြုပြင် ကြည့်လိုသေး၏။

"ကျနော် ကြိုးစားပြုပြင်ကြည့်ပါဦးမယ် မမဆင့်"

.................................................................
(ဒီနေရာမှာ စာရွက်တစ်ရွက် ပြဲနေပါတယ်။ ဒါကြောင့် ဖတ်ဖူးတာရယ်၊ ဖြစ်နိုင်ခြေရှိတာအရ စဉ်းစားကြည့်တာအရ_____ လှိုင်ဝင်းကို သူခိုးဘဝကနေ လွတ်အောင် ကြိုးစားဖို့အတွက် ဆရာမုန်းက လှိုင်ဝင်းရဲ့အုပ်ထိမ်းသူ သူ့အဘကို သွားတွေ့ပြောဆိုရာက အဘက သူလည်းအခု နောင်တရနေတဲ့ အကြောင်းနဲ့ သူခိုးဘဝက ကျွတ်ခဲ့ပုံကို နောက်ကြောင်းပြန် ပြောပြပါတယ်။ သူလည်း အရင်က အမြဲတမ်း ခိုးဆိုးနေခဲ့ပါတယ်။ တရက်မှာ မူးမူးနဲ့ အိမ်တအိမ်ကို ဝင်ခိုးပါတယ်။ အဲဒီအိမ်မှာ သတ်ရဲဖြတ်ရဲ ခပ်မိုက်မိုက်ဆိုးဆိုး သားယောက်ျားလေးတွေရှိပါတယ်။ လှိုင်ဝင်းအဘက ဝင်ခိုးရင်း အမူးလွန်ပြီးအိပ်ပျော်သွားပါတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အဘိုးကြီးနိုးလာပြီး လှိုင်ဝင်းအဘကို မြင်သွားပါတယ်။)


ဆရာမုန်းလည်း အဘ၏ စကားမှာ မျောပါနေမိတော့သည်။ လျှို့ဝှက်သဲဖို ဝတ္ထုတပုဒ်ကို ဖတ်ရသည်နှယ့်ပင်တည်း။

"အဘိုးကြီးက တိုးတိုးကလေးပြောတယ်။ ထ............ ထ........... ထ.......... တဲ့"

"ခင်ဗျာ"

"ငါ့သားတွေနိုးရင် မင်းသေတော့မှာပဲတဲ့။ မင်း အပြင်ကိုရောက်ဖိုသင့်နေပြီတဲ့။ ကျုပ်လဲ မထနိုင်တော့ဘူးဗျာလို့ ပြောတော့ အဘိုးကြီးကိုယ်တိုင်ပဲ တွဲထူပြီး ခြံစည်းရိုးအပြင်ကို ပို့ပေးခဲ့တယ်"

"ဟောဗျား"

ဆရာမုန်း အထူးအံ့အားသင့်မိလေသည်။ တခါတရံ၌ တကယ့်ဖြစ်ရပ်များသည် စိတ်ကူးယင် ဝတ္ထုဇာတ်လမ်းများထက် ပိုမို ဆန်းကြယ်တတ်သည်ဟု ဆိုကြသည်။
အိမ်ရှင်အဘိုးကြီး၏ သနားဂရုနာစိတ်သည် မယုံကြည်နိုင်စရာ ဖြစ်နေတော့၏။

"ကျုပ်လဲ အဲဒီအခါကျမှ နောင်တရတော့တယ်။ ဪ ငါကသာ သူတကာတွေ အကျိုးမဲ့ အောင် ဖန်တီးနေတယ်။ ခံရသူတွေထဲမှတောင် ငါ့အပေါ် သနားဂရုနာ ရှိကြပါသေးလားလို့ တွေးမိတယ်။ သူတို့သာ သတ်ရင် ငါသေပြီ။ သူခိုးဇာတ်သိမ်းသွားပြီ။ ခုငါဘဝသစ်ကို ပြန်စတော့ မယ်လို့ အကျွတ်တရား ရတော့ တာပဲ ဆရာရယ်။ ဒါပေမယ့် ကျုပ်နောင်တရတော့ ကျုပ်မြေးကောင်းကောင်းကြီး ခိုးတတ်နေပြီ။ တစ်ချိန်က ဆုံးမကွပ်ညှပ်ရမယ့် အစား အားပေးအားမြောက် ပြုခဲ့တာကိုး။ သူတပါးက သူခိုးလို့ ယိုးစွပ်လာချိန်မှာ ကျုပ်က ကာဆီးကာဆီးနဲ့ အကာအကွယ်ပေးခဲ့မိတာကိုး။ ပြင်မရတော့ ပါဘူး ဆရာရယ်။ အနာအကျင် ရိုက်နှက်ဆုံးမပြီးမှ မြေးကွယ်ရာမှာ မျက်ရည်ကျခဲ့ရတဲ့ အကြိမ်လဲ မနည်းပါဘူး။ ငါရိုက်တာက မြေးသံယောဇဉ်နဲ့ ညှာနေမိမလားလို့ တွေးမိတယ်။ နောက်ဆုံးတော့ အရိုက်ကြမ်းတဲ့ ဦးဇင်းဆီအပ်ပြီး စာပါသင်ခိုင်းရတော့တယ်။ ကျုပ်မြေးကလေးကို ဆုံးမပြုပြင်ပေးပါနော် ဆရာ။ ကြီးဝင် သူခိုးမဖြစ်စေချင်လို့ပါ ဆရာရယ်"

လှိုင်ဝင်းအား မည်သို့ဆုံးမ ပဲ့ပြင်ရမည်ကို သိသလိုလိုက ရှိလာသည်။ သို့သော် ဆရာမုန်း၏ အသိမှာ မရှင်းလင်းလှချေ။

"အဘမြေးက ရိုက်နှက် ဆုံးမလို့ မရလောက်ဘူးဗျ။"

"ဗျာ ဒါဖြင့် ဘယ်လိုဆုံးမရမလဲ"

"ကျနော် အဲတာကို စဉ်းစားနေတာပဲ အဘ။ လှိုင်ဝင်းကို အဘလဲ ရိုက်နှက်ဆုံးမခဲ့ပြီ။ ဦးဇင်းလဲ မညှာဘူး။ ကျွန်တော် လဲရိုက်ဖူးပြီ။ ဒီကောင်က သတ္တိမခေဘူးဗျ။ နွားကန်မနာ တဲ့ နွားလို ဖြစ်နေပြီ။ တခြား တနည်း တလမ်းတော့ ရှာမှဖြစ်မယ်။"

"အေးပါဗျာ။ ဘယ်လိုဆုံးမ ဆုံးမ ကျုပ်မြေးကလေး သူခိုးမဖြစ်ယင် ကျေနပ်ပါပြီ။ သူ့ဘဝကို ဆရာ့ဆီမှာပဲ ပုံအပ်ပါတယ်။"


XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။

Read More...

Monday, October 13, 2008

ငတက်ပြား


(တစ်)

နေ့လည် ကျောင်းတက်ချိန်တွင် ဖြစ်လေသည်။ ဆရာမုန်းသည် စတုတ္ထတန်း၌ သင်္ချာ သင်ကြားနေစဉ် တတိယတန်းကျောင်းသားများအား မြန်မာဖတ်စာကို ဖတ်နေစေသည်။ စတုတ္ထတန်းသင်္ချာချိန် ပြီးသောအခမြန်မာပြည်မြစ်များပြ မြေပုံကို ဆွဲခိုင်းခဲ့ကာ တတိယတန်းဘက်သို့ကူးခဲ့လေသည်။

အချိန်ကလည်း နေ့လည်ချိန်။ ထမင်းစားပြီးဗိုက်တင်းနေစဉ် ဖတ်စာကို မိနစ် ၂၀ခန့် ဆက်တိုက် ဖတ်လာခဲ့ကြရသဖြင့် အိပ်ချင်နေကြပေပြီ။ ငိုက်မျဉ်းနေကြပေပြီ။ ဆရာကို ကြောက်ရွံ့၍သာ မျက်လုံးကို အတင်းဖြဲကာ ဖတ်နေကြရရှာသည်။

သည်အတိုင်းဆက်လက်၍ ဖတ်စာ၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောပြ သင်ကြားလိုက်လျှင် သူတို့ စိတ်ဝင်စား ကြလိမ့်မည်မဟုတ်။ ခံယူနိုင်စွမ်းလည်း ရှိကြလိမ့်မည် မဟုတ်ချေ။ သူတို့ အိပ်ချင်ပြေသွားအောင်၊ ဖျက်လက်သွက်လက်ရွှင်မြူးသွားအောင် တနည်းနည်းဖြင့် ဆောင်ရွက်မှ သင့်ပေလိမ့်မည်။

"အားလုံး မတ်တပ်ရပ်"

ပျင်းရိဖင့်နွှဲစွာဖြင့် ထကြသည်။ တချို့မှာ မတ်တတ်ရပ်ခါမှ ပုဆိုး ထဘီကို ပြင်ဝတ်နေကြ၏။

"အားလုံးထိုင်"

ပြန်ထိုင်ကြသည်။ ကျောင်းသားအားလုံးက ငတတ်ပြားဟု ခေါ်ခြင်းခံရသူ လှိုင်ဝင်းတယောက်သာ ထိုင်သည်ဟုလည်းမဆိုနိုင်၊ ထသည်ဟုလည်း မပြောသာ။ ကုန်းကုန်းကွကွကြီး လုပ်နေတော့သည်။ ရှိစေတော့ ဆရာမုန်းမမြင်ဟန်ဆောင်လိုက်ရသည်။

"အားလုံးထ"
"ထိုင်"
"ထ"
"ထိုင်"

အမြန်ဆိုပေးလိုက်သည်တွင် သူတို့တတွေ သွေးနွေးလာဟန်ရှိသည်။ သွက်လက် ဖျက်လတ်လာကြသည်။

"ထ"
"ထ"

ဝါးကနဲဖြစ်သွားကြ၏။ ထိုင်၊ ထ၊ တလှည့်စီဆိုပေးရာမှ၊ 'ထ' ကိုနှစ်ခါပြန်ဆိုလိုက်သည်တွင် အားလုံးလိုလို အမှားမှား အယွင်းယွင်း ဖြစ်ကုန်ကြတော့သည်။ ထဟုဆိုပါလျက် ယောင်ထိုင်ကြလေသည်။ ထိုင်ပြီးမှ မှားမှန်းသိကာ ပြန်မတ်တတ်ရပ်ကြသည်။ ရယ်လိုက်ရသဖြင့် သူတို့ထံမှ အိပ်ချင်စိတ်များ ထွက်ပြေးသွားလေပြီ။

"ထိုင်"
"ထ"
"ထိုင်"
"ထ"

တဝက်လောက်က မှားယွင်း၍ ထိုင်နေရာမှ မတ်တတ်ထရပ်လေရာ တဟားဟားနှင့် ရယ်မောရွှင်ပြကြရသည်။ လှိုင်ဝင်း တယောက်သည်ကား ထိုင် ထ ခိုင်းသည့် တချိန်လုံး ထလည်းမထ၊ ထိုင်လည်းမထိုင်၊ ခါးကိုနွဲ့ကာ ကုန်းကွကွကြီး လုပ်နေပေသည်။ ဆရာကို မလေးစား သက်သက် အကြောင်ရိုက်နေသည်လော။

"မောင်လှိုင်ဝင်း ဆရာ့ဆီလာစမ်း"

လှိုင်ဝင်းသည် ဆရာမုန်း၏ စားပွဲရှေ့တွင် လက်ပိုက် မတ်တတ်ရပ်လာ၏။

"မင်းအပြစ်ကို မင်းသိရဲ့လား မောင်လှိုင်ဝင်း"
"သိပါတယ် ခင်ဗျ"
"ဘာအပြစ်လဲကွာ"
"ဆရာက ထိုင်ထခိုင်းတဲ့အခါ လိုက်မလုပ်တာ ကျွန်တော့် အပြစ်ပါ"
"အပြစ်မှန်းသိပါလျက်နဲ့ ဘာလို့ မောင်လှိုင်ဝင်းက လိုက်မလုပ်တာလဲ"
"မထိုင်နိုင်လို့ပါ ခင်ဗျ"
"ဟေ....ဘယ်လိုကွ"

"ကျွန်တော့်တင်ပါးမှာ ဦးဇင်း ရိုက်ထားလို့ ယောင်ကိုင်း ပေါက်ပြဲနေပါတယ်ဆရာ၊ ထိုင်၊ ထလုပ်လိုက်ရင် ပုဆိုးနဲ့ငြိထိပြီး ဆက်ဆက်ခါနာလွန်းလို့ လိုက်မလုပ်နိုင်တာ ခွင့်ပြုပါဆရာ"

လှိုင်ဝင်းမှာ သတ္တိကောင်းသလောက် သွက်လက်ချက်ချာကြောင်း ဆရာမုန်း အကဲခတ်လိုက်မိသည်။

"ဦးဇင်းက မောင်လှိုင်ဝင်းကို ဘာကြောင့် ဒီလောက်ရိုက်ရတာလဲ"

"ဆွမ်းသွတ် ပရိတ်နာကရတဲ့ ဆန်ထဲက ဆန်သုံးပြည်ကို ခိုးရောင်းမိလို့ပါ ခင်ဗျ"

"ဟိုက်"

ဆရာမုန်း မည့်သို့ ဆက်မေးရမည်မသိ ဖြစ်သွားမိသည်။ လှိုင်ဝင်းအဖြေက ရှင်းနေတော့၏။

"ဆရာ ခဏခဏ ပြောနေသားပဲ မောင်လှိုင်ဝင်းရယ်။ ကိုယ့်ပစ္စည်းပျောက်တာကို မကြိုက်သလို သူတကာလဲ သူ့ပစ္စည်းကို ဘယ်မှာ ဆုံးရှုံးခံချင်ပါ့မလဲ။ ကလေးဘဝမှာ ဆရာမိဘရဲ့ ရိုက်နှက်ဆုံးမခြင်းခံရမယ်။ သူခိုးကြီးဘဝမှာ ခိုးတုန်းမိယင် ထောင်ချခံရမယ်။ မင်းမကြောက်ဘူးလား"

"ကြောက်ပါတယ် ဆရာ"

"ကြောက်ယင် နောင် မခိုးနဲ့ပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

"ခု ဆန်သုံးပြည် ခိုးရောင်းတာက ဘာသုံးဖို့လဲ"

"ဆွမ်းခံသွားယင်း ကိုရင်နီခြံထဲက ရွှေဝါအုန်းသီးတလုံး တက်ဖြုတ်လာပြီး ခွဲစားတာ ပေါ်တာနဲ့ သုံးကျပ်လျော်ဖို့ပါ ဆရာ"

"ဟောဗျား"

လှိုင်ဝင်းအဖြစ်က ထူးထွေတည့်အံ့ရာသော် ဖြစ်နေလေပြီ။ ခိုးမှုသံသရာ လည်နေတော့၏။ ခိုးမှုကို ခိုးမှုဖြင့်ပင် ထပ်မံဖြေရှင်း လေသည်တကား။

"နောင် မခိုးနဲ့ နော်"

လှိုင်ဝင်း၏ ခိုးချင်စိတ်အား မည်သည့်နည်းနှင့် ဖျောက်ပစ်ရမည်ကို ရုတ်တရက် စဉ်းစားမရသဖြင့် အလွယ်ဆုံးဖြစ်သော ဩဝါဒ ပေးနည်းစနစ်ကို သုံးလိုက်ရ၏။ ထိရောက်မည်ကား မထင်ပေ။

"ခု မင်း မထိုင်နိုင်ဘူးပေါ့"

"ဟုတ်ပါတယ် ဆရာ"

"ပြစမ်း မင်းဒဏ်ရာကို"

နည်းနည်းနောနော ဒဏ်ရာမဟုတ်ပေ။ တင်ပါးမှ ပေါင်တိုင်အောင် ကြိမ်ရာ အရှိုးချင်း ထပ်နေတော့၏။ မြင်မကောင်းအောင် ယောင်ကိုင်းနေပေသည်။ အချို့နေရာများ၌ အရေပြားစုတ်၍ သွေးစို့နေသေးသည်။

ဤမျှ အရိုက်ခံထားရပါလျက် ရှုံခြင်း၊ မဲခြင်း၊ စုတ်သပ်ခြင်း မရှိ။ လှိုင်ဝင်းသည် ပကတိမျက်နှာနှင့် စာသင်ခန်းမှာ နေနိုင်ပေသည်။ ဆုံးမ၍ မနာတတ်ခြင်းကို စိတ်ပျက်ဖွယ်ကောင်းသော်လည်း ဤကဲ့သို့သော သတ္တိမျိုးကို အကျိုးပြုလုပ်ငန်းတို့၌ စနစ်တကျ အသုံးပြုနိုင်ပါလျှင် မည်မျှ ကောင်းလိုက်ပါမည်နည်းဟု ဆရာမုန်း စဉ်းစားမိသည်။

ဆရာမုန်းသည် လှိုင်ဝင်း၏ ဒဏ်ရာများကို ဆေးလိမ်းပေးကာ ယနေ့ အတွက်
အနားပေးထားလိုက်ရသည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။

Read More...

Thursday, October 9, 2008

မုန့်ဆီကြော်လေးများ


မုန့်ဆီကြော် ကြော်နည်းပြောဖို့ မဟုတ်ပါဘူး။ မရှိသေးတဲ့ မုန့်ဆီကြော်ကို နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားတွေးနေမိတာပါ။ မသုနှင်းဆီစီမှာ ဘေဘီဆိုတဲ့ ပို့စ်လေးဖတ်ပြီး အမပြောတာ ဟုတ်တယ်လို့ ကိုယ့်ဘာသာ ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေတာ။ ရည်းစားဘဝတုန်းကလဲ ဘယ်တော့ယူကြမှာလဲ မယူကြသေးဘူးလားနဲ့ ခနခန မေးခံရတယ်။ ဪ ဒွတ်ခ ဒွတ်ခ။ ကိုယ့်အကြောင်းနဲ့ ကိုယ်ကို။ ယူပြီးတော့ရော မေးခွန်းတွေ ရပ်မသွားပြန်ဘူး။ ကလေးမယူကြသေးဘူးလားတဲ့။ တစ်ယောက်မွေးပြီးရင်ကော နောက်ထပ်မမွေးဘူးလားလို့ ထပ်မေးကြမယ်ထင်ရဲ့။

ကလေးဆိုတာ အိမ်ထောင်ရဲ့ နှောင်ကြိုးလေးပါဘဲ။ ဒါပေမယ့် ကလေးရှိတိုင်း သာယာမယ်လို့တော့ တထစ်ချ မပြောနိုင်ပါဘူး။ ကလေးမရဘဲ သေတပန်သက်တဆုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းသွားကြတာ ရှိတာဘဲ။ ကလေးတွေအများကြီးရှိရက်နဲ့ ဖောက်ပြားသူတွေလဲရှိတာပါဘဲ။ အရင်က ကလေးယူ/မယူကို အဲလောက်ထိလဲ မတွေးမိခဲ့ပါဘူး။ မတွေးသေးတာဆို ပိုမှန်မယ်။ ဒီမှာ တရုတ်သူငယ်ချင်းတွေကလဲ အိမ်ထောင်သည်တွေ ကိုယ်နဲ့ အသက်မတိန်းမယိန်းတွေမို့ စိတ်ကူးရရင် သူတို့ကိုလဲ မေးကြည့်တယ်။ သူတို့ကတော့ ကလေးယူဖို့ ငယ်သေးတယ်တဲ့။ ဟုတ်မှာပေါ့လေ။ ဒီကအမြင်နဲ့ မြန်မာကအမြင်နဲ့က လုံးဝမှ မတူတာ။ မြန်မာမှာတော့ "သမီးကညာ အခါမလင့်စေနှင့်" တို့ "နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တဆိတ်ဟိုင်း" တို့စုံလို့ဘဲ။

ပြီးတော့ရှိသေးတယ်။ "အသက်အစိတ်မှ ပုခက်မချိတ်ရင် တသက်မနိပ်ဘူး" တဲ့။ ဒါဆို အသက်အစိတ်ကို နှစ်နှစ်ကျော်လာတဲ့ ကိုယ်တိုင်တော့ ပုခက်မချိတ်နိုင်သေးလို့ တသက်မနိပ်ရတော့မှာကျနေပြီ။ ကလေးဆိုတာကလဲ ကိုယ်နဲ့ ထိုက်ဦးမှ။ ဆေးခန်းမှာ လုပ်တုန်းက မြင်ဖူးတာဆိုရင် ပြည့်ပြည့်စုံစုံထားနိုင်တဲ့အိမ်ထောင်တွေမှာ ကလေးတော်တော်နဲ့ မရကြပြန်ဘူး။ ဆေးစစ်ရလိုက် ဆေးသောက်ရလိုက်နဲ့ စုံနေတာဘဲ။ ကျမတို့ groupထဲက အမကြီးလဲ အဲလိုဘဲ။ အသက် သုံးဆယ်ကျော်လာတဲ့အထိ ကလေးမရသေးတာမို့ စိတ်ပူပြီး ဆရာဝန် ပြနေရတယ်။ လင်မယားနှစ်ယောက်လုံး ဆေးစစ်တော့လဲ အားလုံးကောင်းတယ်၊ ဘာမှမဖြစ်ဘူးတဲ့။ ဒါပေမယ့် သူတို့ဘာကြောင့်မှန်းမသိ ကလေးမရကြဘူး။ ၂ခါ ၃ခါလောက်ပြပြီး အမကြီးလဲ စိတ်ညစ်ပြီး မပြချင်တော့ဘူး။ OGပြရတာကလဲ အရှက်ကုန်ဘဲကိုးလေ။

မတောင့်မတနေရမယ့် ဝမ်းထဲ မဝင်စားကြဘဲ ရေများရာ မိုးရွာနေတာလဲ အများကြီး။ မြို့စွန်မှာ ကျောင်းတက်လာတော့ ကျောင်းနားက ကျူးကျော်ရပ်ကွက်မှာဆို ကလေးတွေ ပလုံစီနေတာဘဲ။ နပ်မှန်အောင်လဲ စားကြရပုံ မပေါ်ပါဘူး။ ပညာရေးဆိုတာ ဝေးရော။ အမှိုက်ပုံတွေ တောင်းစားနေတာတွေ မြောင်းထဲတွေမှာ သူတို့လေးတွေကို မြင်ရရင် ဘာကိုစိတ်ဆိုးရမှန်းမသိ စိတ်ဆိုးတယ်။ အဓိကကတော့ သူတို့မိဘတွေကိုဘဲ။ သားသမီးဆိုတာ ရတနာဆိုပေမယ့်လည်း လူလူသူသူမထားနိုင်ဘဲ မွေးတာကို အပြစ်လို့သွားပြောရင် ကိုယ်ကဘဲ လွန်သွားမလား။ သားဆက်ခြားပညာပေး မကျယ်ပြန့်တာကိုဘဲ အပြစ်သွားပြောရမလား။ ဘယ်ကဘာကို ပြောရမှန်းတောင် မသိတော့ဘူး။ လူ့ဘဝကဝင်စားဖို့က နတ်ပြည်ကအပ်တစင်းနဲ့ လူ့ပြည်ကအပ်တစင်း ထိရဖို့ထက်ခက်တယ်ဆိုပေမယ့် သူတို့ကျ ထိ'ထိနိုင်လွန်းတယ်လို့ သူငယ်ချင်းက ပြောတယ်။ သူငယ်ချင်းအဖေကတော့ ပြောပါတယ်၊ အဲဒါကို ကြည့်ရင် လူတွေဘယ်လောက် ကုသိုလ်တရား နဲပါးလာလဲ သိရတယ်တဲ့။ ပြုဖူးတဲ့ ကုသိုလ် နည်းလာတော့ ကံကောင်းလို့ လူ့ဘဝရောက်လည်း မပြည့်မစုံနေရတဲ့နေရာကို ရောက်ရောတဲ့။ ဟုတ်မှာ။

ကိုယ့်ကလှည့်ကျရင် ဘယ်လိုလာမယ် မသိပါဘူး။ အရင်က ကလေးကိစ္စမတွေးမိပေမယ့် ဘလော့ဂင်းနေတော့ အားကျစရာလေးတွေ မြင်လာရတယ်။ ပထမဆုံး သတိထားမိတာ WeSheMeဘလော့ပါ။ အဲဒီမှာ ကလေးလေးတွေ ပုံအသစ်တင်တိုင်း သွားသွားချောင်းရတယ်။ နောက်တော့ တခြား ဘလော့တွေဆီမှာပါ ကလေးလေးတွေကို မြင်ပြီး သဘောတွေကျလို့။ ဟိုတလောက LittleMoonမှာ သားလေးပုံကို ကြည့်ပြီး အိမ်ကြီးရှင်ကတောင် သဘောတွေကျနေတယ်။ ကိုယ်နဲ့ မသိတဲ့ (မရင်းနှီးပေမယ့် အမြဲဖတ်နေတဲ့ ဘလော့တွေမှာ) ကလေးလေးတွေ မွေးလို့ ကလေးအကြောင်းတွေ ဓာတ်ပုံလေးတွေမြင်ရရင် ဘာကိုဝမ်းသာမှန်းမသိ ဝမ်းသာတယ်။ ဒီမနက် ကိုလူသစ်ရဲ့ ဘလော့မှာ သူ့သမီးလေးပုံတွေကြည့်ပြီး အသည်းယားလိုက်တာ။ ဘလော့ရေးစက လာအားပေးတဲ့ စင်ကာပူက အဘကလဲ ဟိုတလောက အဖေအဖြစ် ရာထူးတက်သွားပြီ။ (အသက်ကြီးလို့ အဘလို့ခေါ်တာမဟုတ်ပါဘူး၊ မမနွေလည်နဲ့ နှစ်ယောက်ပေါင်းပြီး နာမည်ဖျက်ထားတာ။ စိတ်မဆိုးဘူးဟုတ် ဘဘ"စင်")။ အဘရဲ့ ကလေးဓာတ်ပုံလေးကလဲ ဂျစ်ချာလေး၊ မိန့်မိန့်ကြီး ပြုံးပြီးအိပ်လို့။

ဪ မစားရ အညှော်ခံ။ ကိုယ်တိုင်မွေးပါလားဆိုတော့ အခြေအနေ မပေးသေးဘူးလို့ဘဲ ပြောရမှာဘဲ။ တိုင်းတပါးမှာ ကလေးမွေးရတာ လွယ်တာမှမဟုတ်တာ။ ကလေးမွေးတဲ့ကိစ္စက နဂိုကတည်းက လွယ်တာဟုတ်တဲ့အပြင် သူများတိုင်းပြည်မှာ မွေးရမှာ ကိုယ့်နိုင်ငံမှာ မွေးရတာလို အဆွေအမျိုး စောင့်ရှောက်မယ့်သူတွေကြား နေရမှာမှမဟုတ်တာလေ။ ပြီးတော့ သတ္တိမရှိသေးဘူးလို့လဲ ပြောရမယ်။ ကိုယ့်ကျန်းမာရေးက ချူနာပါနာရယ်။ ကိုယ်တိုင်ကတော့ စိတ်ပူတာပေါ့။ ကလေးလိုချင်ရင်ကော ရပါ့မလားပေါ့။ သူကတော့ ရရ/မရရ ကိစ္စမရှိဘူးတဲ့။ တညှိုးကြီးဘဲ။ ကျမကသာ အဓိကဆိုဘဲ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားတောင် မသိတော့ဘူး။ ကလေးရရင်လည်း သမီးလေးသာ လိုချင်သတဲ့။
ဒီလောက် တသမီးထဲ သမီးနေတာ ဒါမျိုးလေး သုံးယောက် တပြိုင်ထဲဆို ဘယ်လိုနေမလဲမသိဘူး။ ကျမက အရင်က သမီးဆိုတဲ့ feelingမရှိပေမယ့် သူက သမီး သမီး လို့ဘဲပြောနေတော့ သမီးလေးရရင် ကောင်းမှာ။ မမနွေလည်ကတော့ အားပေးတယ်၊ tonari no Totoro ရုပ်ရှင်ထဲက meiလို သမီးလေး မွေးပါတဲ့။ ကောင်းသားများဘဲ။ မနက်-မနက် နှိုးရခက်တဲ့ သူ့အဖေကို ကိုယ်ပေါ်တက်ပြီး "အိုကိရိုးးးးးး"ဆိုပြီး အာဗြဲကြီးနဲ့ နှိုးခိုင်းရမယ်။ meiလို သမီးလေး ရတဲ့အချိန်မှာ သူ့အဖေလဲ တိုတို့ရိုလို ကိုယ်ခန္ဓာ ဖြစ်နေလောက်ပြီ။ :D


ကလေးသာ မရှိသေးတယ်။ ကျမက ဒီကလူနေမှုစရိုက်ကိုကြည့်ပြီး ချိုသဲကို ဘယ်မှာထားရပါ့ ဖြစ်နေရတယ်။ ဘာသာတရားအယူမရှိတဲ့သူတွေကြားမှာ ဖြစ်ပါ့မလားတို့၊ ပြီးရင် ဒီကကျောင်းတွေမှာ ခေတ်စားတဲ့ 'အီဂျီမဲ့'လို ဝိုင်းအနိုင်ကျင့်တာမျိုးတို့ ဖြစ်လေမလားတို့ အထက်တန်းအရွယ်လောက်တွေရဲ့ ရည်းစားသနာကားတွေ လွှင့်လွှင့်နေတော့ ငယ်ငယ်ရွယ်ရွယ် အတုမြင် အတတ်သင်ပြီး ဒန့်ကျွဲပင် ပုခက်ဆင်လေမလားတို့ အစုံတွေးပြီး စိတ်ပူနေတာလေ။ အဲဒါတွေတွေးလေ ခေါင်းခဲလေဘဲ။ ကိုယ့်အပူနဲ့ ကိုယ်ဟာကို သူငယ်ချင်းတွေက တမှောင့်။ ဟိုတလောက အွန်လိုင်းဝင်မိပါတယ်၊ ပျောက်ချက်သားကောင်းနေတဲ့ သူငယ်ချင်းတွေက တယောက်ပြီးတယောက်ဝင်လာပြီး ဟဲ့ ကလေးမယူသေးဘူးလားလုပ်နေတယ်။ တနိုင်ငံစီဖြစ်နေလို့သာ တော်တော့တယ်။ မဟုတ်ရင် အားလုံး တိုက်ပြီးလာပြောနေသလားမှတ်ရတယ်။ တယောက်ပြီးတယောက် လှည့်ပတ်ဖြေရင်း ငါ့နှယ် ဒီနေ့ကျမှ ဘာဂြိုလ်ဝင်ပါလိမ့်လို့ ရီချင်လိုက်တာ။ သူတို့ကျ ခုထိမယူနိုင်ကြသေးဘဲနဲ့။ အစပိုင်းတော့ ကောင်းပြီးကောင်းရက် ပြောနေရာက နောက်တော့ ဂျစ်တစ်တစ်လုပ်ချင်တာနဲ့ လျှောက်ပြောတော့တာဘဲ။ ဖြည်းဖြည်းပေါ့တို့ မကြာမီလာမီ မျှော်တို့။ ဒါတောင်မှ ဆက်ပြောနေရင်တော့ အေးပါ၊ we try our bestလို့ပြောလိုက်တယ်။ အဲလိုကျ တိတ်သွားတော့တယ်။ အေးရော။

Read More...

Thursday, October 2, 2008

ဘာညာသာရကာ


ဘလော့ပေါ်ကနေ ပေါ်လိုက်ပျောက်လိုက် အီလေးဆွဲနေတာ ကြာပြီ။ ကိုယ့်ဘာသာ ဘာတွေရှုပ်နေမှန်းတောင် မသိဘူး။ သေချာတာက စိတ်နဲ့ လူနဲ့ နှစ်ခုထဲ ပတ်ရှုပ်နေတာဘဲ။ ရာသီဥတုကလည်း ရုတ်တရက် ပြောင်းသွားလိုက်တာ ပူရာကနေ ချက်ချင်းဆောင်းဝင်သွားပြီ။ အေးရတဲ့အထဲ မိုးပါရွာလိုက်သေးတယ်။ သင်တန်းသွားတော့ မိုးရေလေးထိတာနဲ့ လေးဘက်နာလေးက ခေါင်းထောင်လာတယ်။ ညဘက်ရောက်တော့ ခြေလက်တွေ တစစ်စစ်နဲ့။ အမ မှာထားတဲ့ ပစ္စည်းတွေ ပို့မယ်ဆိုပြီး စိတ်ကူးထားတာ နောက်ရက်လဲ မိုးတစွေစွေနဲ့ လူလဲ မထူနိုင် မထောင်နိုင်မို့ စာတိုက် မသွားဖြစ်တော့ဘူး။ မနေ့ကမှ တရက်တရက် အချိန်ဆွဲနေလို့မဖြစ်ပါဘူးဆို သွားရတယ်။ စာတိုက်က နီးနီးလေးပါ။ ငါးမိနစ် လမ်းလျှောက်တာနဲ့ ရောက်ရော။ ထူးထူးခြားခြား စာတိုက်အဝမှာ လုံခြုံရေး စောင့်နေတယ်။ ဝင်လာ ထွက်လာတဲ့သူတိုင်းကို ခေါင်းညွတ်ပြီး နှုတ်ဆက်လို့။ အရင်က မတွေ့မိပါဘူး။ အေးလေ နှစ်ခါလောက်ဘဲ လာဘူးတာ၊ ဘယ်တုန်းက ထားလိုက်မှန်းတော့မသိ။ ဧကန်တ လူရှိန်အောင်ဖြစ်မယ်။

စာတိုက်ပိစိပေမယ့် အတွင်းမှာ အလိုအလျှောက် ငွေထုတ်စက်ရှိတယ်တယ်။ စာတိုက်ကိုဝင်ရင် အပြင်တံခါး တချပ်ရှိတယ်။ jidou (auto) လို့ရေးထားပေမယ့် နှိပ်တဲ့ခလုတ်ရှိတယ်။ ခလုတ်နှိပ်မှ တခါးပွင့်တယ်။ တချို့စူပါတွေက လူလာရင် အလိုအလျှောက်ပွင့်ပေမယ့် စာတိုက်မို့ နှိပ်အောင်လုပ်ထားတာထင်တယ်။ အလွယ်တကူ ဝင်ထွက်တာ မဖြစ်အောင် ကာကွယ်ထားတာဖြစ်မယ်။ အဲဒီတခါးအတွင်းမှာ ငွေထုတ်စက်ရှိတယ်လေ။ ပြီးမှ နောက်jidou (auto)တခါးတချပ်ကိုဖွင့်ဝင်ရင် စာတိုက် ကောင်တာကို ရောက်တာ။ အပြင်တခါးကို ခလုတ်နှိပ်ဝင်ပြီး အတွင်းတခါးက ပွင့်နေလို့ တန်းဝင်လိုက်တယ်။ စာတိုက်ဝန်ထမ်းကလည်း အပြုံးနဲ့ "ကွန်နိချိဝ"တဲ့။ ဝင်လာတဲ့သူတိုင်းကို နှုတ်ဆက်တယ်။ ဪ ကွာပါ့ ကွာပါ့။ လက်ထဲက အထုပ်ကိုပြပြီး ပစ္စည်းပို့မယ်ပြောလိုက်တော့ နှစ်မျိုးရှိတာ ရှင်းပြနေတယ်။ အမှန်တော့ အားလုံး နားလည်တာဟုတ်ဘူး။ ရမ်းသမ်း မှန်းသမ်းပေါ့။ EMSနဲ့ ပို့မယ်ပြောပြီး အထုပ်လှမ်းတောင်းလို့ ပေးလိုက်တော့ ဒီအတိုင်းပို့မှာလားတဲ့။ အင်! ဒီအတိုင်းဘဲပို့ရမှာကို ဘာလို့မေးတာမှန်းမသိ။ ဒုံတာလေ။ "ဟိုက်"(ဟုတ်ကဲ့)လို့ပြောလိုက်တော့ လိပ်စာဖြည့်ဖို့ formပေးတယ်။ ညနေ လေးနာရီကျော်မှ သွားတာ formကုန်သွားပြီမပြောဘူး။ ကောင်းလိုက်တာ။ ကိုယ့်နိုင်ငံမှာ ပို့တုန်းက ကိုးနာရီ(အမှန်တော့ ကိုးနာရီခွဲလောက်မှ) စာတိုက်ဖွင့်တယ် ဆယ်နာရီ မထိုးခင် formဝယ်လို့ မရတော့ဘူး၊ ကုန်သွားပြီတဲ့။ လိုချင်ရင် အတွင်းဘက်ဝင်ပြီး လူကြီးသွားပြောတဲ့ တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့မျက်နှာနဲ့ ဝန်ထမ်းက ပြောတယ်။ အမှန်တော့ ကိုယ့်လုပ်စာ အများပြည်သူလုပ်စာ သူစားနေရရှာတာ ကိုယ့်ကိုယ်ကို မသိရှာဘူး။ ကျွတ် ကျွတ်!! အားလုံးက လူကြီးဝင်တွေ့ရမယ်ဆိုလို့ အဝနားမှာဘဲ ပြူတစ်ပြူတစ် မျက်နှာငယ်လေးတွေနဲ့။ စွာတဲ့ ကိုယ့်အမက ဘယ်လူကြီးလည်း ဝင်တွေ့မယ်ဆိုပြီး အတွင်းကို စွတ်ရွတ်ဝင်ပြီးသွားပြောတော့မှ ဟင်! ဟုတ်လားသမီးဆိုပြီး လူကြီးလိုက်ထွက်လာတော့ စာရေးမ အံဆွဲထဲက သားရေကွင်းနဲ့ အစည်းလိုက် ရာချီနေတဲ့ လျှောက်လွှာစာရွက်တွေ ထွက်လာတယ်။ တကယ်ကို အပ်ချလောင်းဘဲ။ ဒေးဗစ်ကော့ပါးဖီးတောင် ရှုံးသွားမယ်။

ဒီမှာတော့ formကလည်း ဂွတ်လေစွ။ အပေါ်က တခါရေးရင် အောက်နှစ်ရွက်အထိ အလိုလို ဖြည့်ပြီးသွားတယ်။ စာရွက်ကျောဘက်မှာ မှင်ခံအကွက် ပါပြီးသားတွေလေ။ တောသူမြို့တက်မို့ စာရွက်ဖြည့်ဘူးကာစ ပါးစပ်အဟောင်းသားဖြစ်ဖြစ်နေလို့ မနည်းပြန်စိနေရတယ်။ ကိုယ့်စီမှာတုန်းက မှင်ခံဆောင်သွားရတာကိုး။ မပါလို့ကတော့ ဖြည့်ပေတော့ စာရွက်တိုင်းကို ရေးပြီး။ ဖြည့်နေတုန်း ဝန်ထမ်းက ကိုယ့်အိတ်ကို သေသေချာချာ တိပ်ကပ်ပြီး ပိတ်ပေးနေတယ်။ တယ်ဟုတ်ပါလား၊ နှိုက်ထုတ်ပြီး တခုချင်းစီလဲ မဖွဘူး အဲလေ မစစ်ဘူးလို့၊ တော်ကြာ ဗုံးထည့်ပေးလိုက်ရင် ဘယ့်နှယ့်လုပ်ကြမလဲမသိလို့ ကိုယ့်ဘာသာ အကျင့်ရလာတဲ့ စာတိုက်က ထုံးစံကို တွေးလိုက်သေးတယ်။ ဟော! တိပ်ဖိုးလဲ မတောင်းဘူး။ ပိုက်ဆံအိတ်ထဲ လိုရမယ်ရ ဆောင်လာမိတဲ့ တိပ်အခွေနဲ့ ကပ်ကျေးလေးကိုတောင် အားနာသွားတယ်။ ဪ လုပ်ပြန်ပြီ၊ ကိုယ့်နိုင်ငံမဟုတ်ပါဘူးဆိုမှ။ ဖြည့်ပြီးသား formကို ပေးလိုက်တော့ ကိုယ့်အထုတ်ကို ချိန်ပေးတယ်။ အင်! အဲဒီအခါကျမှ သတိထားမိတယ်။ ကတ္ထူပုံးထဲလည်း ထည့်မချိန်ဘူးလို့။ အရင်က ပို့တုန်းက ထည့်ချိန်ပါတယ်၊ စည်းမျဉ်းများ ပြောင်းသလား (ကိုယ့်စီကလို သုံးလ တခါလောက်လေ) ဒါမှမဟုတ် ပြီးမှ ပုံးထဲထည့်ပေးမှာလားပေါ့။ အဲလိုတော့လဲ ဟုတ်သေးပါဘူး၊ ပုံးခ သပ်သပ်ပေးရတာ မှတ်မိနေတယ်။ အဲဒါနဲ့ ပုံးထဲထည့်မှာနော်လို့ ပြောလိုက်မှ ဪ ပုံးယူမှာလားတဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုံပါတယ် ပြောတာ။ သူအစက မေးသား။ ဒီအတိုင်းပို့မှာလား ဆိုတာ ပုံးထဲမထည့်ဘဲ ပို့မှာလားလို့ ပြောတာကိုး။ တိဝူးလေ၊ အစထဲကမှ ပုံးကို အတင်းထိုးမှ မရောင်းဘဲဟာကိုး။

ပုံးမပါလဲ ပို့လို့ရမှန်း ခုမှ သိတော့တယ်။ မဆိုးဘူး၊ နောက်ဆို အဲလိုပို့ရင် ခြောက်ရာဂရမ်လောက် အလေးချိန် လျော့နိုင်တယ်။ ပစ္စည်းပို့တိုင်း ပုံးထဲထည့်ရမယ် မှတ်တာ။ ဝန်ထမ်းကတောင် ပြန်မေးနေသေးတယ်။ သူကတောင် မလိုရင် မထည့်စေချင်ဘူးထင်တယ်။ ကွဲစရာ ပါလို့လားတဲ့။ ပါ'ပါဘူး။ သူများပစ္စည်းဆိုတော့ သပ်သပ်ရပ်ရပ်ပေါ့။ တော်ကြာ တခြားဟာတွေပိပြီး ပုံပျက်ပန်းပျက်ဖြစ်ရင် မျက်နှာမရ ခြေထောက်ရ ဖြစ်နေတော့မှာလေ။ ပုံးထည့်ချိန်လိုက်တော့ ကီလိုတက်သွားတာမို့ ထွက်လာပြီးသား ဘောက်ချာကို ပြန်တွက်ရတယ်။ ဘောက်ချာ ပြန်ပြင်ရလို့ မျက်နှာ ရှစ်ခေါက်လည်း မချိုးသွားဘူး။ စိတ်ထားကောင်းလိုက်တာ။ မမကြီး နောင်ဘဝလဲ လှဦးမှာ သိလား။ ဘောက်ချာ အသစ်တွေနဲ့ မှင်ခံရေးထားတဲ့ သက်သေခံဖြတ်ပိုင်းတွေ သေချာကိုယ့်လက်ထဲ ရိုရိုသေသေပေးတော့ ကိုယ်လည်း ရိုရိုသေသေ ပြန်ယူပေါ့။ ခေါင်းထဲမှာတော့ အမကို စာရင်းပြန်ပြောရမှာမို့ ဘာကဘယ်လောက်ကျတယ် စဉ်းစားရင်း ပိုက်ဆံအိတ်နဲ့ စာရွက်တွေကို စလင်းဘတ်ထဲ ငုံ့ပြီးထိုးထည့်ရင်း အတွင်းတခါးဝရှေ့ ရောက်သွားတယ်။ ထုံးစံအတိုင်း jidou (auto)တခါးကို တချက် နှိပ်လိုက်တယ်။ ထိုးထည့်လို့ မပြီးသေးလို့ ခေါင်းမော့မကြည့်နိုင်သေးဘူး။ တခါးက မပွင့်တော့ နောက်တခါ ထပ်နှိပ်တယ်။ ဒါလဲ မပွင့်ဘူး။ ဘယ့်နှယ့်ဖြစ်ပါလိမ့်လို့ မော့ကြည့်လိုက်မှ အဲ!! အတွင်းတခါးက အစထဲက ဖွင့်ထားပြီးသားကို။ ကိုယ့်ဘာသာ အလယ်တည့်တည့်မှာ ရပ်ပြီး မှန်တခါး အသေဘက်ကို ပွင့်လာနိုး စောင့်နေတာ။ အီယား! မီးမီးရှက်ရှက်၊ တောက်တလွဲ လုပ်ပြီ။ အနောက်က ဝန်ထန်းတွေ ရီနေမလားဘဲ။ လှည့်လဲ ကြည့်ရဲဘူး။ မျက်နှာပူပြီး ကမန်းကတန်း ထွက်လိုက်တော့ ငွေထုတ်စက်ရှေ့မှာ တန်းစီနေတဲ့ ဖွားဖွားနဲ့ မျက်နှာချင်း သွားဆိုင်မိတယ်။ ကိုယ့်အဖြစ် သူသိလား မသိလား မသေချာပေမယ့် ကိုယ့်ဘာသာ အိုးမလုံ ဥုံပွင့်မို့ ဘာမဆိုင်ညာမဆိုင် သူ့ကို ဘလုံးဘထွေး ရဲကျဲကျဲ နှုတ်ဆက်လိုက်တော့ သူက ပြန်နှုတ်ဆက်တယ်။ အပြင်တခါးဝက လုံခြုံရေးက "အာရိဂတိုး"ဆိုပြီး ခါးညွှတ်နေလို့ ပြန်ခေါင်းညွှတ်ခဲ့ရင်း ခပ်သုတ်သုတ် မပြေးရုံတမယ် လျှောက်လာမိတယ်။ စိတ်ထဲကတော့ ကိုယ့်အဖြစ်ကို သူမြင်လေသလားပေါ့။

ရီရမလို ငိုရမလို မျက်နှာကို မျက်နှာပိုးသတ်ရင်း အပြင်ထွက်တုန်း ဈေးပါဝယ်ဖို့ စိတ်ကူးလိုက်တယ်။ သွားနေကျ စူပါက စာတိုက်မျက်နှာချင်းဆိုင်လမ်းကို ကူးပြီး ၂လမ်းမြောက်ကို ချိုးလိုက်ရင် ရောက်ပြီ။ ရှေ့မီးပွိုင့်က ကူးရင် စူပါရှိတဲ့ လမ်းနဲ့ တည့်တည့်ပေမယ့် စာတိုက်နားက မီးပွိုင့်ကကူးမယ်လို့ စိတ်ကူးပြီး မီးစိမ်းတာ ရပ်စောင့်နေလိုက်တယ်။ ဒီဘက်ရောက်တော့ ယဉ်အသွားအလာ အတော်ကျဲတယ်။ လမ်းအဆုံး ခွလို ဖြစ်နေလို့ထင်တယ်။ မီးပွိုင့်ကလည်း ကြာလိုက်တာ။ လမ်းလျှောက်ရင် ဟိုးရှေ့ မီးပွိုင့်နားတောင် ရောက်လုပြီ။ ကားမလာဘဲ မီးစိမ်းတာ ရပ်စောင့်နေရတာ ဟုတ်သေးပါဘူး။ ဟော ကိုယ့်ရှေ့က စက်ဘီးသမားကတော့ မီးအနီကို ဖြတ်ကူးချသွားတယ်။ ကိုယ်ကတော့ စည်းကမ်းလိုက်နာ ဘေးကင်းကွာလုပ်ပြီး ရပ်စောင့်နေတာ။ အမှန်တော့ စာတိုက်လုံခြုံရေး လှမ်းကြည့်ရင် မြင်ရတာမို့ပါ။ စောင့်နေတာ အတော်ကြာပြီ၊ မီးကမစိမ်းနိုင်လို့ ဘေးဘီကြည့်လိုက်မှ တွေ့ပြီ!! ဟိုမှာ ခလုတ်။ လမ်းကူးချင်ရင် နှိပ်ပြီး ၅စက္ကန့်စောင့်မှ မီးစိမ်းသွားတာ။ ဪ ငါ့နှယ် ဖြစ်ရပြန်ပြီ နောက်တမျိုး။ ရှက်လိုက်တာဟဲ့။ တခုပြီး တခု။ သူများမြင်ရင်တော့ မီးပွိုင့်မှာ လက်ကလေးပိုက်ပြီး စိတ်ကူးတွေ ယဉ်နေတယ်မှတ်မလား အူကြောင်ကြားထင်မလားဘဲ။ သေချာပါတယ် အူကြောင်ကြားလို့ ထင်မှာ။ စိတ်ထဲကတော့ ကိုယ့်ဘာသာ အားပေးလိုက်တယ် "တို့က တောသူမို့ ဒါမျိုးသိဘူး"လို့

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP